နိုင်ငံ တဝန်း ဖြစ်ပွားနေသည့် မြေယာသိမ်းဆည်းမှုများကြောင့် တောင်သူလယ်သမားများ၏ နစ်နာချက်များ၊ တောင်သူလယ်သမား သမဂ္ဂများ လွတ်လပ်စွာ တရားဝင်ရပ်တည် လှုပ်ရှားခွင့်ရှိရေး အပါအဝင် လယ်သမားများ လက်ရှိကြုံတွေ့နေရသော အခက်အခဲများကို လွှတ်တော်သို့ တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က သြဂုတ်လ ၂၀ ရက်နေ့တွင် ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။
သြဂုတ်လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့ အထိ သင်္ဃန်းကျွန်းမြို့နယ် ဇဝနရပ်ကွက်၊ ဓမ္မပီယရိပ်သာတွင် နိုင်ငံတဝန်းမှ တောင်သူ လယ်သမားကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်ခဲ့သည့် “လယ်သမားများအသံ” ဆွေးနွေးပွဲမှ ရရှိလာ သော အချက်များနှင့် တောင်သူ လယ်သမားများ၏ ဘုံသဘောတူညီချက်များကို လွှတ်တော်သို့ တင်ပြ ဆွေးနွေး သွားမည် ဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲမှ ရရှိသော ရည်ရွယ်ချက်များ ထမြောက်အောင်မြင်ရန် ပြည်သူများနှင့် တောင်သူ လယ်သမားများ စည်းလုံး ညီညွတ်ရန်လိုအပ်ကြောင်း၊ တောင်သူလယ်သမားများ အရေးကို အမှန်တကယ် အကောင်အထည်ဖော် ဦးဆောင်နိုင်မည့် လွတ်လပ်သော တောင်သူလယ်သမား သမဂ္ဂများ မကြာခင် ပေါ်ပေါက်ရေး ဖော်ဆောင်သွားရန် ရှိကြောင်း သိရှိရသည်။
“ဆွေးနွေးဖြစ်တာတွေကို ခြုံငုံပြောရရင် လယ်သိမ်း၊ ယာသိမ်းကိစ္စတွေ အများဆုံး ဆွေးနွေးဖြစ်ကြတယ်။ မြေသိမ်းမှု တွေထဲမှာ စစ်တပ်သိမ်း၊ ကုမ္ပဏီသိမ်းနဲ့ အုပ်ချုပ်ရေးပိုင်းအောက်ခြေတွေက ခြစားလို့ သိမ်းတဲ့ကိစ္စတွေ အများဆုံး ဖြစ်နေတယ်။ ဒီပွဲစတင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်က တောင်သူလယ်သမားအသံကို ရှိပြီးသားထက် ပိုမိုကျယ်လောင်စွာ ဖော်ထုတ် မယ်လို့ ရည်ရွယ်တယ်။ အခုဆိုရင် တောင်သူတွေဟာ ပြီးခဲ့တဲ့ကာလတွေထက် ပိုပြီးစုရုံးမိနေကြပြီ၊ သူတို့မှာ မကျေနပ်မှု တွေ ပိုမိုများနေကြပြီဆိုတာကို ပိုပြီးထင်သာမြင်သာဖြစ်လာတယ်” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့အ စည်း၊ လယ်ယာ စီးပွားနှင့် တောင်သူလယ်သမားရေးရာ ကော်မတီမှ ဦးဆောင်သူတဦးဖြစ်သည့် ကိုမျိုးသန့် က ဧရာဝတီ သို့ပြောသည်။
