သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်း စတင် အကောင်အထည် ဖော်ရန် အချိန် နီးကပ်လာပြီ ဖြစ်သော်လည်း မြေယာ လျော်ကြေး ကိစ္စနှင့် ပက်သက်၍ ဒေသခံများအပေါ် မည်သို့ လုပ်ဆောင်ပေးမည် ဆိုသည်ကို တိတိကျကျ မသိရသေးသဖြင့် ဒေသခံများ မကျေမနပ်ဖြစ်နေကြကြောင်း သိရသည်။
ယင်းစီမံကိန်းမြေနေရာများ ကိစ္စ ဆွေးနွေးညှိနှိုင်းသည့် ကာလမှာ ၈ လ ကျော်ကာလသို့ ရောက်ရှိလာပြီ ဖြစ်သော်လည်း ပွင့်လင်း မြင်သာမှု အားနည်းနေကြောင်း ဒေသခံ လယ်သမား ကိုယ်စားလှယ် ဦးမြလှိုင်က ဧရာဝတီသို့ ပြောသည်။
“အခုချိန်ထိ ညှိသာညှိနေကြတယ်။ ဘာ အဖြေမှ မထွက်သေးဘူး။ ကျနော်တို့ ဒေသခံတွေ အနေနဲ့ကတော့ ပြောင်းဖို့၊ ရွှေ့ဖို့ ဘာမှလည်း မစီစဉ်ရသေးဘူး။ ကျနော်တို့ကို ပြောင်းစေချင်သူတွေက စီစဉ်မှပဲ ကျနော်တို့က စဉ်းစားရမယ့် ကိစ္စ။ နောက်လ ဆိုရင် စီမံကိန်းစမယ့်လ ဆိုတော့ အမှန်က အခုအချိန်မှာ စီမံကိန်းအတွက် စီမံချက်တွေ ထွက်ရတော့မယ့် အချိန် ရောက်ပြီ” ဟု ၎င်းက ဆိုသည်။
သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဆက်အောင်ကမူ ဒေသခံများ အနေဖြင့် ၎င်းတို့ လယ်မြေများကို ဖဲ့ရောင်းထားပြီးပြီဟု သတင်းရကြောင်း၊ လယ်သမားများနှင့် ညှိနှိုင်းမှုများက အဆင်ပြေသော်လည်း လယ်သမားများ၏ နောက်ကွယ်တွင် စီးပွားရေးသမား တချို့က လယ်သမားများ အပေါ် ပါးစပ်အငှားဖြင့် ပြောဆိုခိုင်းစေမှုများ ရှိနေကြောင်း ဧရာဝတီသို့ ပြောသည်။
“လယ်သမားတွေရဲ့ နောက်က စီးပွားရေးသမားတွေက ဘယ်တော့မှ အရှေ့ထွက် မရပ်ဘူး။ နောက်ကွယ်ကနေပြီး ရှေ့က လယ်သမားတွေကို အော်ခိုင်းတာ။ ဒါကို ကျနော်တို့ ကောင်းကောင်း သိထားတယ်။ အခုဆိုရင် ကျနော်တို့ ပထမဆုံး လုပ်မယ့် စီမံကိန်းလယ်မြေတွေရဲ့ ထက်ဝက် နီးပါးလောက်က စီးပွားရေးသမားတွေ ဝယ်ထားကြတာ။ ဝယ်ကြတဲ့ သူတွေက နာမည်ပေါက်နဲ့ ဝယ်တာမျိုး မဟုတ်ဘဲ နားလည်မှုနဲ့ ဝယ်ထားကြတာ။ သူတို့ ဝယ်ရာမှာလည်း လောင်းကစားနည်း ဆန်ဆန် ဝယ်ကြတာ” ဟု ၎င်းက ဆိုသည်။
