ရန်ကုန်မြို့ စည်ပင်သာယာ နယ်နမိတ်အတွင်း ဆိုင်ကယ်စီးခွင့်မရှိသော နယ်မြေများတွင် ဆိုင်ကယ်များ စီးနင်းနေကြသည့်အပြင် လိုင်စင်မဲ့ ဆိုင်ကယ်များ ပိုမိုများပြားလာသည့်အတွက် မကြာမီ အချိန်အတွင်း စီးနင်းကြသူများကို ထောင်ဒဏ်ဖြင့် အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။
စည်ပင်သာယာနယ်နမိတ် ၃၁ မြို့နယ်တွင် ဆိုင်ကယ်စီးနင်းခွင့်ကို ပိတ်ပင်ထားသော်လည်း ပုံစံမျိုးစုံဖြင့် လိုင်စင်မဲ့ ဆိုင်ကယ်များ စီးနင်းနေကြသည့်အတွက် စီးနင်းသူများကို သွင်းကုန်ထုတ်ကုန် ဥပဒေအရ ထောင်ဒဏ် ၃ နှစ်၊ နောက်မှ လိုက်ပါစီးနင်းသူအား ထောင်ဒဏ် ၆ လ ချမှတ်ကာ ဆိုင်ကယ်ကို နိုင်ငံပိုင်အဖြစ် သိမ်းယူမည်ဟု မြို့နယ်အနှံ ရပ်ကွက်အလိုက် ကြေညာအသိပေးနေကြောင်း စုံစမ်းသိရှိရသည်။
“စီးနင်းခွင့်မရှိတဲ့ နယ်မြေမှာ စီးရင် ဖမ်းမယ်။ စီးနင်းခွင့်ရှိတဲ့ နယ်မြေမှာလည်း လိုင်စင်မဲ့ဆိုင်ကယ်တွေ စီးရင်လည်း အဲဒီအတိုင်း အရေးယူမယ်လို့ ညွှန်ကြားချက်ရ ထားပါပြီ။ ဖမ်းပုံဖမ်းနည်းကတော့ သူ့မြို့နယ်အလိုက် စီမံပုံ ကွာခြားမှာပေါ့။ အဓိက ဖမ်းမှာကတော့ မီးပွိုင့်တို့၊ လမ်းဆုံလမ်းခွ၊ လမ်းမကြီးတို့ကနေ စောင့်ဖမ်းမှာပေါ့။ တကယ် အရေးယူမှာက ရဲနဲ့ယာဉ် ထိန်းတပ်ဖွဲ့တို့ကပဲ တရားစွဲရမှာလို့ သတ်မှတ်ထားတာ” ဟု သင်္ဃန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးရေးအဖွဲ့တွင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့ပေါ်တွင် လိုင်စင်မဲ့ ဆိုင်ကယ်များ စီးနင်းနေမှုကို အပြီးတိုင် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
စီမံချက်ကာလကို တိတိကျကျ မပြောနိုင်သော်လည်း တားမြစ်နယ်မြေများတွင် ဆိုင်ကယ်စီးနင်းလာသည်ကို တွေ့လျှင်၊ လိုင်စင်မဲ့ ဆိုင်ကယ်များဖြစ်လျှင် ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရန် ယခုလို အုပ်ချုပ်ရေးအပိုင်းနှင့် ပူးပေါင်းကာ ဖမ်းဆီးရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ဦးသာဌေးက ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးရေးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုလည်း ဖမ်းဆီးခွင့်အာဏာ ပေးအပ်ထားကြောင်း၊ သို့ရာတွင် ဖမ်းဆီးစဉ် ပဋိ ပက္ခများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာသို့ အမြန်ဆုံး အကြောင်းကြားရမည်ဖြစ်ကြောင်း၊ ညွှန်ကြားချက်များက တမြို့နယ် နှင့်တမြို့နယ် ကွာခြားမှုရှိနိုင်ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဇေယျာအုန်းကလည်း ပြောသည်။
