တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့တို့သည် နိုင်ငံရေးဆွေးနွေးပွဲ တခုကို စက်တင်ဘာလ အတွင်း ကျင်းပမည်ဟု သိရသည်။
ထိုဆွေးနွေးပွဲ၌ UNFC ၏ မူဝါဒလမ်းစဉ်များ၊ နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်များ၊ ဖက်ဒရယ် မူဝါဒများ၊ တနိုင်ငံလုံး ငြိမ်းချမ်း ရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အလေးထား ဆွေးနွေးမည်ဟု UNFC က ပြောသည်။
စက်တင်ဘာလ ဆွေးနွေးပွဲအတွက် ယမန်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် UNFC နှင့် အစိုးရ ငြိမ်းချမ်းရေး အကျိုးဆောင်များ အကြို တွေ့ဆုံ ညှိနှိုင်းခဲ့ကြသည်။
ထိုသို့ UNFC နှင့် အစိုးရ ငြိမ်းချမ်းရေး အကျိုးဆောင်များ တွေ့ဆုံရာတွင် UNFC ကိုယ်စား ဆွေးနွေးခဲ့သူ ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC) ဒု ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင် က စက်တင်ဘာလ တွေ့ဆုံပွဲတွင် ဆွေးနွေးမည့် အကြောင်းအရာများကို ဧရာဝတီ သို့ ပြောပြခြင်း ဖြစ်သည်။
“သမ္မတ ပြောတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုတဲ့အပေါ်မှာ ကျနော်တို့ရဲ့ သဘောထား၊ UNFC ရဲ့လမ်းပြ မြေပုံကိစ္စ၊ လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲမှာ ပြောဆိုကြမယ့် အကြောင်းအရာတွေကို အဓိက အကြိုညှိနှိုင်းတာပါ”ဟု ဒေါက်တာ ခင်မောင် က ဧရာဝတီ ကို ပြောသည်။
ယင်း အကြို ညှိနှိုင်းဆွေးနွေးပွဲကို အစိုးရ ကိုယ်စားလှယ်ဘက်မှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ဦးဆောင်ပြီး UNFC အဖွဲ့ဘက်က ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC) ဒု ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင် က ဦးဆောင်ခဲ့သည်။
နိုင်ငံရေး ဆွေးနွေးပွဲကို စက်တင်ဘာလ ၇ ရက် သို့မဟုတ် ၈ ရက်နေ့တွင် ချင်းမိုင်မြို့၌ပင် ဆွေးနွေးမည်ဖြစ်ကြောင်း၊ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း နှင့်ဝန်ကြီး တချို့ တက်ရောက် မည် ဖြစ်ပြီး UNFC ဘက်က တိုင်းရင်းသား ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးကြမည်ဟု သိရသည်။
ထိုဆွေးနွေးပွဲ၌ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ဆောင်နေမည့် အစား အားလုံး လက်ခံနိုင်မည့် ဖွဲ့စည်းပုံသစ် တခုရေးဆွဲရေး အတွက်ကိုပါ ဆွေးနွေးမည်ဖြစ်ကြောင်း၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကြေညာနိုင်ရန် နယ်မြေကျော် တပ်စွဲထားသည့် အစိုးရ စစ်တပ်များကို မူလနေရာများသို့ ပြောင်းရွှေ့ပေးရေး တို့ကိုပါ ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း ဒေါက်တာ ခင်မောင်က ရှင်းပြသည်။
အကြိုဆွေးနွေးပွဲ၌ ပါဝင်သူ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က အကြို တွေ့ဆုံမှုတွင် ၎င်းတို့ အနေဖြင့် ထူးခြား သည့် ပြောဆိုဆွေးနွေးမှု မရှိကြောင်း၊ UNFC နှင့်အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ မကြာခင်ပြုလုပ်မည့် ဆွေးနွေးပွဲ အတွက် တိုင်းရင်းသားတို့၏ လိုလား တင်ပြတောင်းဆိုမှုများကို ရယူရန်အတွက်သာ ဖြစ်ကြောင်း ပြောဆိုသည်။
“ကျနော်တို့ဘက်က ဆွေးနွေးတာ ဘာမှ မရှိပါဘူး၊ UNFC နဲ့ ဦးအောင်မင်းတို့ တွေ့ဆုံပွဲ အတွက် အကြိုညှိနှိုင်းတဲ့ သဘော ပါပဲ”ဟု ဦးညိုအုန်းမြင့် က ဧရာဝတီ ကို ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းက ချင်းမိုင်မြို့၌ UNFC ဦးဆောင်ကျင်းပသည့် ညီလာခံတွင် ဖွဲ့စည်းပုံအသစ် ရေးဆွဲရေး၊ စစ်မှန် သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် တည်ထောင်ရေး၊ လူမျိုးကြီး ၈ ခု ကို ကိုယ်စားပြု၍ ပြည်နယ် ၈ ခု တည်ဆောက်ရေး စသည့် မူဝါဒများကို သဘောတူညီခဲ့ကြသည်။
ယင်းညီလာခံသို့ ပြည်တွင်း ပြည်ပ တိုင်းရင်းသား နိုင်ငံရေးပါတီများက ခေါင်းဆောင်များ၊ လက်နက်ကိုင် အဖွဲ့များ၊ တိုင်းရင်း သား အရေး တက်ကြွလှုပ်ရှားသူများ တက်ရောက် ဆွေးခဲ့ကြသည်။
UNFC ကို ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ ပြည်သူ့ တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင် အမျိုးသားကောင်စီ (ANC) စသည့်အဖွဲ့ ၁၁ ခု ဖြင့် ၂၀၁၁ ခုနှစ်တွင်
ဖွဲ့စည်းခဲ့သည်။