သူရဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့အကြား အာဏာလွန်ဆွဲပွဲက တဖြည်းဖြည်း ပြင်းထန်လာပြီး အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ အတွင်းမှာ သမ္မတဦးသိန်းစိန်ရဲ့လူ၊ သူရဦးရွှေမန်းရဲ့ လူဆိုပြီး ခွဲခြားမှုတွေ ရှိနေကြပြီလို့ နေပြည်တော် လွှတ်တော် ကိုယ်စားလှယ် တွေဆီက စုံစမ်း သိရှိရပါတယ်။
လတ်တလော သူတို့ ၂ ဦးကြား နိုင်ငံရေးပြိုင်ဆိုင်မှုတွေ ကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ဖွံ့ဖြိုးရေး ပါတီ အတွင်းမှာ၂ ခြမ်း ကွဲသွားနိုင်ပြီး ဦးသိန်းစိန် ဦးဆောင်တဲ့ နိုင်ငံရေး ပါတီသစ် တခုနဲ့ သူရ ဦးရွှေမန်း ဦးဆောင်တဲ့ နိုင်ငံရေး အင်အားစု တခု ဖြစ်ပေါ်လာ နိုင်တယ်လို့ နေပြည်တော် အသိုင်းအဝိုင်းက သုံးသပ်နေကြပါပြီ။
ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ရာထူးကို ဦးသိန်းစိန် လက်ထဲကနေ သူရဦးရွှေမန်းက လွှဲပြောင်း ရယူလိုက်ချိန် ကတည်းက သမ္မတ ဦးသိန်းစိန် နဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း တို့အကြားမှာ စေ့စပ် ညှိုနှိုင်းလို့ မရတဲ့ နိုင်ငံရေး အာဏာ ပြိုင်ဆိုင်မှုတွေ ရှိလာပြီဆိုတဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်လာခဲ့ပေမယ့် အစိုးရပိုင် သတင်းစာ တွေနဲ့ ရုပ်မြင်သံကြားတွေမှာ ဖော်ပြပြီး တဖက်နဲ့ တဖက် ရှုတ်ချတဲ့ အထိ ပြင်းပြင်းထန်ထန် အာဏာ လွန်ဆွဲပွဲမျိုး မတွေ့ရခဲ့ပါဘူး။
သြဂုတ်လ ၂၃ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာတော့ သမ္မတဦးသိန်းစိန်နဲ့ သူရဦရွှေမန်း တို့အကြား ပြင်းထန်တဲ့ အာဏာလွန်ဆွဲပွဲကို သေသေချာချာ လက်တွေ့ကျကျ မျက်ဝါးထင်ထင်တွေ့မြင်ရပြီး အစိုးရသတင်းစာတွေ၊ ရုပ်မြင်သံကြားတွေက အဲဒီနေ့ လွှတ်တော်အစည်းအဝေးကို အပြည့်အစုံ ရေးသားထုတ်လွှင့် ဖော်ပြကြပါတယ်။
ဦးတင်အေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က တင်သွင်းတဲ့ “လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်း” ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးနေချိန်မှာ သမ္မတဦးသိန်းစိန် ဘက်တော်သား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သူရဦးရွှေမန်း ဘက်တော်သား ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ် တွေအကြား တဦးနဲ့ တဦး ပြင်းထန်တဲ့ စကားလုံးတွေနဲ့ တိုက်ခိုက် ဝေဖန်ကြပါတယ်။
ပုံမှန်အားဖြင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အများစုက လွှတ်တော်တွင်းမှာ ဥပဒေကြမ်း ဆွေးနွေးတာ ပဲဖြစ်ဖြစ်၊ အဆိုတွေ မဲခွဲတာပဲဖြစ်ဖြစ် ငြိမ်သက်နေလေ့ရှိပြီး သူတို့နဲ့မဆိုင်သလို လျစ်လျူရှုနေကြတာများပါတယ်။
“လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း” ဆွေးနွေးနေချိန်မှာတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဘက် ဗိုလ်မှူးကြီးဉာဏ်နိုင်၊ ဗိုလ်မှူးကြီး မြင့်ကိုကို၊ ဗိုလ်မှူးကြီး တင့်ဆန်း တို့ ၃ ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တင်သွင်းတဲ့ ဥပဒေကြမ်းကို အတည်ပြု ဆွေးနွေးဖို့ ထပြီး အရေး ဆိုကြတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ်တွေဖြစ်တဲ့ ဒေါက်တာစိုးမိုးအောင်၊ ဦးမောင်တိုး၊ ဦးဘရှိန်တို့က ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေကြမ်းကို မဆွေးနွေးဘဲ ဆိုင်းငံ့ထားဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြီးတဲ့ အချိန်အထိ ဥပဒေကြမ်းကို ဆိုင်းငံ့ထားဖို့ တင်ပြကြပါတယ်။
“လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်း” မှာ ရွေးကောက် တင်မြှောက်ခြင်း ခံထားရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို သက်ဆိုင်ရာ မဲဆန္ဒနယ်မှ မဲဆန္ဒရှင် ပြည်သူလူထု ၁ ရာခိုင်နှုန်းက မိမိတို့ ဆန္ဒမဲပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုလျှင် လွှတ်တော်ကိုယ်စားလှယ်နဲ့ ပတ်သက်တဲ့ တိုင်တန်းချက်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြ တိုင်တန်းရမယ် ဆိုတဲ့ ပြဋ္ဌာန်းချက် ပါဝင်ပါတယ်။
ဒီပြဋ္ဌာန်းချက်ကို သူရဦးရွှေမန်းအပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အမတ်တွေအားလုံးက သဘော မကျပါဘူး။ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းက အင်မတန် နည်းတဲ့အရေအတွက်မို့ အဲဒီအတိုင်း ဥပဒေပြဋ္ဌာန်းလိုက်ရင် တိုင်တန်းမှု တွေ လုပ်လာရင် နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်လာမယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေ အလုပ်ပျက်မယ် ဆိုပြီး ဥပဒေကြမ်း ကို ဆိုင်းငံ့ထားဖို့ တောင်းဆိုကြပါတယ်။ ဒါပေမယ့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ဒီဥပဒေကြမ်းကို ဆက်လက်ဆွေးနွေး အတည်ပြုဖို့ တောင်းဆိုကြပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တင်သွင်းတဲ့ ဥပဒေကြမ်းက ပြည်သူ့ ဆန္ဒမဲနဲ့ ရွေးကောက် တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သာသက်ဆိုင်ပြီး ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားတဲ့ ရွေးကောက်ခံ လွှတ်တော်အမတ်မဟုတ်တဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်နဲ့ လားလားမျှ မသက်ဆိုင်တဲ့ ဥပဒေ တခုဖြစ်ပါတယ်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ဒီဥပဒေကြမ်းကို ဆွေးနွေးဖို့ အတည်ပြုဖို့ တောင်းဆို နေတာက အရမ်း ထူးခြားနေပြီး သမ္မတဦးသိန်းစိန်က တိုက်ရိုက်တာဝန်ယူ ခန့်အပ် ရတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တင်ပြတဲ့ အတိုင်း ဥပဒေကြမ်းကို မြန်မြန် အသက်ဝင်စေချင်တဲ့ ဆန္ဒ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် တွေမှာ ရှိနေကြပါတယ်။
နောက်ဆုံးမှာတော့ သူရဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်က ခေတ္တ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်အတည်ပြုပေးခဲ့ပါတယ်။
သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တွေက သမ္မတ ဦးသိန်းစိန်ဘက်မှာ ရပ်တည်ပြီး သူရဦးရွှေမန်းနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ လွှတ်တော် အမတ်တွေက တဖက် အပြန်အလှန် အင်အား ပြိုင်ဆိုင်နေကြပြီလို့ သုံးသပ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း သမ္မတဦးသိန်းစိန်ဘက်မှာ တသားတည်း ရပ်တည်နေတယ်လို့ ဆိုပါတယ်။
