ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဝပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်း၌ ဆရာတော် ဘဒ္ဒန္တ ကောဏ္ဍည ကို ယနေ့ နံနက်ပိုင်းက မြန်မာ ကျောင်းထိုင် ဆရာတော်အဖြစ် တင်မြှောက်ပွဲ ကျင်းပသည်။
ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်း၏ မြန်မာကျောင်းထိုင်အဖြစ် ခန့်အပ်တင်မြှောက် ပူဇော်ပွဲသို့ ဗန်းမော် ဆရာတော် ဘုရားကြီး၊ ဒုတိယ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဓမ္မပီယ၊ ပီနန် ဆရာတော်ကြီး စသည့် သာသနာ့ ဥသျှောင် သံဃာတော်များ၊ ထိုင်း သံဃာတော်ကြီးများ၊ မြန်မာနိုင်ငံမှ သာသနာရေး ဒု ဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ဝင်းနှင့် သံရုံး တာဝန်ရှိသူများ၊ ဒကာ၊ ဒကာမများ တက်ရောက်ကြကြောင်း ဒကာ တဦးဖြစ် သူ ဦးစိုးဝင်းက ဧရာဝတီကို ပြောသည်။
“အခုတော့ ကိုယ့်ကျောင်းမှာ ကိုယ့် မြန်မာ ဆရာတော်နဲ့ ဆိုတော့ ဝမ်းမြောက် ဝမ်းသာဖြစ်ရပါတယ်”ဟု သူက ဆိုသည်။
ချင်းမိုင်ရှိ မြန်မာများအနေဖြင့် မြန်မာမှု၊ မြန်မာ့ယဉ်ကျေးမှုတို့နှင့် အညီ မြန်မာ ဆရာတော်၏ ဆုံးမ သြဝါဒများ ခံယူလျက် သာသနာ စည်ပင်ထွန်းကားရေး ဆက်လက် လုပ်ဆောင်သွားကြရန် အားလုံးက စိတ်အား ထက်သန်နေကြကြောင်းလည်း ဦးစိုးဝင်း က ဆက်ပြောသည်။
မကွေးတိုင်း ပခုက္ကူ ဇာတိဖြစ်ပြီး သက်တော် ၆၇ နှစ်၊ ဝါတော် ၄၇ ဝါရှိ ဆရာတော် ဘဒ္ဒန္တ ကောဏ္ဍည သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အဘိဓမ္မာ ပိဋကတ်တော်များ ပို့ချပေးနေသည့် စာချဆရာတော် ဖြစ်သည်။ ဓမ္မာစရိယ၊ ဒီဃဘာဏက၊ မဟာ ဂန္တဝါစက ပဏ္ဍိတ၊ အဂ္ဂ မဟာ သဒ္ဒမ္မ ဇောတိက ဓဇ ဘွဲ့များလည်း ရရှိထားသူ ဖြစ်သည်။
ဆရာတော် ဘဒ္ဒန္တ ကောဏ္ဍည သည် ယနေ့မှစတင်၍ ချင်းမိုင်မြို့ ဝပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်း၏ ပဓာန နာယက ကျောင်းထိုင်အဖြစ် တရားဝင် တာဝန်ယူလိုက်ခြင်း ဖြစ်သည်။
ဝပ်ဆိုင်းမွန်း ဘုန်းတော်ကြီးကျောင်း၌ နှစ်ပေါင်း ၆၅ နှစ်ကျော်ကြာ ကျောင်းထိုင်သွားခဲ့သည့် မြန်မာ ဘုန်းတော်ကြီး ဦးအာသဘ ၂၀၁၁ ခုနှစ်က ပျံလွန်တော်မူသွားပြီးနောက် ကျောင်းထိုင် ဆရာတော် လစ်လပ်နေခဲ့သည်။ ထိုင်းနိုင်ငံ သာသနာရေး ဥပဒေ တွင် ကျောင်းထိုင်အဖြစ် ထိုင်း သံဃာသာ ဆက်ခံပိုင်ခွင့် ရှိသဖြင့် မြန်မာ သံဃာတော် ဆက်လက် ကျောင်းထိုင်ဖြစ်ရေး လိုလားသည့် ချင်းမိုင်ရောက် မြန်မာများ အတွက် အခက်အခဲများ ကြုံခဲ့ကြရသည်။
