အများပြည်သူနှင့် တိုက်ရိုက် မသက်ဆိုင်သော ပုဂ္ဂလိကဆန်သည့် အသံဖိုင်၊ ဗီဒီယိုဖိုင်များကို မကောင်းသော ရည်ရွယ်ချက်ဖြင့် အွန်လိုင်းပေါ်သို့ ဖြန့်လိုက်သည့်အခါ အပြုသဘော မဆောင်သော ဝေဖန်မှုများ ရှိလာသောကြောင့် ကျင့်ဝတ်စည်းကမ်းရှိသော လူ့ အဖွဲ့အစည်းတခု ဖန်တီးရန် လိုအပ်ကြောင်း သုံးသပ်မှုများ ရှိလာသည်။
ရုံးတွင်း အစည်းအဝေးများတွင် ပြောဆိုသော အသံဖိုင်များ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုပ်ဆောင်မှုများကို အွန်လိုင်း လူမှု ကွန်ရက်များပေါ်သို့ တင်ကြပြီး ဝေဖန် ဆွေးနွေးကြသည့်အခါ ပါဝင်သူများသာမက နှစ်ဘက်စလုံးတွင်ပါ ထိခိုက်မှုများ ရှိလာနေကြောင်း သိရသည်။
ယခုလအတွင်း အင်ပါယာ သတင်းစာ ထုတ်ဝေသူ ဦးကောင်းမြင့်ထွဋ် ပြောကြားချက်တချို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီး သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ ညစာစားပွဲ ကျင်းပပုံများ အွန်လိုင်းပေါ်တွင် ပျံ့နှံ့ ရောက်ရှိလာပြီးနောက် အွန်လိုင်း သုံးစွဲသူများအကြား ဆွေးနွေးမှုများ သဘောထား ကွဲလွဲမှုများ ပေါ်ပေါက်လာသည်။
Yangon Times သတင်းစာ ထုတ်ဝေသူ ဦးကိုကိုက နိုင်ငံတကာ အဖွဲ့အစည်းများတွင် အွန်လိုင်းပေါ်၌ ရုံးနှင့် ပတ်သက်သော မဟုတ်မမှန် သတင်းများ မရေးသားပါဟု ရုံးတက်သည့်နေ့တွင် ကျင့်ဝတ်စည်းကမ်းအရ လက်မှတ် ထိုးရလေ့ရှိကြောင်း၊ မိမိတို့ နိုင်ငံတွင် ကျင့်ဝတ်စည်းကမ်းနှင့် သက်ဆိုင်သော စာချုပ်ချုပ်ဆိုမှု အားနည်းလျှက် ရှိသောကြောင့် ပြဿနာတချို့ ပေါ်ပေါက်လျှက် ရှိကြောင်း ဧရာဝတီသို့ ပြောသည်။
“အွန်လိုင်းမှာတော့ အားလုံးက ရေးချင်တိုင်း ရေးပေမယ့် ရေးသားလိုက်တဲ့ ကိစ္စက ကိုယ့်ရဲ့ အကျင့်သိက္ခာကို ပြဌာန်းတာပဲ။ကျနော်တို့ အနေနဲ့ မြင်တာကတော့ ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူး။ အွန်လိုင်းမှာ ရေးသားတဲ့ အချိန်မှာတော့ ရိုက်ခတ်မှု တချို့ ရှိကောင်းရှိနိုင်တယ်။ ရေးထားတဲ့ ကိစ္စက အမှန်တရား တခုဆိုရင်တော့ Impact ကြီးကြီး ရိုက်ခတ်မှု ရှိတယ်။ ကောလာဟလ ဆိုရင်တော့ ဒီလိုပဲ ပြီးသွားမှာပဲ” ဟု ဦးကိုကိုက ဆိုသည်။