“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် အနည်းဆုံး ၅ ဦးကို နိုင်ငံတော်သမ္မတ က ပြည်ထောင်စု ဝန်ကြီး တွေ ခန့်အပ်တဲ့ လုပ် ထုံးလုပ်နည်းများ အတိုင်း ခန့်အပ်နိုင်တယ်လို့ ဆိုထားတော့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် တွေဟာ သမ္မတရဲ့ လူတွေပဲလို့ ဆိုနိုင်တယ်။ ဒါကြောင့် အရပ်သား နားလည်တဲ့ စကားနဲ့ပြောရမယ် ဆိုရင် သမ္မတ၊ ဒုတိယ သမ္မတနဲ့ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်တွေ ကို လွှတ်တော်က စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချနိုင်သလို၊ လွှတ်တော် ဥက္ကဋ္ဌ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်အားလုံး ကို နိုင်ငံတော်သမ္မတရဲ့ လူတွေဖြစ် တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာ မဲဆန္ဒရှင် ပြည်သူ လူထု ၁ ရာခိုင်နှုန်းက တိုင်တန်းလာရင် စစ်ဆေးပြီး လွှတ်တော် အမတ် တာဝန်မှ ရပ်စဲနိုင်တယ် လို့ဆိုတာပဲဗျ။ ဆိုလိုတာက မင်းက ပါးကိုက်ရင် ငါကလည်း နားကိုက်နိုင် တယ်လို့ဆိုတာ မျိုးပေါ့” လို့ ဦးရဲထွန်းကဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကလည်း လွှတ်တော်နဲ့ အစိုးရအကြားမှာ အာဏာလွန်ဆွဲပွဲရှိသလို သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ နိုင်ငံရေးအင်အားစုနဲ့ သူရဦးရွှေမန်း ဦးဆောင်တဲ့ နိုင်ငံရေးအင်အားစု တွေအကြားမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း လွှတ်တော်နဲ့ အစိုးရဆိုတာ အပြန်အလှန် ထိန်းကျောင်းရတာ ဖြစ်ပေမယ့် မကြာခဏဆိုသလို ပွတ်တိုက်မှု၊ ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာရင် တိုင်းပြည် အနာဂတ် မကောင်းနိုင်ဘူးလို့ ဆိုပါတယ်။
သမ္မတဦးသိန်းစိန် နဲ့ သူရ ဦးရွှေမန်းတို့အကြားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်တွေ ဖြုတ်ချလိုက် တဲ့ကိစ္စ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် အဖြုတ်ခံလိုက်ရတဲ့ကိစ္စ၊ အစိုးရ ဘတ်ဂျက်ကို လွှတ်တော်က ဖြတ်ချတဲ့ ကိစ္စ၊ ငြိမ်းချမ်းရေး ကိစ္စ တွေ အပါအဝင် ဥပဒေရေးရာ၊ အုပ်ချုပ်ရေးရာ ကိစ္စ တော်တော်များများ ပဋိပက္ခ ထိပ်တိုက်တွေ့ နေကြတာ ဖြစ်ပါတယ်။
စစ်အစိုးရ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက အားနည်းချက်တွေရှိနေလေတော့ ဥပဒေကြမ်းတွေ ရေးဆွဲ အတည်ပြု ပြဋ္ဌာန်းတဲ့နေရာမှာ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာဘူးလို့ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်က စွပ်စွွဲနေသလို လွှတ်တော်တွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘဲ ဥပဒေ ပြုမှုတွေ လုပ်ဆောင် နေတယ်လို့ သမ္မတဦးသိန်းစိန်အစိုးရက အပြန်အလှန် စွပ်စွဲပြီး ထုတ်ပြန်ချက်တွေကို အစိုးရသတင်းစာ တွေနဲ့ ရုပ်မြင်သံကြား တွေမှာ အတိအလင်း ဖော်ပြကြပါတယ်။
၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်း နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်း ၂ ခုကို အတည်ပြု ပြဋ္ဌာန်းတဲ့နေရာမှာ ပြည်ထောင်စုလွှတ်တော်က သမ္မတရဲ့ အကြံပြုချက်တွေ ပယ်ချပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ မညီဘဲ ဆောင်ရွက်တယ်လို့ ဖော်ပြထားတဲ့ အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက် အစီရင်ခံစာကို သြဂုတ်လ ၇ ရက်နေ့ ထုတ် အစိုးရသတင်းစာတွေ ဖော်ပြခဲ့ပါတယ်။
