သမ္မတ ဦးသိန်းစိန် အနေဖြင့် မြန်မာနိုင်ငံတဝန်းတွင် ဖြစ်နေသော မြေယာသိမ်းဆည်းမှုများကို အမြန်ဆုံး ဖြေရှင်းပေးရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက အချက် ၆ ချက်ပါ သဝဏ်လွှာ တရပ်ပေးပို့ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သူရဦးရွှေမန်းက မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖြစ်ပွားနေသော မြေယာသိမ်းဆည်းမှု ပြဿနာများကို ဖြေရှင်းပေးရန် သမ္မတ ဦးသိန်းစိန်ထံ သဝဏ်လွှာ တစောင် ပေးပို့မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးပြောဆိုလိုက်ပြီး ယင်း သဝဏ်လွှာတွင် နိုင်ငံတဝန်း မြေယာ သိမ်းဆည်းမှုများကြောင့် တောင်သူလယ်သမားများနှင့် ပြည်သူများ၏ တောင်းဆို ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများ ဖြစ်ပေါ်နေရကြောင်း သူရဦးရွှေမန်းက ပြောသည်။
“တောင်းဆိုဆန္ဒပြမှုနှင့် အကြမ်းဖက် တိုက်ခိုက်မှုများ ပေါ်ပေါက်လျက်ရှိခြင်း၊ မသိနားမလည်သည့် တောင်သူ လယ်သမား တချို့သည်လည်း မလုပ်တတ်၊ မကိုင်တတ်နှင့် ဥပဒေအရ အရေးယူခံနေရခြင်းများ ကြုံတွေ့ရလျက်ရှိသည်။ အထက်ပါ ဖြစ်စဉ်များသည် မူလက ယင်းတောင်သူလယ်သမားများ ကိုယ်တိုင် ခုတ်ထွင် ရှင်းလင်း၍ ဓားမ ဦးချ လုပ်ကိုင်ခဲ့သော မြေယာ ဖြစ်သော်လည်း ဥပဒေနှင့် အညီ လျှောက်ထား၍ အမည်ပေါက်ခြင်း၊ မှတ်ပုံတင် ထားရှိမှု မပြုနိုင်ခဲ့ခြင်း အစိုးရဌာန၏ အဖွဲ့အစည်း အသီးသီးနှင့် ပုဂ္ဂလိက လုပ်ငန်းအသီးသီးက မြေနေရာ လုပ်ကိုင်ခွင့်နှင့် ပိုင်ဆိုင်ခွင့် ဆောင်ရွက်ခဲ့ကြရာတွင် မြေစာရင်းမြေပုံနှင့် မြေပြင်အခြေအနေ ကွဲပြားခြားနားမှု စစ်ဆေး စိစစ်မှုမရှိဘဲ လျစ်လျူရှု ဆောင်ရွက်ခဲ့ခြင်း၊ သင့်တင့် မျှတသော နစ်နာကြေးပေးလျှော်မှု မရှိခြင်းနှင့် နစ်နာသူများအတွက် လူမှု ရေးဆိုင်ရာ ကိစ္စရပ်များ ထည့်သွင်းစဉ်းစား၍ သင့်တင့်သော စီရင်ဆောင်ရွက်မှု မရှိခဲ့ခြင်း များကြောင့် အခုကဲ့သို့ ဖြစ်ပွား ပေါ်ပေါက်နေရခြင်းဖြစ်ပါသည်” ဟု သူရဦးရွှေမန်းက ဆိုသည်။
ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် တခြားမြေများ သိမ်းဆည်းမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရန် စုံစမ်းကော်မရှင်၏ အစီရင်ခံစာ အပိုင်း၁၊ အပိုင်း ၂ နှင့် အပိုင်း ၃ ကို ပြည်ထောင်စုလွှတ်တော်တွင် အစီရင်ခံစာ တင်သွင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည် ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်က အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ လွှတ်တော်က အတည်ပြုရာတွင် အစီရင်ခံစာတွင် ပါရှိသော သုံးသပ်အကြံပြုချက်များကို အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ စောလျင်စွာ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သူရဦးရွှေမန်းက သမ္မတဦးသိန်းစိန်ထံ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