လျော်ကြေးငွေနှင့် ပက်သက်ပြီး မိမိတို့ တွက်ချက်မှု စံနှုန်းများသည် အပြည်ပြည်ဆိုင်ရာ စံနှုန်းများအတိုင်း တွက်ချက် နေခြင်းဖြစ်ကြောင်း၊ တိုင်းတာမှုများ၊ တွက်ချက်မှုများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ဦးဆက်အောင်က ဆက်ပြောသည်။
လယ်သမားများ အနေဖြင့် လယ် ၁ ဧကလျှင် လျော်ကြေးငွေ ကျပ်သိန်း ၃၀၀ ရရှိမှသာ နေရာရွှေ့ပြောင်းပေးရန် တညီ တညွတ်တည်း ဆုံးဖြတ်ထားကြကြောင်း၊ အဆိုပါဈေးနှုန်းသည် ကာလတန်ဖိုးနှင့် တွက်ချက်လျှင် များသည့် နှုန်းထား မဟုတ်ကြောင်း ရွှေ့ပြောင်းပေးကြရမည့် လယ်သမားများ ကိုယ်စားလှယ် ဦးအေးဌေးက ဧရာဝတီသို့ ပြောသည်။
မိမိတို့ အနေဖြင့် ယခင်ညှိနှိုင်းစဉ်က တင်ပြထားသည့် အခြေခံ အချက်များ အပေါ်တွင်သာ မူတည်ပြီး ဆက်လက် ညှိနှိုင်း သွားမှာဖြစ်ကြောင်း၊ ယင်း အချက်များထဲတွင် ကမ္ဘာ့ဘဏ် မူဝါဒအတိုင်း လျော်ကြေး သတ်မှတ်ပေးရန်၊ ပြန်လည် နေရာ ချထားရာ၌ ဒေသခံများ အနေဖြင့် နေရာ ရွေးချယ်ခွင့် ရှိရန်တို့ ပါဝင်ကြောင်း ဦးမြလှိုင်က ဆိုသည်။
“ကျနော်တို့ကို မြေနေရာ ပြန်ပေးမယ် ဆိုတာမှာလည်း ပေ ၂၀ – ၄၀ မြေကွက်ပဲ ပေးမယ့်သဘောမျိုး ဖြစ်နေတယ်။ ကျနော်တို့က ပေ ၄၀ – ၆၀ မှ မရရင် မကျေနပ်ပါဘူး။ ကျနော်တို့ သဘောတူညီ ထားတဲ့အတိုင်း လက်ရှိဘဝထက် မနိမ့်ကျ စေရဘူးဆိုရင် ဒီလောက်မြေနေရာ ပြန်ပေးဖို့လိုတယ်။ လျော်ကြေးငွေကိုလည်း အရမ်းနှိမ်ပြီးပေးမယ်ဆိုရင် ဘယ်သူကမှ လက်ခံမှာ မဟုတ်ဘူး” ဟု ဦးအေးဌေးက ပြောသည်။
သို့ရာတွင် ဒေသခံများအနေဖြင့် ၁ ဧက ကျပ်သိန်း ၃၀၀ ဟု ဆိုထားသော်လည်း အစိုးရပိုင်းမှ ညှိနှိုင်းမည် ဆိုလျှင် လက်သင့်ခံနိုင်မည် ဖြစ်ကြောင်း၊ ညှိညှိနှိုင်းနှိုင်း လုပ်မည်ဆိုလျှင် အဆင်ပြေမည်သာ ဖြစ်ကြောင်း၊ ပြေလည်ရန် မညှိနှိုင်းပါက စီမံကိန်း အကောင်အထည် ဖော်ရေးမှာ နှောင့်နှေးကြံ့ကြာ မည်သာဖြစ်ကြောင်း ၎င်းက ဆက်ဆိုသည်။
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအရ ပထမဆုံး လျော်ကြေးပေး ရှင်းလင်းရမည့် ဧရိယာ ဟက်တာ ၄၀၀ ထဲတွင် ဘုရားကုန်း၊ အလွမ်းဆွတ်၊ ဖလန်း (အေးမြသီတာ)၊ ရွှေပြည်သာရွာ (သီလဝါ)၊ တရာကုန်း၊ ကယက်သီတာမြိုင် စသော ကျေးရွာတို့ပါဝင်ကြောင်း သိရသည်။