လူတိုင်းတွင် ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် ရှိကြောင်း၊ ရုံးတွင်း ပြောဆိုချက်များကို အသံဖိုင်အဖြစ် အပြင်သို့ ထုတ်ခြင်းသည် ရုံးဝန်ထမ်း ဖြစ်ပါက ရုံးစည်းကမ်း ချိုးဖောက်ရာ ရောက်ကြောင်း၊ ရုံးဌာနများတွင် လိုက်နာရမည့် စည်းကမ်းများကိုမူ လိုက်နာ သင့်ကြောင်း၊ ယခုအခါ အမေရိကန် ပြည်ထောင်စုတွင် ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ကာကွယ်နိုင်ရန် အတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ လုပ်ပိုင်ခွင့်မရှိသော ကိစ္စတခုကို လုပ်ဆောင်ပါက ဥပဒေကြောင်းအရ မည်သို့ အရေးယူသင့်သည်ကို ဆွေးနွေးသင့်ကြောင်း ပြည်တွင်းအခြေစိုက် နိုင်ငံရေးနှင့် အိုင်တီစာပေများ ရေးသားနေသူ စာရေးဆရာ ဦးတင်ညွန့်က ပြောသည်။
“ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြီးရင် ပါတီတွေ ဘာတွေက Privately လုပ်တာဗျ။ သမ္မတကြီးက Private ပါတီ ပေးတယ်ဗျာ။ ပါတီပွဲမှာ ကတယ်ဗျာ။ ဒေါ်အောင်ဆန်းစုကြည်လည်း ပါတီပွဲတက်ပြီး သမ္မတကြီးနဲ့ တွဲကတယ်။ ဒါဟာလည်း လူတိုင်းရဲ့ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပဲ။ အဲဒါကို အွန်လိုင်းတင်ပြီးတော့၊ ဟာ … ဒါကြီးကတော့ ဒီလိုကြီးလား ဆိုပြီးတော့
သွားပြောလို့ မရဘူး” ဟု ဦးတင်ညွန့်က ဆိုသည်။
အွန်လိုင်းတွင် မည်သည့် အကြောင်းအရာမဆို လွတ်လပ်စွာ တင်ပြခွင့် ရှိပြီး လိုက်နာလက်ခံရန်မှာ မိမိအပေါ်တွင်သာ မူတည်ကြောင်း ဆွေးနွေးမှုများ ရှိသကဲ့သို့၊ မိမိသဘောထား ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် ရှိသော်လည်း အွန်လိုင်း ပေါ်တွင်လည်း လူ့ကျင့်ဝတ် စည်းကမ်းများကို လိုက်နာသင့်ကြောင်း အကြံပြုသူများလည်း ရှိသည်။
သြဂုတ်လ ၅ ရက်နေ့နှင့် ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးမှုအပြီး ကျင်းပသည့် ညစာစားပွဲ အကြောင်းကို
ဗီဒီယိုရိုက်ကူးပြီး YouTube အွန်လိုင်းပေါ် တင်သူမှာ မည်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည် မသိသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ထိခိုက်သွားမည်ကို စိုးရိမ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC ) မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။
“ဆိုရှယ် မီဒီယာက ကျနော်တို့ဆီမှာ သုံးစွဲလာတာ သိပ်မကြာသေးဘူးဗျ။ သုံးစွဲတဲ့သူတွေရဲ့ Capacity အပေါ်မှာပဲ မူတည်တယ်။ တချို့ ကိစ္စရပ်က Personal ကိစ္စတွေကို ဝေဖန်ဖို့မဟုတ်ဘူး ဆိုတဲ့ ကိစ္စမျိုးကို နားလည်တဲ့ သူလည်း ရှိနိုင်တယ်။ ဒီဟာကိုပဲ အဓိပ္ပာယ်တမျိုးနဲ့ ပုံဖော်ချင်တဲ့သူလည်း ဖြစ်နိုင်တယ်” ဟု ဦးလှမောင်ရွှေက ဆက် ပြောသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ပြီးပါက ညစာစားပွဲများ ပြုလုပ်ပေးခြင်းဖြင့် နှစ်ဘက် ပိုမိုရင်းနှီး စေသောကြောင့် ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အကျိုးရှိကြောင်း၊ မိမိတို့နိုင်ငံသည် နှစ်ပေါင်းများစွာ ကြာအောင် ငြိမ်းချမ်းရေး ဆွေးနွေးမှု အဆက်ပြတ်ခဲ့ရာမှ အချိန်တိုအတွင်း ပြန်လည် တည်ဆောက်ရန် အခက်အခဲရှိကြောင်း ၎င်းက သုံးသပ်သည်။
“နှစ်ဘက် Personal Trust တွေ လိုတယ်ဗျ။ ဒီလို ရင်းရင်းနှီးနှီးနဲ့ တပျော်တပါး ဆိုတဲ့ ပုံစံဟာလည်း ဖြစ်သင့်တယ်။ ဒါဟာ အနာဂတ်ကို သွားမယ့် National Recomsilation ကို အဆင့်လိုက် သွားနိုင်ဖို့ အထောက်အကူ ဖြစ်မှာပါ” ဟု သူက ဆိုသည်။
ငြိမ်းချမ်းရေး ညစာစားပွဲနှင့် ပတ်သက်သော ဗီဒီယိုဖိုင် အွန်လိုင်းတွင် ပျံ့နှံ့နေခြင်းကို သိရှိသော်လည်း ယခုကဲ့သို့ ငြိမ်းချမ်းရေး တည်ဆောက်မှု ကာလတွင် မည်သည့်မှတ်ချက်မှ မပြုလိုကြောင်း၊ လိုအပ်လာပါက သတင်း ထုတ်ပြန်ချက်များ ပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း ABSDF မှ ကိုဆန်နီက ဧရာဝတီကို ပြောသည်။
အင်ပါယာ သတင်းစာထုတ်ဝေသူ ဦးကောင်းမြင့်ထွဋ်က ၎င်း၏ သတင်းထောက်တချို့ကို ရုံးတွင်း စကားပြောသည့် အသံဖိုင် အွန်လိုင်း လူမှုကွန်ရက်များတွင် ပျံ့နှံ့ခဲ့ပြီး အသံဖိုင်တွင် ပြောကြားချက်တချို့ကြောင့် အများ ဝေဖန်စရာ ကိစ္စတခု မကြာသေးခင်က ဖြစ်ခဲ့သည်။
ယင်း အသံဖိုင်နှင့် ပတ်သက်၍ ပြောကြားချက်တချို့မှာ မှန်ကန်ကြောင်း ဦးကောင်းမြင့်ထွဋ်က ဝန်ခံခဲ့သော်လည်း အသံဖိုင်မှာ အပြည်အစုံ မဟုတ်ဘဲ ဖြတ်တောက်ထားသည့် ပုံစံဖြင့် မိမိကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
သတင်းထောက်တချို့နှင့် ပြဿနာ တက်သော ကိစ္စနှင့် အသံဖိုင်ကိစ္စ နှစ်ခု ဖြစ်နေရာ သတင်းထောက်များကို လစာ လုံး၀ မပေးနိုင်ခြင်း မဟုတ်ဘဲ စောင့်ဆိုင်းစေခြင်းသာ ဖြစ်ကြောင်း၊ အသံဖိုင်ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချလိုစိတ် မရှိဘဲ မိမိ ယုံကြည်ရာကိုသာ ပြောဆိုခြင်း ဖြစ်ကြောင်း၊ တခြား နိုင်ငံရေးသမားများကိုလည်း တိုက်ခိုက်ခြင်း မဟုတ်ကြောင်း
ဦးကောင်းမြင့်ထွဋ်က ရှင်းပြသည်။