ပြည်ထောင်စု လွှတ်တော်ကလည်း နိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်က သမ္မတဦးသိန်းစိန် ထုတ်ပြန်ချက်လို့ သဘောထားပြီး နိုင်ငံတော်သမ္မတအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေပြုရေး လုပ်ငန်း ဆိုင်ရာ ကျင့်ဝတ် တွေကို မလိုက်နာဘဲ ဥပဒေပြုရေးကဏ္ဍကို ဝင်ရောက်စွတ်ဖက်တာဖြစ်တယ်လို့ သြဂုတ် ၂၃ ရက်နေ့ အစိုးရ သတင်းစာတွေ မှာ တုံ့ပြန် ကြေညာ ခဲ့ပါတယ်။
ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းအကြားမှာ စေ့စပ်ညှိုနှိုင်းမရှိဘဲ ဆက်သွားမယ်ဆိုရင် လွှတ်တော်တွင်းမှာ သမ္မတ ဦးသိန်းစိန် ကို စွပ်စွဲပြစ်တင် ဖြုတ်ချတဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်လို့ ဦးရဲထွန်းက ဆိုပါတယ်။
ဒေါ်ဖြူဖြူသင်းကတော့ လက်ရှိနိုင်ငံရေးအခင်းအကျင်းကို ထိခိုက်ပြီး နောက်ကြောင်း ပြန်လှည့်တဲ့ နိုင်ငံရေးအခြေအနေမျိုး ပေါ်ပေါက်လာမှာကို မလိုလားကြောင်း၊ လက်ရှိ အခြေအနေမှာ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းအကြား ပဋိပက္ခ ဆက်လက် ပြင်းထန်လာမယ်လို့ ထင်မြင်ကြောင်း ပြောပါတယ်။
နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းကတော့ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့ ၂ ဦးကြားမှာ အကွဲအပြဲ ရှိနေတယ်ဆိုတာ ကို လက်မခံဘဲ မှန်းဆချက်သက်သက်သာသာ ဖြစ်နိုင်ပြီး လွှတ်တော်တွင်းမှာ သမ္မတဦးသိန်းစိန်ကို စွပ်စွဲပြစ်တင်တာမျိုး မဖြစ်လာနိုင်ဘူးလို့ သုံးသပ်ပါတယ်။
“သမ္မတဦးသိန်းစိန်နဲ့ပြည်ထောင်စု လွှတ်တော်နာယကသူရဦးရွှေမန်းတို့ ၂ ဦး ကြားမှာ အကွဲအပြဲ ပုံစံမျိုး ရှိနေတယ် လို့ပြောတာကတော့ မှန်းဆချက်သက်သက်လို့ထင်ပါတယ်။ သူတို့ ၂ဦး ကြားတင်မကပါဘူး လွှတ်တော် ထဲမှာလည်း အမြင် သဘောတွေကွဲလွဲတာ၊ ခြားနားတာတွေရှိ နေရင်ပိုကောင်းမယ်။ လွှတ်တော်ကလည်း ပိုအသက်ဝင်မယ် လို့ထင်ပါတယ်။ အုပ်ချုပ်ရေး နဲ့ ဥပဒေပြုရေးအပိုင်းတွေမှာ အမြင်၊ လုပ်ဟန်ခြားနားတာတွေရှိနိုင်ပါတယ်။ ဒါပေမယ့် ဥပဒေပြုရေး ကတော့ ပြည်ထောင်စုလွှတ်တော်ရဲ့တာဝန်ပါ။
ကျွန်တော့်အမြင်ကတော့အစိုးရနဲ့လွှတ်တော်အကြား သဘော ကွဲလွဲတာရှိကောင်းရှိနိုင်ပေမယ့်၊ အရေးကြီးတဲ့အကြောင်း အရာတွေမှာတော့မကွဲမပြားတသားတည်း လို့ထင်ပါ တယ်။နောက် ကျနော့် အမြင်က၊ အပျော့အုပ်စုနဲ့အမာအုပ်စုဆို နှစ်ဖွဲ့ခွဲပြီး၊ ဗျုဟာမြောက် လူထုထောက်ခံမှုပြန် ရအောင် စနစ်တကျလုပ်နေတာလည်း ဖြစ်နိုင်တယ်ဆိုတာ ထည့်စဉ်းစားရပါမယ်” လို့ ဒေါက်တာရန်မျိုးသိမ်းက ဆိုပါ တယ်။
အစိုးရနဲ့ လွှတ်တော်အကြား၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေး လွှတ်တော် ကိုယ်စားလှယ် တွေအကြား မပြေလည်မှုတွေ မျက်ဝါးထင်ထင် တွေ့မြင်နေရတာမို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကိစ္စ တွေ အပါအဝင် အနာဂတ်နိုင်ငံရေး အလားအလာ တွေက မရေရာ မသေချာမှုတွေ ပြည့်နှက်နေတယ်လို့ နေပြည်တော်အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။