ဂျပန် လေကြောင်းလိုင်း All Nippon Airways(ANA) နဲ့ ပြည်တွင်း ပုဂ္ဂလိက လေကြောင်းလိုင်း Asian Wings Airways(AWA) တို့ရဲ့ ပူးပေါင်း လုပ်ကိုင်မှုဟာ ပြည်တွင်း လေကြောင်းလိုင်း ဈေးကွက် ကို ပျက်သွားစေနိုင်ကြောင်း လေကြောင်းလိုင်း အသိုင်းအဝိုင်း က ဝေဖန် ပြောဆို နေကြပါတယ်။
မြန်မာ့ လေကြောင်း(MA) က အမည်မဖော်လိုတဲ့ အရာရှိကြီးတဦး က“ပြည်တွင်း ဈေးကွက်မှာက လေကြောင်းလိုင်းကများပြီး ခရီး သည်က နည်းနည်းလေးပဲရှိတယ်၊ ဒါကိုပဲ မျှပြီးဆွဲနေကြရတဲ့ အချိန်မှာ လေကြောင်းလိုင်း အကြီးတခု ထပ် ဝင်လာတယ်ဆိုတာက စိုးရိမ်စရာပါ”လို့ ပြောပါတယ်။
အခုလို ဂျပန်လေကြောင်းလိုင်း All Nippon Airways (ANA) နဲ့ ပြည်တွင်းလေကြောင်းလိုင်း (AWA) တို့ရဲ့ ပူးပေါင်းမှုကို နမူနာယူကာ တခြား ပုဂ္ဂလိက လေကြောင်းတွေနဲ့ ပြည်ပ လေကြောင်းလိုင်းကြီးတွေ အနေနဲ့လည်း ဖက်စပ်လုပ်ကိုင် လာကြမယ်ဆိုရင် ပြည်တွင်း ဈေးကွက်ပျက် သွားနိုင်တဲ့အတွက် Asian Wings Airways အနေ နဲ့ နိုင်ငံတကာဈေးကွက် ဘက်ကို ပိုပြီး ထိုးဖောက်သင့်တယ်လို့လည်း သူက ပြောဆိုသွားပါတယ်။
ဂျပန်လေကြောင်းလိုင်းနဲ့ Asian Wings Airways ရဲ့ ပူးပေါင်းတဲ့ လုပ်ရပ်ဟာ ပြည်တွင်းလေကြောင်းလိုင်းတွေ အကြား သဘောတူ ညီထားရှိခဲ့တဲ့ နိုင်ငံခြား လေကြောင်းလိုင်းတွေနဲ့ ဖက်စပ် လုပ်ကိုင်တဲ့အခါ အကန့်အသတ်တွေ ထားရှိဖို့ မူအားဖြင့် သဘော တူညီချက် ကို ချိုးဖောက်ရာကြတယ်လို့ လေကြောင်းလိုင်း လုပ်ငန်းရှင်တွေကလည်း ပြောဆိုထားပါတယ်။
ဂျပန်လေကြောင်းလိုင်း (ANA)က ပုဂ္ဂလိကပိုင် မြန်မာ့ ပြည်တွင်းလေကြောင်းလိုင်း Asian Wings Airways(AWA) ၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းဝယ်ယူ ရင်းနှီးမြုပ်နှံလိုက်ခြင်းဖြင့် မြန်မာ့လေကြောင်းဈေးကွက်ကို ပထမဆုံး စတင် ထိုးဖောက် ဝင်ရောက်လာခဲ့ခြင်း ဖြစ် ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း All Nippon Airways အနေနဲ့ အမေရိကန်ဒေါ်လာ ၃၁.၄၅ သန်းနဲ့ ဝယ်ယူလိုက်ခြင်းဖြစ်ကြောင်းနဲ့ လာမယ့် ၅နှစ်အတွင်း အဲဘတ်စ် အမျိုး အစားလေယာဉ်တွေနဲ့ ဖြည့်တင်းပျံသန်းသွားမယ်လို့ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။
ပြည်တွင်းလေကြောင်း AWAရဲ့ အမှုဆောင် ဒါရိုက်တာ ဦးလွင်မိုးက“ကျနော်တို့နဲ့ ANA ရဲ့ အကြိုညှိနှိုင်းဆွေးနွေးချက်အရ ၂၀၁၈ ခုနှစ်မှာတော့ အဲဘတ်စ် အမျိုးအစား (A320) ၁၀ စင်းလောက်နဲ့ ဒေသတွင်းကို တိုးချဲ့မယ်လို့မှန်းတယ်”လို့ ဆိုပါတယ်။
All Nippon Airways (ANA) လေကြောင်းလိုင်းကတော့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး လေကြောင်းလိုင်းတွေထဲက တခု အပါအဝင် ဖြစ်ပြီး ပြည်တွင်းသာမက ပြည်ပခရီးစဉ်တွေကိုပါ ပျံသန်းနေပါတယ်။
လက်ရှိအခြေအနေကတော့ ပြည်တွင်းလေကြောင်းလိုင်းတွေမှာ ခရီးသည်နည်းပါးနေပြီး ပွင့်လင်း ရာသီရောက်မှသာ နိုင်ငံခြား ခရီးသွား အများအပြားရှိတယ်လို့ သိရပါတယ်။