“အသံဖိုင်ကို ကျနော် နားထောင်ကြည့်ပြီးပြီ။ တမင်သက်သက် ကျနော့် အကျိုးစီးပွားကို ပျက်စီးပါစေဆိုပြီးတော့ ဖွတာသက်သက်ပဲ ဖြစ်နေတယ်။ အသံဖိုင် အဖြတ်အတောက်က ကျနော်နဲ့ ပတ်သက်ပြီး တခုခုကို ရည်ရွယ်ထားမှန်း သိသာတယ်။ အခုလို ရုံးတွင်းပြောတဲ့ ကိစ္စကို အွန်လိုင်းပေါ် တင်တာကို ဘယ်အဖွဲ့အစည်းက အရေးယူပေးမှာလဲ” ဟု ဦးကောင်းမြင့်ထွဋ်က ပြောသည်။
၎င်း၏ သတင်းထောက်များ ကလည်း လစာအချိန်မီ ထုတ်မပေးခြင်း အပါအဝင် တခြား ပြဿနာများအတွက် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ၏ အဆုံးအဖြတ်ကို ခံယူမည်ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတရပ်တွင် ပြောဆိုထားသည်။
လူတဦးချင်းကို အပုပ်ချခြင်း မဟုတ်ပါက အွန်လိုင်းပေါ်တွင် မိမိခံစားချက်များကို ရေးသားတင်ပြခွင့် ရှိကြောင်း၊ ရုံးတွင်း ပြဿနာတချို့ကို အွန်လိုင်းပေါ်တွင် တင်ခဲ့သည့် ကိစ္စတခုအတွက် သတင်းစာတိုက်တခုမှ အလုပ်ထုတ် ခံခဲ့ရဖူးကြောင်း ပြည်တွင်း သတင်းထောက် ကိုဇေယျာစိုပြေက ဧရာဝတီကို ပြောသည်။
“ရုံးမှာ စာမူခကို ပါသမျှ မပေးတော့ဘဲ တပတ်ကို ၆ ပုဒ်ကျော်မှ ပေးတယ်။ ပေးတဲ့ စာမူခကလည်း အရင်ကထက် ခေါက်ချိုး နည်းသွားတယ်။ အဲဒါကို facebook ပေါ်မှာ တက်ရေး လိုက်တယ်။ နောက်တနေ့ မနက်ကျတော့ ခေါ်ပြောပြီး အလုပ် ထုတ်လိုက်တယ်။ သူတို့ အကြောင်းပြချက် ကတော့ facebook ပေါ်မှာ ရုံးကို ဂုဏ်သိက္ခာကျစေတဲ့ အရေးအသား ရေးတယ်။ ရုံးချိန် နောက်ကျတယ် ဆိုပြီး ထုတ်လိုက်တာပဲ” ဟု ကိုဇေယျာစိုပြေက ဆိုသည်။
မိမိလေ့လာခဲ့ဖူးသည့် အဖွဲ့အစည်းများတွင် အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူမှလွဲ၍ မီဒီယာကို စကားပြောခွင့် မရှိကြောင်း၊ အဖွဲ့အစည်း တိုင်းတွင် စည်းကမ်း သတ်မှတ်ချက်များ ရှိသောကြောင့် ယင်း စည်းကမ်း သတ်မှတ်ချက်များကို လိုက်နာ နိုင်မှသာလျှင် လက်မှတ်ထိုး စာချုပ်သင့်ကြောင်း Yangon Times နေ့စဉ်သတင်းစာ ထုတ်ဝေသူ ဦးကိုကိုက ပြောသည်။
စာရေးဆရာ ဦးတင်ညွန့်ကလည်း “အမေရိကားမှာ စနိုးဒင် ကိစ္စဖြစ်သွားတယ်။ အဲဒီကိစ္စကြောင့် ပင်တဂွန်က ဝန်ထမ်းတွေ အားလုံးရဲ့ Memory Stick ကို ရုံးထဲ မယူခိုင်း တော့ဘူး။ အတွင်းကို ဝင်လာရင် ရှာတယ်။ တောင်ကိုးရီးယား မှာလည်း ဒီလိုပဲ လုပ်နေရတာ။ ဖုန်းတွေမှာ Software တွေ ထည့်ခိုင်းထားတယ်။ ဌာနတွင်း ကိစ္စတွေ အပြင် မရောက်အောင် ကာကွယ် တာမျိုးတွေ လုပ်လာကြတယ်” ဟု ဆိုသည်။