“အရင်က ဆိုင်ကယ်ပဲဖမ်းတယ်၊ လူကို အရေးမယူခဲ့ဘူး။ အခုက လူကိုပါ အရေးယူမှာ။ လိုင်စင်မဲ့ဆိုင်ကယ်တွေ မစီးရ နယ်မြေမှာ စီးတာတွေများလာတဲ့အတွက်ပါ။ ဒါကို ထိရောက်စွာ အရေးယူမလို့ပါ။ ကျနော်တို့ကို ဖမ်းပါလို့ပဲ ညွှန်ကြားချက် ပေးထားတာ။ စီးတာတွေ့တာနဲ့ ဖမ်းပိုင်ခွင့်ရှိပါတယ်။ တကယ်လို့ တွေ့တယ်ဆိုရင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုလည်း ဖမ်းခိုင်းထားတယ်” ဟု ၎င်းက ဆိုသည်။
ထိုသို့ ဖမ်းဆီးရေးတွင် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများဖြစ်လာလျှင် ဥပဒေအရ ထပ်မံအရေးယူမည်ဖြစ်ကြောင်း၊ ဖမ်းဆီးရေးအဖွဲ့များက မသမာမှုများပြုလုပ်လျှင် သက်ဆိုင်ရာသို့ အသိပေးတိုင်ကြားနိုင်ပြီး ၎င်းတို့ကို ပြန်လည် အရေးယူမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
သို့ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် ဖမ်းဆီးရေးအဖွဲ့တွင် ပါဝင်မည်ဟုဆိုသော်လည်း ပူးပေါင်းအဖွဲ့မှသာ ဖမ်း ဆီးခွင့်ရှိမည်ဖြစ်ပြီး တဖွဲ့ချင်းအနေဖြင့် ဖမ်းဆီးရန် မဖြစ်နိုင်ကြောင်း၊ ဒေသခံပြည်သူများ စီးနင်းနေသည့် ဆိုင်ကယ်များအပြင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များကိုပါ လိုင်စင်မဲ့ဆိုင်ကယ်များ စီးနင်းလာလျှင် ဖမ်းဆီးအရေးယူခွင့် ရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး တဦးက ဧရာဝတီသို့ ပြောသည်။
“ရဲတွေဆိုလည်း ယူနီဖောင်း အပြည့်အစုံ ဝတ်ထားရမယ်။ တဦးတည်း စီးလာရမယ်။ အရေးပေါ်ကာလ သွားလာခွင့်အတွက် ခွင့်ပြုချက်လက်မှတ် ပါရမယ်။ အဲဒါတွေ မပါရင်
သူတို့ကိုပါ ဖမ်းလို့ရတယ်။ ရပ်ကွက်ဥက္ကဌပဲဆိုပြီး စီးနေတာကိုလည်း မြင်ရင် ဖမ်းမှာပဲ။ လူတွေက အခုရဲတွေစီးနေသလို ဆိုင်ကယ် အနောက်မှာ အရေးပေါ် မီးတိုင်ထားပြီး ပုံမှားရိုက် စီးနေကြ တာတွေလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ယခုနောက်ပိုင်းတွင် တချို့မြို့နယ်များတွင် ဆိုင်ကယ်စီးပြီး လုယက်မှုများ ဖြစ်ပေါ်လာခြင်း၊ ဆိုင်ကယ်အုပ်စုလိုက် စီးနင်းနေသည့်အတွက် ယာဉ်တိုက်မှုများ ပိုမိုဖြစ်ပွားလာခြင်းကြောင့် ထိုသို့ စီမံချက်များ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စီမံချက်ကို မည်သည့်အချိန်တွင် စတင်မည်ကိုတော့ တိတိကျကျ မသိရသေးပေမယ့် ညွှန်ကြားချက်များကို ပြည်သူလူထုများ သိရှိနိုင်စေရန် ရပ်ကွက်တိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြေညာခြင်း၊ အသိပေးစာများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ကပ်ထားပေးခြင်းများ ပြုလုပ်ထားကြောင်း သိရသည်။