မြေယာ သိမ်းဆည်းမှုများအပေါ် အခြေပြုပြီး နိုင်ငံရေး အမြတ်ထုတ်ကြသူများ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ပျက်စီးစေလိုသူများ ကြောင့်လည်း ပင်ကိုရိုးသားသည့် တောင်သူလယ်သမားတချို့သည် ဥပဒေအရ အရေးယူ အပြစ်ပေး ခံနေရကြောင်း၊ မြေယာသိမ်းဆည်းမှု များသည် ယခင်စစ်အစိုးရလက်ထက်က ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယခု လက်ရှိ တည်ရှိနေသော အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရေး မဏ္ဍိုင်များ အနေဖြင့် ဆိုးမွေ၊ ကောင်းမွေ ဆက်ခံရမည်ဖြစ်ကာ ပြဿနာများကို ကောင်းမွန်စွာ ဖြေရှင်းရမည့် စွမ်းရည်ရှိရမည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။
“မြေယာပြဿနာ များကို လိုအပ်သည်ထက် အချိန်ဆွဲ၊ ချက်ချင်း ဆောင်ရွက်ခြင်း မပြုဘဲ သက်ဆိုင်ရာတို့က မလိုအပ် သော မြေများ၊ မလိုအပ်သော မြေယာများ၊ ဆက်လက်အသုံးပြုရန် မသင့်သော မြေယာ များကို ပြန်လည် ပေးကြ စေလိုကြောင်း၊ စိတ်ကောင်းစေတနာနှင့် ပြန်လည်ပေးအပ်ကြလိမ့်မည်ဟု ယူဆကြောင်း၊ ဆင်းရဲနွမ်းပါးပြီး သိရှိ နားလည်မှုအားနည်းသော တောင်သူလယ်သမားများ၊ ပြည်သူများ အပေါ် စာနာစိတ်ထားရှိမည်ဟု မျှော်လင့် ယုံကြည်ပါသဖြင့် သုံးသပ်ဆောင်ရွက်နိုင်ပါရန် သဝဏ်လွှာ ပေးပို့အပ်ပါသည်” ဟု ဦးရွှေမန်းက ဆိုသည်။
နိုင်ငံတဝန်း မြေယာ သိမ်းဆည်းမှုများကို ကူညီဆောင်ရွက်ပေးနေသော ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ လယ်သမားရေးရာ တာဝန်ခံ ကိုထွန်းမြင့်အောင်က သိမ်းဆည်းမြေများ ပြန်လည်ရရှိရေးအတွက် တောင်းဆိုဆန္ဒပြရင်း ပုဒ်မအမျိုးမျိုးတပ် တရားစွဲခံရသော လယ်သမားများနှင့် ပြည်သူများ တနိုင်ငံလုံးတွင်ရှိနေကြောင်း ပြောသည်။
”သာစည် အချုပ်မှာ ဆိုရင် ဒေါ်စန္ဒာအောင်နဲ့ လယ်သမား နှစ်ဦး အဖမ်းခံထားရတယ်။ ပုဒ်မတွေကတော့ သင်းဖွဲ့ပုဒ်မတွေရော၊ ပိုင်နက် ကျူးလွန်မှုတွေရော ဖြစ်နေတယ်။ ဒီကိစ္စဆိုရင် လယ်သမားပိုင်တဲ့လယ်မှာ လယ်သမားက ပြန်တရားစွဲခံထားရတာ။ ပေါင်းတည်မြို့မှာကျတော့ မိတ္ထီလာက ဒေါ်မြင့်မြင့်အေးရယ်၊ ဒေါ်မိမိခိုင်ရယ်၊ ကိုထက်ရယ် လယ်သမားအရေး ကူညီသူ ၃ ယောက်ပေါ့။ ဖျာပုံဘက်မှာလည်း တရားရင်ဆိုင်နေရတဲ့ လယ်သမားတွေ ရှိတယ်။ အဲဒီလိုလယ်သမားတွေ တနိုင်ငံလုံးမှာ အများကြီး ရှိတယ်” ဟု ကိုထွန်းမြင့်အောင်က ဆိုသည်။
မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် မြေယာသိမ်းဆည်းခံရမှုများနှင့် ပတ်သက်ပြီး ဆန္ဒပြလှုပ်ရှားခဲ့သူ ဒေါ်နော်အုန်းလှကို သက်ဆိုင်ရာ အာဏာပိုင်များက ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခဲ့ပြီး ယနေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။
လတ်တလော သမ္မတ ဦးသိန်းစိန်နှင့် သူရ ဦးရွှေမန်းအကြား မပြေလည်မှုများရှိနေရာ သူရဦးရွှေမန်း ပေးပို့သည့် မြေယာ ကိစ္စ ဖြေရှင်းပေးရေး သဝဏ်လွှာသည် အစိုးရနှင့် လွှတ်တော် အကြား တင်းမာမှု တခုအဖြစ် ရှုမြင်နိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ် တချို့က သုံးသပ်သည်။
ကာကွယ်ရေး ဝန်ကြီးဌာနက စစ်တပ်ပိုင်မြေအဖြစ် သိမ်းဆည်းထားသော နိုင်ငံတဝန်း မြေယာများအနက် မြေယာဧရိယာ ၃၇၅၄၆ ဒသမ ၉၆ ဧက ကို ဒေသခံတောင်သူများအား ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်း သြဂုတ်လ ၂၃ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန် ထားသည်။