တောင်သူလယ်သမားများ လက်တွေ့ခံစားနေကြရသော မြေသိမ်းခံရမှုများအပါအဝင် ဆင်းရဲမွဲတေနေသော တောင် သူတွေဘဝကို အလျှင်အမြန် ကုစား မပေးနိုင်လျှင် တိုင်းပြည်၏ ဒီမိုကရေစီအကူးအပြောင်းကို ကြီးမားစွာ ရိုက်ခတ် လာမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီ အကူးအပြောင်း ကာလတွင် ကြီးမားသော လူထုအုံကြွမှုမျိုး မဖြစ်စေရန် စီမံ ဆောင်ရွက်သော အစိုးရ အဖွဲ့တွင် အဓိက မူတည်ကြောင်း ကိုမျိုးသန့်က ဆိုသည်။
“ပြည်သူအပေါ်မှာ နားလည်ထားတဲ့ အနေအထားတွေ၊ သူတို့ရဲ့ စိတ်ကောင်းစေတနာတွေ ရှိမှု၊ မရှိမှုပေါ် မူတည်တယ်။ အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူထားတဲ့ အစိုးရတင် တာဝန်ရှိတာမဟုတ်ဘူး။ ဥပဒေပြုရေးအာဏာရှိတဲ့ လွှတ်တော်နဲ့ တရား စီရင်ရေး မဏ္ဍိုင်မှာလည်း တာဝန်ရှိတယ်။ အခုချိန်ထိ အောက်ခြေဝန်ထမ်းတွေရဲ့ ခြစားမှုက မပပျောက်သေးပါဘူး။ အပြောင်း အလဲ ကာလက ခေတ်ပျက်သူဌေးလို ဘဝများကို ရောက်သွားစေတဲ့ လမ်းစများလားလို့တောင် စိုးရိမ်ရတဲ့ အနေ အထားမျိုး ကိုတွေ့နေရတယ်” ဟု ကိုမျိုးသန့်က ဆိုသည်။
တောင်သူလယ်သမားသမဂ္ဂများ ခိုင်ခိုင်မာမာ မပေါ်မီကာလ လယ်သမားများ၏ အကျိုးစီးပွား မြှင့်တင်ရေးနှင့် ကာကွယ် ရေး ဆိုင်ရာ ကိစ္စရပ်များကို လွှတ်တော်သို့ တင်ပြမည်ဖြစ်ပြီး လယ်ယာမြေမှတ်ပုံတင်ရေး၊ စိုက်ပျိုးရေးသွင်းအားစုဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးကြကြောင်း ဧရာဝတီတိုင်း ဒေသကြီး လယ်သမားသမဂ္ဂမှ တောင်သူ ဦးအောင်မိုးဝင်းက ပြောသည်။
“လယ်ယာမြေမှတ်ပုံတင်တဲ့ကိစ္စတွေမှာ ကြားမှာ ပုံစံမကျတဲ့အတွက် အခုမှတ်ပုံတင်ပြီးသား လယ်ယာတွေမှာ အမှန်တ ကယ် ရသင့်ရထိုက်တဲ့သူတွေရဲ့လက်ထဲကို ပြန်ထည့်ဖို့အပိုင်းမှာ တော်တော် အားနည်းနေတယ်။ အဲဒါကြောင့် နောက် ထပ် ပြသနာတွေက တက်နေဦးမှာပဲ” ဟု ၎င်းက ဆိုသည်။
ဧရာဝတီတိုင်း လပွတ္တာမြို့နယ်တွင် ရေငံတား တာ စီမံကိန်းတည်ဆောက်မှုကြောင့် လယ်ယာမြေဆုံးရှုံး ထိခိုက် နစ်နာခဲ့ရသော လယ်သမားများ အတွက် တစုံတရာ စီမံဆောင်ရွက်ထားမှု မရှိသေးကြောင်း၊ ထိုစီမံကိန်းကို လွှတ်တော်အမတ်တချို့၏ တင်ပြချက်ကြောင့် ပြည်သူများ၏ လိုအပ်ချက်ဖြစ်သည်ဟု ဆိုကာ အမြန်ဆုံး အကောင်အထည် ဖော်ခဲ့သော်လည်း စီမံကိန်းကြောင့် လယ်မြေဆုံးရှုံး ထိခိုက်နစ်နာခဲ့မှုများကို မစဉ်းစား၊ မလေ့လာခဲ့ကြောင်း၊ အလားတူဖြစ်စဉ်မျိုး နိုင်ငံတဝန်းတွင် ဖြစ်ပွားနေကြောင်း လယ်သမားကိုယ်စားလှယ်များက ဆိုကြသည်။
“လပွတ္တာမှာ ရေငန်တား စီမံကိန်းကြောင့် လယ်တွေ အသိမ်းခံရတဲ့သူတွေ အခက်တွေ့ ကြတယ်။ လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင်က အဲဒီ ဒေသကို ကွင်းမဆင်းဘဲ ဒေသခံတွေအတွက် ဘယ်လိုအကျိုးရှိမလဲ၊ ဘယ်လိုတွေတော့ ထိခိုက်နစ်နာမလဲ ဆိုတာ မလေ့လာခဲ့ဘူး။ ကိုယ် ကျွမ်းကျင်နှံ့စပ်မှုမရှိဘဲ လွှတ်တော်မှာ တင်ပြနေမယ့် အစား အရင်ဆုံး သေသေချာချာ စေ့စေ့စပ်စပ် လေ့လာစေချင်တယ်” ဟု ၎င်းက ဆိုသည်။
