မြန်မာနိုင်ငံ အတွင်းသို့ စီးပွားရေးကိစ္စ၊ အလည်အပတ် ကိစ္စအတွက် ထိုင်း – မြန်မာ နယ်စပ် ဂိတ်များ ဖွင့်ပေးလိုက်သော်လည်း အဆိုပါ ဂိတ်များမှ နိုင်ငံခြားသား ဝင်ရောက်မှု နည်းပါးနေသေးကြောင်း တာချီလိတ်မြို့တွင် နေထိုင်သည့် ခရီးသွား ဧည့်လမ်းညွှန် ဦးစိုင်းရီက ဧရာဝတီသို့ ပြောသည်။
နယ်စပ်ဂိတ်များမှ ဝင်ရောက်ရန် အဓိက အခက်အခဲမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် ဆိုက်ရောက်ဗီဇာ ထုတ်မပေးနိုင် သောကြောင့် ဖြစ်ကြောင်း သိရသည်။
“အခု တတိယ နိုင်ငံသားတွေ အတွက် အခက်အခဲ ဖြစ်နေသလို၊ ထိုင်းနိုင်ငံသားတွေ အတွက်လည်း အခက်အခဲ ဖြစ်တယ်။ သူတို့က မြန်မာပြည်ကို လာချင်ရင် သံရုံးကို ဗီဇာ သွားယူရတော့ အဆင်မပြေဘူး၊ ဆိုက်ရောက်ဗီဇာ ရှိတော့ ပိုပြီး အဆင်ပြေ တယ်။ အခုထိတော့ နိုင်ငံကူးကတ်နဲ့ ဝင်လာတဲ့ နိုင်ငံခြားသား သိပ်မရှိသေးဘူး” ဟု ဦးစိုင်းရီက ပြောသည်။
သို့ရာတွင် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ၁ ဦးတင်ထွန်းအောင်ကမူ နယ်စပ် ဂိတ်ပေါက် များတွင် နိုင်ငံခြားသားများကို တရားဝင် ဗီဇာဖြင့် ဝင်ထွက်သွားလာခွင့် ပြုလိုက်သဖြင့် နယ်စပ်ဒေသ များရှိ လူနေမှု၊ လမ်းပန်း ဆက်သွယ်ရေး၊ တိုင်းရင်းသား ဒေသခံများ အတွက် အလုပ်အကိုင်၊ စီးပွားရေး အခွင့်အလမ်း များစွာ တိုးတက်လာပြီး ခရီးသွားဦးရေ မြင့်တက်လာနိုင်သည်ဟု ဧရာဝတီသို့ ခန့်မှန်း ပြောဆိုသည်။
“နိုင်ငံခြားသား တော်တာ်များများက နယ်စပ်ဂိတ်ကနေ ဝင်လာပြီး တိုင်းရင်းသား လူမျိုးတွေရဲ့ နေထိုင်မှု တွေကို လိုက်ကြည့် ချင်ကြတယ်။ ဒီလို ဖွင့်လိုက်ရင်တော့ နိုင်ငံခြားသား ဝင်ရောက်မှုက သိသိသာသာ တိုးလာမှာပါ။ ဒီအချိန်မှာ ဆိုက်ရောက် ဗီဇာကို နယ်စပ်ဂိတ်မှာ မပေးနိုင်လည်း နောင်တချိန်တော့ ဖြစ်လာမှာပါ” ဟု ဦးတင်ထွန်အောင်က ဆိုသည်။
ယခု ဖွင့်လှစ်လိုက်သော ထိုင်း – မြန်မာ နယ်စပ် ဂိတ်နေရာများမှာ မဲဆောက်-မြဝတီ (ကရင်ပြည်နယ်)၊ မယ်ဆိုင် – တာချီလိတ် (ရှမ်းပြည်နယ် အရှေ့ပိုင်း)၊ ရနောင်း – ကော့သောင်း (တနင်္သာရီတိုင်း)၊ မူနာရွန် – ထီးခီး (တနင်္သာရီတိုင်း မေတ္တာ မြို့နယ်ခွဲ) တို့ဖြစ်ပြီး သြဂုတ် ၂၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။