နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် ၂၀၁၃ ခုနှစ်အတွက် တိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရန် ဘတ်ဂျက် ကျပ် ဘီလီယံ ၁၂၀ လျာထားကြောင်း သိရသည်။
ယခုလ ၂၀ ရက်နေ့က မြဝတီခရိုင် ရွှေကုက္ကို ကျေးရွာ အထက်တန်းကျောင်း တိုးမြှင့် ဖွင့်လှစ်ပွဲ အခမ်းအနား၌ တက်ရောက် လာ သည့် လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံများရှေ့တွင် နယ်စပ်ရေးရာ ဝန်ကြီး ဌာန ဒု ဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း က ပြောသည်။
“ကျနော်တို့ ဝန်ကြီးဌာန အနေနဲ့ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးအတွက် ဘီလီယံပေါင်း ၁၂၀ ရာထားပါတယ်”ဟု ဗိုလ်ချုပ် မောင်မောင်အုန်း က ပြောသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန က တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း အပါအဝင် ပြည်နယ် ၇ ခုတို့ကို တာဝန်ယူထားရပြီး ယခုနှစ် အတွက် လျာထားငွေများကို အဆိုပါ ဒေသအသီးသီးတွင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်း၊ တံတား အပါအဝင် ဒေသ တွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
အဆိုပါ တိုင်းရင်းသား နယ်မြေများအနက် ကရင်ပြည်နယ် တခုတည်းအတွက် ကျပ် ၁၆ ဘီလီယံ လျာထားကြောင်း၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် အခြားဖွံ့ဖြိုးရေး ကိစ္စရပ်များတွင် အသုံးပြုသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ယင်းသို့ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် တိုင်းရင်းသားဒေသများ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များ အတွက်လည်း ပါဝင်ပြီး အဆိုပါဒေသများ၌ ဖွံ့ဖြိုးရေး လုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံအတွင်း ထာဝရငြိမ်းချမ်း ရေး ရရှိရန် လိုအပ်ကြောင်းလည်း ယခုလ ၂၁ ရက်နေ့က ပြုလုပ်သော အမှတ် ၁၀၂၂ နယ်ခြားစောင့်တပ် ၃ နှစ်ပြည့် နှစ်ပတ်လည် နေ့ အခမ်းအနားအပြီးတွင် သတင်းထောက်များကို ထပ်မံပြောဆိုခဲ့သေးသည်။
“တိုင်းရင်းသားတွေရဲ့ လူနေမှုဘဝ တိုးမြှင့်ဖို့၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးဖို့ ကဏ္ဍပေါင်းစုံက လိုအပ်တာမှန်သမျှကို ကဏ္ဍတွေ ခွဲပြီးတော့မှ သုံးတယ်၊ တိုင်းရင်းသားတွေ ဘာလိုလဲ လိုတဲ့ဟာကို ကိုယ်တို့ဝန်ကြီးဌာနကနေပြီးတော့မှ ဘက်ပေါင်းစုံက သွားတယ်၊ လိုအပ်ရင် လိုအပ်သလို တိုးမြှင့်ဆောင်ရွက်သွားမှာပါ”ဟု ဗိုလ်ချုပ် မောင်မောင်အုန်း က ပြောဆိုသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန အောက်တွင် ဒီဂရီကောလိပ် ၂ ခု၊ တက္ကသိုလ် ၁ ခု၊ ဖွံ့ဖြိုးမှုကျောင်း ၃၆ ခု၊ လူငယ်သင်တန်းကျောင်း ၂၅ ခုနှင့် စက်မှု၊ လက်မှုသင်တန်းကျောင်း ၂ ခုရှိကြောင်း အဆိုပါကျောင်းများတွင် နယ်စပ်ဒေသရှိ တိုင်းရင်းသားများကို ခေါ်ယူ၍ အစိုးရ စရိတ်ဖြင့် စားဝတ်နေရေး တာဝန်ယူပြီး အခမဲ့ သင်ကြားပေးကြောင်း သိရသည်။
“၄ နှစ် သင်ရမယ်၊ စားစရိတ်၊ သောက်စရိတ်၊ နေစရိတ်အကုန် ဘာမှ မလိုဘူး၊ ကျောင်းဆင်းရင် ဘွဲ့ပေးမယ်၊ ဒီဘွဲ့သည် ရန်ကုန် တက္ကသိုက ပေးတဲ့ဘွဲ့ဖြစ်ပါတယ်၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က ကျနော်တို့ တိုင်းရင်းသား လူငယ်များကို ဘွဲ့ပေးပါတယ်၊ ဒီကလေးများကို ကျနော်တို့ရဲ့ ဝန်ကြီးဌာန အသီးသီးမှာ တခါတည်း အလုပ်ခန့်လိုက်ပါတယ်၊ ဒါဒီနေ့ ကျနော်တို့ ဆောင်ရွက်နေ တာပါ၊ ဒီထက် ကျနော်တို့ ဆောင်ရွက်ရမယ်”ဟု ဗိုလ်ချုပ် မောင်မောင်အုန်း က ပြောသည်။
ပညာရေးနှင့် ပတ်သက်၍လည်း ဒေသခံတွေကို မိန့်ခွန်းပြောကြားရာမှာ “ဒီခေတ်ကတော့ ပညာမတတ်ရင်မရဘူး၊ မိဘပြည်သူများကို အနူးအညွှတ် မေတ္တာရပ်ခံလိုတာ ကတော့ ကလေးများကို ပညာသင်ပေးပါ၊ ပိုက်ဆံမရှိရင်ပြောပါ၊ ငွေမရှိရင်ပြောပါ၊ ဆင်းရဲရင် ပြောပါ၊ ငွေမရှိရင် ကျနော်တို့ အစိုးရ ကူညီမယ်၊ ကလေးသူငယ်တွေ အားလုံး ကျောင်းနေရမယ့် အရွယ်မှာ ကျောင်းနေကို နေရ မယ်၊ ပညာမတတ်ရင် သူများနောက်မှာ နေရမယ်၊ ပညာတတ်ချင်း တူရင်တောင်မှ ကိုယ်ကနိမ့်လို့ရှိရင် နောက်မှာ နေရမယ်”ဟု လည်း ဗိုလ်ချုပ် မောင်မောင်အုန်း က ထည့်သွင်း ပြောကြားသွားသည်။
ဗိုလ်ချုပ် မောင်မောင်အုန်းသည် ယခင် ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒု ဝန်ကြီး အဖြစ် ခန့်အပ်ခံခဲ့ရပြီး စတင်တာဝန်ယူ ဆောင်ရွက်နေသူ ဖြစ် သည်။