“လယ်သမားများအသံ” ဆွေးနွေးပွဲမှ တောင်သူလယ်သမားများအရေး လှုပ်ရှားနေသော တောင်သူနှင့် လှုပ်ရှားနေသူများကို ပုဒ်မမျိုးစုံတပ် ဖမ်းဆီးခြင်းများ ရုပ်သိမ်းရန်၊ စုံစမ်းစစ်ဆေးရာတွင် ဘက်လိုက်မှုကင်းသော စုံစမ်းစစ်ဆေးမှုများကို စနစ်တကျ ပြုလုပ်ရန်၊ လန(၃၉) များဖြင့် တရားဥပဒေနှင့်အညီ ဆောင်ရွက်သည်ဆိုပြီး မြေယာမှ နှင်ထုတ်ခြင်းများကို ပြန်လည်စိစစ်ရန်နှင့် သက်ဆိုင်သူများကို အရေးယူပေးရန်၊ မြေယာများပြန်ပေးခြင်း၊ လျော်ကြေး ပေးခြင်းများကို သက်ဆိုင်သူများသို့သာ တိုက်ရိုက်ပေးပြီး အုပ်ချုပ်ရေးပိုင်းမှ တဆင့် ပေးခြင်းမျိုး မပြုလုပ်ရန်၊ လျော်ကြေးပေးရာတွင် ကရုဏာကြေးဆိုသော အသုံးနှုန်းကို ရပ်ဆိုင်းရန်၊ စီမံကိန်းများကို ဒေသခံများနှင့် ပွင့်လင်းမြင်သာစွာ ညှိနှိုင်းပြီး နိုင်ငံတကာစံနှုန်းနှင့်အညီ အကောင်ထည်ဖော်ရန်၊ စီမံကိန်းမြေမှ ပိုလျှံမြေ များကို ပြန်ပေးရန်နှင့် လျော်ကြေးကိုလည်း အများလက်ခံနိုင်သောနှုန်းထား ပေးရန်ဆိုသော ဘုံသဘောတူညီချက်များ ရရှိကြောင်း သိရှိရသည်။
ထို့အပြင် လက်ရှိ ကျင့်သုံးလျှက်ရှိသော မြေယာစီမံခန့်ခွဲမှုအဖွဲ့ပုံစံသည် အဂတိလိုက်စားမှုနှင့် ကိုယ်ကျိုးရှာမှုများ ဖြစ်ပေါ်သည့်အတွက် တောင်သူလယ်သမား ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့ပုံစံသစ် အစားထိုးဖွဲ့စည်းပေးရန်၊ ဘဏ်ချေးငွေ အပြည့်အဝမရရှိခြင်း၊ အမည်ပြောင်းထုတ်ခြင်း စသော ချစားမှုများကို လျှင်မြန်ထိရောက်စွာ အရေးယူပေးရန်၊ မြေလွတ်မြေရိုင်း များကို မြေယာမဲ့ ကျေးလက်နေသူများကို ဦးစားပေးရန်၊ ၂၀၁၂ ခုနှစ် မြေယာဥပဒေနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေကို အသစ်ပြန်လည်ရေးဆွဲပေးရန်၊ စိုက်ပျိုးချိန်အမီ နှစ်တို၊ နှစ်ရှည်ချေးငွေများကို တောင်သူတို့ လက်ထဲရောက်ရှိ စေရန်၊ ဆည်မြောင်း၊ ရေကာတာ၊ ရေတံခါးများကို စနစ်တကျပြုလုပ်ရန်နှင့် စိုက်ပျိုးမြေများသို့ လိုအပ်သော ရေကို အချိန်မီနှင့် အလုံအလောက်ရရှိစေရန်၊ တောင်တန်းဒေသများတွင် တိုင်းရင်းသား ဓလေ့ထုံတမ်း ဥပဒေများကို လေးစားလိုက်နာ စေရန် ဆိုသော တောင်းဆိုချက်များကို လွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း သိရှိရသည်။