အိန္ဒိယ-မြန်မာ နယ်စပ် မဏိပူရပြည်နယ်တွင် နယ်စပ်မျဉ်း ကိစ္စ ရှင်းလင်းစွာ သတ်မှတ်ဖြေရှင်းရေး မြန်မာနှင့် ပူးပေါင်း လုပ်ဆောင်လိုကြောင်း အိန္ဒိယနိုင်ငံက ကမ်းလှမ်းလိုက်ထားသည်ဟု သတင်းရရှိသည်။
“နယ်စပ်မျဉ်း မှတ်တိုင် အမှတ် ၇၆ နားမှာ သတ်သတ်မှတ်မှတ် မဖြစ်သေးတဲ့ ကိစ္စ ၂ နိုင်ငံ နယ်စပ်အရေး ပူးပေါင်း လုပ်ဆောင်ရေး အဖွဲ့အနေနဲ့ အဖြေရှာဖို့ မြန်မာနိုင်ငံကို စေလွှတ်ခဲ့တဲ့ ကျနော်တို့ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာကို အစိုးရကို အကြံပြုခဲ့တယ်” ဟု အိန္ဒိယနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဆေယက် အက္ကဘာရုဒင် (Syed Akbaruddin) က Deccan Herald သတင်းစာသို့ ပြောထားသည်။
အိန္ဒိယက မြန်မာနိုင်ငံ နေပြည်တော်သို့ အဆိုပါကိစ္စ ပူးပေါင်းဖြေရှင်းရေး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ကာ မြန်မာအစိုးရ ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း သူက ဆက်ပြောသည်။
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်း မြန်မာနယ်စပ်အနီး Holenphai ကျေးရွာတွင် မြန်မာစစ်တပ်က ယာယီစစ်စခန်း တခု ဆောက်လုပ်ရန် ပြင်ဆင်မှုများ ရှိနေခြင်းနှင့် မြန်မာဘက်က နယ်စပ်ခြံစည်းရိုး တည်ဆောက်မှုများ လုပ်နေသည့် အတွက် အဆိုပါလုပ်ရပ်များ ရပ်တန့်ထားပြီး နယ်စပ်မျဉ်းအရေး ဆွေးနွေးရန် အိန္ဒိယက တောင်းဆိုခြင်းဖြစ်ကြောင်း The Hindu သတင်းစာက ဆိုသည်။
ယာယီစစ်စခန်း ဆောက်လုပ်နေသည့် မြန်မာ့တပ်မတော် အမှတ် (၈၇) ခြေလျင်တပ်ရင်းက တာဝန်ရှိသူထံသို့ ရောဘတ် ဆင်းဂ် ကရှက်ထရီမာယမ် (Robert Singh Kshetrimayum) ဦးဆောင်သည့် အိန္ဒိယနိုင်ငံ မိုးရေးမြို့ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် မဏိပူရ ပြည်နယ်အစိုးရ တာဝန် ရှိသူများက သွားရောက်တွေ့ဆုံ ဆွေးနွေးပြီး နယ်စပ် ခြံစည်းရိုးခတ်နေမှုနှင့် ယာယီစစ်စခန်း ဆောက်လုပ်မှုတို့ကို ရပ်ဆိုင်းထားရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
သို့သော် မြန်မာအရာရှိက ယခုနယ်မြေသည် ဗြိတိသျှတို့ ရေးဆွဲထားခဲ့သည် မြေပုံအရ မြန်မာနိုင်ငံ ပိုင်နက်ဖြစ်သဖြင့် ဆိုင်းငံ့ခြင်း မပြုနိုင်ကြောင်း ဖြေကြားခဲ့သည်ဟု အဆိုပါသတင်းက ဆိုသည်။
၎င်းဒေသတွင် သြဇာရှိသည့် အိန္ဒိယ ကွန်မြူနစ်ပါတီကလည်း မဏိပူရ ပြည်နယ်အစိုးရကို တိုက်တွန်းရာတွင် ယခုကဲ့သို့ နယ်မြေ ပိုင်ဆိုင်မှုအရ နှစ်နိုင်ငံ ညှိနှိုင်းသဘောတူညီမှု မရသေးသည့် နယ်စပ်မျဉ်းအနီး အိန္ဒိယနိုင်ငံပိုင် မိုးရေးမြို့မှ ၁၀ မီတာသာ ကွာဝေးသည့် နေရာတွင် ခြံစည်းရိုးခတ်ခြင်း၊ စစ်စခန်းဆောက် ခြင်းများကို ရပ်ဆိုင်းရေး အဆိုပြုခဲ့သည်ဟုလည်း သိရသည်။
ထို့နောက်ပိုင်း သတ်သတ်မှတ်မှတ် ညှိနှိုင်းမှု မပြုရသေးသည့် နယ်စပ်ဒေသ အပါအဝင် အနီးဝန်းကျင်ရှိ နှစ်နိုင်ငံ နယ်စပ်မျဉ်း တလျှောက် အိန္ဒိယ ကြည်းတပ်ဖွဲ့နှင့် အာသံရိုင် ဖယ်တပ်ဖွဲ့တို့ကို ဖြန့်ကြက်ချထားသည်ဟု အိန္ဒိယအခြေစိုက် သတင်းများက ဆိုသည်။
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်အတွင်း အိန္ဒိယ၏ စစ်စခန်း ၈၉ ခု ရှိပြီး နှစ်နိုင်ငံ နယ်စပ်ဒေသတလျှောက် စစ်တပ်များ ဖြန့်ကြက်ချထားလျက်ရှိကြောင်း၊ မဏိပူရပြည်နယ်တွင်းရှိ နယ်မြေတချို့ မြန်မာ့ပိုင်နက် ဖြစ်သွားမည့်အရေး ဒေသခံများ စိုးရိမ်နေသည့်အတွက် ယခုကဲ့သို့ တပ်ဖြန့်လှုပ်ရှားမှုများ အိန္ဒိယဘက်ကလုပ်နေကြောင်း အဆိုပါ သတင်းများအရ သိရသည်။
“မြန်မာနဲ့ နှစ်နိုင်ငံ နီးကပ်တဲ့ ဆက်ဆံရေးရှိတာကြောင့် သတ်သတ်မှတ်မှတ် မဖြစ်သေးတဲ့ ဒီ နယ်စပ်မျဉ်း ကိစ္စကို ပြေပြေလည်လည် ဖြေရှင်းသွားလို့ ရမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ဆေယက် အက္ကဘာရုဒင်က ပြောသည်။
ယင်း အိန္ဒိယ-မြန်မာ နယ်စပ်အရေးနှင့် ပတ်သက်၍ အစိုးရသတင်းစာနှင့် အစိုးရတာဝန်ရှိသူများက တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးချေ။