ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့ က လူ ၁၀ ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးထား သည့် သံသယရှိသူ မြို့ခံ ၆ ဦး ကို ရုံးတင် စစ်ဆေးပြီ ဖြစ်ကြောင်း သိရသည်။
ထိုတောင်ကုတ်မြို့ခံများကို သြဂုတ်လ ၁၃ ရက်နေ့က သံတွဲခရိုင် တရားရုံး၌ ပထမ အကြိမ်အဖြစ် ရုံးထုတ်ခဲ့ပြီး သြဂုတ်လ ၂၆ ရက်နေ့တွင် ဒုတိယ အကြိမ် ထပ်မံ ရုံးထုတ်မည်ဟု တရားရုံးနှင့်နီးစပ်သူ တဦးက ဧရာဝတီ ကို ပြောသည်။
“၁၃ ရက်နေ့မှာ ရုတ်တရက် ရုံးထုတ်လိုက်တော့ မိသားစုဝင်တွေ ဘာတွေနဲ့ မတွေ့လိုက်ရဘူး၊ ၂၆ ရက်နေ့မှာ ထပ်ထုတ်ရင် တော့ မိသားစုတွေနဲ့တွေ့ခွင့် ရရင်ရနိုင်တယ်”ဟု ၎င်းက ဆိုသည်။
ယခုစစ်ဆေးနေသည့် တောင်ကုတ်မြို့ခံများအား ပုဒ်မ ၃၀၂ လူသတ်မှု၊ ပုဒ်မ ၃၄ လူသတ်ရန် လူစုလူဝေးဖြင့် ကြိုတင်ကြံ စည်မှုတို့ဖြင့် ဖမ်းဆီး တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းတို့ကို ဖမ်းဆီးစဉ်က ပုဒ်မ ၁၄၁ လူသတ်ရန် အားပေးကူညီမှုဖြင့် တရားစွဲ ခဲ့သော်လည်း ယခုအခါ ထိုပုဒ်မကို ဖြုတ်၍ ပုဒ်မ ၃၄ သို့ ပြောင်းလိုက်သည်ဟု သိရကြောင်း သံတွဲခရိုင် သတင်းမှန် ဖော်ထုတ်ရေး အဖွဲ့ဝင် တဦးကလည်း ဧရာဝတီကို ပြောပြသည်။
ဖမ်းဆီးခံရသူများမှာ ဦးလေးမောင်(ခ) ထွန်းနိုင်၊ ဦးဝင်းနိုင်၊ ဦးသိန်းရွှေမောင်၊ ဦးစန်းကျော်၊ ဦးမင်းသိုက်ထွန်း(ခ) ပေါက်စီ၊ ဦးထွန်းဝင်း တို့ဖြစ်ပြီး ဇူလိုင်လ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် တောင်ကုတ်မြို့ ဂူတာ ရပ်ကွက်နှင့် မီးစက်ကွက်သစ် ရပ်ကွက်များမှ ဖြစ်ကြောင်း တောင်ကုတ် မြို့ခံများက ပြောဆိုသည်။
ရုံးထုတ်သည့်နေ့တွင် သံတွဲမြို့၌ လုံခြံရေးများ တိုးမြှင့်ချထားကြောင်း သံတွဲမြို့ခံ ကိုကျော်လင်း က ဧရာဝတီ ကို ပြောသည်။
တောင်ကုတ် လူသတ်မှုသည် ပြီးခဲ့သည့်နှစ် မေလ ၂၈ ရက်နေ့တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသခံ မသီတာထွေး အဓမ္မကျင့်၊ ပစ္စည်းလု၊ သတ်ဖြတ်ခံရပြီးနောက် နောက်ဆက်တွဲ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထိုမှတဆင့် ဇွန်လ ၈ ရက်နေ့တွင် မောင်တော မြို့၌ အကြမ်းဖက်မှု ပေါ်ပေါက်ခဲ့သည်။ ထိုနေ့မှ စ၍ ရခိုင်ပြည်နယ် တဝန်း အကြမ်းဖက်မှုများ ဆက်တိုက် ဖြစ် ပေါ်ခဲ့သည်။
တောင်ကုတ်မြို့၌ လူ ၁၀ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးဖော်ထုတ်ရန် ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော စုံစမ်း စစ်ဆေးရေး အဖွဲ့တခုကို ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက နိုင်ငံတော် သမ္မတ က ဖွဲ့စည်းပေးခဲ့ သည်။
ထိုအဖွဲ့၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒု ရဲ ချုပ်၊ ရခိုင်ပြည်နယ် ဥပဒေ အရာရှိ၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ် အထူးစုံစမ်း စစ်ဆေး ရေးအဖွဲ့ အကြီးအကဲ စသည့် ဌာနဆိုင်ရာ အကြီးအကဲ ၁၆ ဦး တို့ပါဝင်သည်။
ယင်းတောင်ကုတ် လူသတ်မှုနှင့် ပတ်သက်ပြီး ဒေသခံ ၅၀ ကျော်အား ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲနှင့် မြို့နယ် အာ ဏာ ပိုင်များက စစ်ဆေး ခံခဲ့သော်လည်း ယနေ့တိုင် တိတိကျကျ ဖော်ထုတ်နိုင်မှု မရှိသေး၍ လူအများ၏ ဝေဖန်မှုလည်း ခံနေရပြီး ယခု ဖမ်းဆီး တရားစွဲ ခံထားရသူ ၆ ဦးသည် ပထမ ဆုံး ဖမ်းခံရသူများလည်း ဖြစ်သည်။