နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် စက်တင်ဘာလတွင် ဥရောပ နိုင်ငံတနိုင်ငံ ဖြစ်သည့် ချက် သမ္မတ နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
ချက်သမ္မတနိုင်ငံ ပရက်ဂ်မြို့တွင် စက်တင်ဘာ ၁၅ ရက်နေ့မှ ၁၇ ရက်အထိ ကျင်းပမည့် Forum 2000 အစည်းအဝေးသို့ တက်ရောက်ရန် ပထမဆုံး အကြိမ် သွားရောက်မည် ဖြစ်ကြောင်း ပရက်ဂ် ပို့စ် သတင်းက ဖော်ပြသည်။
ဒေါ်အောင်ဆန်းစုကြည် အပြင် အခြား နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင်များဖြစ်ကြသည့် တိဗက် ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် တောင်အာဖရိက သမ္မတဟောင်း မစ္စတာ ဒီကလပ်တို့နှင့်လည်း အဆိုပါ အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း Forum 2000 ဖောင်ဒေးရှင်း အကြီးအကဲ Jakub Klepal က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို နှစ်စဉ် အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားလေ့ရှိခဲ့ကြောင်း၊ သို့သော် နေအိမ် အကျယ်ချုပ် ကာလများဖြစ်နေသည့် အတွက် တက်ရောက်ရန် အဆင်မပြေခဲ့ကြောင်း ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် Jakub Klepal က ပြောဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်အား Forum 2000 တက်ရောက်ရန် ဖိတ်ကြားမှု မပျက်မကွက် လုပ်ဆောင်ခဲ့ခြင်းမှာ ချက် သမ္မတ နိုင်ငံက မြန်မာ့ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုများကို ထောက်ခံကြောင်း ပြသနေခြင်းဖြစ်သည်ဟုလည်း သူက သတင်းထောက်များကို ဆက်ပြောသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းအား တယ်လီဖုန်းဖြင့် မေးမြန်း ရာ ၎င်းတို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ချက် သမ္မတ နိုင်ငံသို့ သွားမည်ဆိုသည်ကို ပြောဆိုထားခြင်း မရှိ သေး၍ မသိ ရှိရ သေးကြောင်း ဧရာဝတီ ကို ပြောသည်။
Forum 2000 ဖောင်ဒေးရှင်းကို ချက်သမ္မတနိုင်ငံ သမ္မတဟောင်း မစ္စတာ ဗားကလပ် ဟာဗဲလ်က ဂျပန် ဓာတ်ပုံသမား Yohei Sasakawa၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ Elie Wiesel တို့နှင့် အတူ ၁၉၉၆ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး နှစ်စဉ် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး ကိစ္စများအတွက် ဖိုရမ် အစည်း အဝေးကို ကျင်းပလေ့ရှိသည်။
မစ္စတာ ဗားကလပ် ဟာဗဲလ်သည် ဒေါ်အောင်ဆန်းစုကြည်အား ၁၉၉၁ ခုနှစ် က နိုဗဲလ်ငြိမ်းချမ်းရေး ဆုအတွက် အမည် စာရင်း တင်သွင်းခဲ့သူလည်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေး လှုပ်ရှားမှုများကို အစဉ် တစိုက် ထောက်ခံအားပေးခဲ့သူလည်း ဖြစ်သည်။
Forum 2000 ၏ နာယက တဦးလည်းဖြစ်သူ မစ္စတာ ဟာဗဲလ်က ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၀ ပြည့် မွေးနေ့ အမှတ်တရ “မလွတ်လပ်တဲ့ နှင်းဆီ”(A Rose for the Unfree) အမည်ရှိ ဆောင်းပါးကို ဝါရှင်တန်ပို့စ် သတင်းစာတွင် ရေး သား ခဲ့ဖူးသည်။
အဆိုပါ ဆောင်းပါး နိဂုံးချုပ်၌ ဟာဗဲလ်က သူ့မှာ အတွေးတခု ရှိခဲ့ကြောင်း၊ ထိုအတွေးမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့် အချိန် သူကိုယ်တိုင် နှင်းဆီပန်း တပွင့် ပေးချင်ကြောင်း ရေးသား ထားခဲ့သည်။
ချက် သမ္မတ နိုင်ငံ ၏ ကတ္တီပါ တော်လှန်ရေး ခေါင်းဆောင်လည်း ဖြစ်သည့် မစ္စတာ ဟာဗဲလ်သည် အသက် ၇၅ နှစ် အရွယ် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ က ကွယ်လွန်သွားခဲ့သည်။
၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ချက်နိုင်ငံ ဒု ဝန်ကြီးချုပ်လည်း ဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်သူ မစ္စတာ Karel Schwarzenberg က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မစ္စတာ ဟာဗဲလ် ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်ကို နှင်းဆီပန်း တပွင့် လက်ဆောင်ပေးခဲ့သည်။
အဆိုပါ နှင်းဆီပန်းသည် မစ္စတာ ဟာဗဲလ် ကွယ်လွန်ချိန်က မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ ဂုဏ်ပြုခဲ့သည့် ပန်းခြင်းမှ နှင်းဆီပန်း တပွင့်ကို ချက် အနုပညာရှင်တဦးက မပျက်စီးစေရန် ထိန်းသိမ်းထားသည့် နှင်းဆီပန်းခြောက် ဖြစ်သည်။