ပြည်တွင်း ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေကတော့ မြန်မာ့လေကြောင်းလိုင်းနဲ့ Royal Myanmar Transport ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်နေတဲ့ MAI လေကြောင်းလိုင်း၊ စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင် Air Bagan လေကြောင်းလိုင်း၊ ဦးအောင်ကိုဝင်း ပိုင် Air KBZ၊ ဘဏ်လုပ်ငန်းရှင်တွေ စုပေါင်းတည်ထောင်ထားတဲ့ Golden Myanmar Airline ၊ Air Mandalay၊ Yangon Airway စတဲ့ လေကြောင်းလိုင်းတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ လေကြောင်းလိုင်း အများစုဟာ အရင်စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးသမားကြီးတွေကသာ ပိုင်ဆိုင်ကြပြီး
လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရလက်ထက် စတင်ဖွဲ့စည်းခဲ့တဲ့ Union of Burma Airways (UBA)၊ မြန်မာ့ ဆိုရှယ်လစ် လမ်း စဉ်ပါတီ ခေတ် Burma Airways Corporation (BAC)၊ စစ်အစိုးရလက်ထက် Myanma Airways (MA) ဆိုပြီး အမည်ပြောင်းခဲ့တဲ့ နိုင်ငံပိုင်လေကြောင်းလိုင်းတောင်မှ အခုအခါမှာ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးအောင်ကိုဝင်း က ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင် ထားပြီဖြစ် တယ်လို့ သိရပါတယ်။
အလားတူ ဂျပန်လေကြောင်းလိုင်းနဲ့ ဖက်စပ် လုပ်ကိုင်မယ့် Asian Wings Airways လေကြောင်းလိုင်းဟာလည်း စစ်အစိုးရ လက် ထက် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇနဲ့ Sun Far Travels & Tours Co., Ltd ကုမ္ပဏီတို့ ပူးပေါင်းပြီး စတင် ထူထောင်ခဲ့တာဖြစ်တယ်လို့ ပြည်တွင်းစီးပွားရေး အသိုင်းအဝိုင်းက လုပ်ငန်းရှင်ကြီးတွေက ဆိုပါတယ်။
“ကိုလွင်မိုးက မြန်မာ့လေကြောင်းက လေယာဉ်မောင်း၊ အဲဒီက အဲပုဂံ လေယာဉ်မယ်တွေကို သင်ပေးတဲ့ဆရာ၊ အခုတော့ Asian Wings မှာ ဒါရိုက်တာ ဝန်ထမ်းတဦးပါ၊ ဦးသန်းဦးကတော့ Sun Far ပိုင်ရှင်ပဲ၊ ဦးတေဇက ဆန်ရှင်ကိုရှောင်ချင်လို့ လေကြောင်း လိုင်း တခုထောင်တာ တဲ့၊ စထောင်ကတည်းက နာမည်လည်း မပါဘူး၊ အခမ်းအနားလည်း မတက်ဘူး”လို့ စီးပွားရေး လုပ်ငန်းရှင် တဦးက ဆိုပါတယ်။
AWA အမှုဆောင် ဒါရိုက်တာ ဦးလွင်မိုးကတော့ ၎င်းတို့အနေနဲ့ ဦးတေဇပိုင် Air Bagan နဲ့ ဘာမျှ မပတ်သက်ကြောင်း၊ ဦးလွင်မိုးက ၆၀ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး၊ ဦးသန်းဦးက ၄၀ ရာခိုင်နှုန်းပိုင်ဆိုင်ကာ လေယာဉ်သုံးစီးနဲ့ ပြည်တွင်းခရီးစဉ်တွေမှာ ပျံသန်းနေတယ် လို့ ပြောဆို သွားပါတယ်။
Asian Wings Airways လေကြောင်းလိုင်းဟာ စတင်တည်ထောင်စဉ်က အသုံးပြုပြီးသား ATR 72 လေယာဉ်နှစ်စီးနဲ့ စတင်ခဲ့ပြီး နောက် အဲဘတ်စ် A321 တစင်း ထပ်မံဝယ်ယူကာ နိုင်ငံတကာဈေးကွက် သို့ ဝင်ရောက်ဖို့ စီစဉ်ခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံတကာ ပိတ်ဆို့မှုတွေ ရုပ်သိမ်းသွားပြီးသည့်နောက် ကြီးထွားလာမယ့် မြန်မာ့ ခရီးသွား ဈေးကွက်ကို ရည်ရွယ်ကာ Asian Wings Airways အနေနဲ့ လုပ်ဆောင်နေတယ်လို့ နိုင်ငံတကာ လေကြောင်းလိုင်းတွေနဲ့ ပတ်သက်ပြီး ရေးသားထုတ်ပြန်နေတဲ့ CAPA ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။