ဘုန်းတော်ကြီး ဦးအာသဘ ပျံလွန်တော်မူသွားပြီးနောက် ထိုင်းသာသနာရေး ဦးစီးဌာနမှ ထိုင်း သံဃာတပါး ကျောင်းထိုင် အဖြစ် တာဝန်ယူရန် ၂၀၁၁ ခုနှစ် နှောင်းပိုင်းက စီစဉ်ခဲ့သေးသည်။
ထို့ကြောင့် ထိုင်းနှင့် မြန်မာ ဒကာ၊ ဒကာမများအကြား ပဋိပက္ခများဖြစ်ခဲ့ပြီး ဝပ်ဆိုင်းမွန်း ဘုန်းတော်ကြီးကျောင်း၌ မြန်မာ ရဟန်းတော်သာ ကျောင်းထိုင်အဖြစ် ဆက်လက်တာယူနိုင်ရေး ချင်းမိုင်ရောက် မြန်မာများ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။
ထိုသို့ ဆန္ဒပြမှုများဖြစ်ပေါ်ပြီးနောက် ထိုင်း-မြန်မာ ၂ နိုင်ငံ သံဃာတော်များနှင့် အာဏာပိုင်များ ညှိနှိုင်းခဲ့ပြီး ဝပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းအား မြန်မာ ဘုန်းတော်ကြီး ဆက်လက် ကျောင်းထိုင်အဖြစ် ထားရှိခွင့်ရန် ထိုင်းအစိုးရဘက်က ယမန်နှစ် ဇူလိုင်လက သဘောတူ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဝပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ဆရာတော် ဘဒ္ဒန္တ ကောဏ္ဍည အပါအဝင် သံဃာ ၉ ပါး သီတင်း သုံး နေထိုင်ပြီ ဖြစ်သည်။
ထိုင်းနိုင်ငံတွင် မြန်မာ ဘုန်းတော်ကြီးကျောင်းများ အနည်းဆုံး ၁ ဒါဇင်မက ရှိခဲ့သော်လည်း ထိုင်း သာသာနာရေး ဥပဒေ အရ ထိုင်းသံဃာတော်များက ကျောင်းထိုင်အဖြစ် ဆက်ခံခဲ့ကြပြီး ယခု ချင်းမိုင်မြို့ရှိ ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီး ကျောင်း တကျောင်းသာလျှင် ထိုင်းအစိုးရက မြန်မာဘုန်းတော်ကြီးအား ကျောင်းထိုင်အဖြစ် ဆက်ခံခွင့် ပြုခဲ့ခြင်းဖြစ်သည်။
ချင်းမိုင် ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်း၌ မြန်မာဘုန်းတော်ကြီး ကျောင်းထိုင်ခန့်အပ်ပူဇော်ပွဲ အကြိုနေ့ သြ ဂုတ် လ ၁၉ ရက်နေ့ ညပိုင်းကလည်း မြန်မာနိုင်ငံမှ လာရောက်သည့် ရွှေမန်း သဘင်မှ နိုင်ငံကျော် မင်းသားများ ဖြစ်ကြသော ကျော်ကျော်ဗိုလ် နှင့် တင်မောင်ဆန်းမင်းဝင်းတို့ အဆိုအကများဖြင့် ဖျော်ဖြေခဲ့သည်။
ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်း၌ ဆရာတော် အရှင် ဝရဓမ္မသည် ပထမဆုံး ကျောင်းထိုင်ဖြစ်ပြီး ဆက်လက် ၍ အရှင် ဂန္ဓမာလာ၊ အရှင် ဘောဂ ဓမ္မ၊ အရှင် ဇိန၊ အရှင် သာဒရ၊ အရှင် တဇောသိရီ၊ အရှင် အာစိဏ္ဏ၊ အရှင် ပညာသာရ၊ အရှင် ဝဇီရိန္ဒနှင့် ယမန်နှစ် က ပျံလွန်တော်မူခဲ့သော အရှင် အာသဘ အပါအဝင် မြန်မာ ကျောင်းထိုင် ဆရာတော် ၁၀ ဆက် သီတင်း သုံးခဲ့ကြကြောင်း ကျောင်းမှတ်တမ်း၌ ဖော်ပြထားသည်။