ကြွေးကျန်ရှိနေသော မွေးမြူရေးနှင့် ရေလုပ်ငန်းရှင်များမှာ သတ်မှတ်ကာလအတွင်း အကြွေး ပြန်မဆပ်နိုင်သောကြောင့် တရားစွဲဆို အရေးယူရန် စီစဉ်နေပြီဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ဒုတိယ ရုံးအဖွဲ့မှူး ဦးအောင်ဇံထွေးက ဧရာဝတီသို့ ပြောသည်။
“အကြွေး ပြန်မဆပ်နိုင်တဲ့ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေကို ဥပဒေကြောင်းအရပဲ တရားစွဲဖို့ စီစဉ်နေတယ်။ တရားမကြောင်း အရ အမှုဖွင့်ပြီးတော့ တရားရုံး ဆုံးဖြတ်ချက်အတိုင်း အရေးယူမှာပါ” ဟု ဦးအောင်ဇံထွေးက ဆိုသည်။
နိုင်ငံတော်သို့ အကြွေးပေးရန် ကျန်ရှိသည့် လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများသည် ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ပေးသွင်းရန် အမိန့်ထုတ်ပြန်ထားပြီး ကြွေးကျန် မဆပ်နိုင်သော ကုမ္ပဏီ၊ လုပ်ငန်းရှင် များထဲတွင် ယခင် မွေး/ရေ ဝန်ကြီးဟောင်း ဗိုလ်မှူးချုပ် မောင်မောင်သိမ်း၏ သားပိုင်ဆိုင်သော ကုမ္ပဏီလည်း ပါဝင်နေကြောင်း၊ ယင်း ကုမ္ပဏီ သည် ပေးဆပ်ရမည့်ကြွေး အများဆုံး ဖြစ်နေကြောင်း မွေး/ရေ လုပ်ငန်းရှင် အသိုင်းအဝိုင်းက ဆိုသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ၂၀၀၅ ခုနှစ်ခန့်မှ စတင်ကာ လုပ်ငန်းရှင်များ မွေးမြူရေး အစာ ဝယ်ယူနိုင်ရန် အကြွေးစနစ်ဖြင့် ငွေထုတ်ချေးခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် လုပ်ငန်းရှင်များ အနေဖြင့် သဘာဝဘေး အန္တရာယ်များ ရင်ဆိုင်ရခြင်း၊ ငွေလဲနှုန်း အတက်အကျ များစွာ ကြုံတွေ့ခဲ့ရခြင်းနှင့် နိုင်ငံခြားဈေးကွက် အခိုင်အမာ မရရှိခဲ့ခြင်း တို့ကြောင့် အကြွေး ပြန်မဆပ်နိုင်ခြင်း ဖြစ်ကြောင်း မွေးမြူရေး လုပ်ငန်းရှင် တဦးက ဧရာဝတီကို ပြောသည်။
အဓိက ကြွေးကျန်သူများမှာ ငါးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်နေသူများ ဖြစ်ပြီး အစာကုန်ကြမ်း အကြွေးများ ဖြစ်ကြောင်း၊ ကြွေးကျန် မဆပ်နိုင်သော ကုမ္ပဏီနှင့် လုပ်ငန်းရှင် ၇၅ ဦးရှိရာ ၁၂ ဦးခန့်မှာ သတ်မှတ်ကာလအတွင်း ကြွေးကျန် ပြန်လည် ပေးသွင်းလာပြီး ကျပ်သန်းပေါင်း ၁၃၀၀ ကျော် ပြန်လည်ရရှိခဲ့ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရရှိမည့် ကြွေး စုစုပေါင်းမှာ
ကျပ်သန်းပေါင်း နှစ်သောင်းကျော် ရှိနေကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယခုအချိန်တွင် အစိုးရအနေဖြင့် လုပ်ငန်းရှင်များကို အရေးယူခြင်းထက် မြေတောင်မြှောက်ပေး သင့်သော အချိန်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ ဘက်တွင်လည်း ဈေးကွက်၊ ကုန်ကြမ်း စသည်ဖြင့် အခက်အခဲများစွာ ရှိနေကြောင်း၊ အကြွေး ပြန်ဆပ်မည် ဖြစ်သော်လည်း အချိန်ပေးရန် လိုအပ်ကြောင်း အစိုးရထံသို့ အကြွေးပေးရန် ကျန်ရှိနေသော ဧရာဝတီမြေပဲဆီ ထုတ်လုပ်ရေးမှ ဦးခင်စိုးက ပြောသည်။
“နိုင်ငံတော်ပိုင် ငွေကြေးကို အလွဲသုံးစား လုပ်တယ်လို့ အထင်ခံရတာ ကျနော် စိတ်မကောင်းဘူး။ ကျနော်တို့မှာ ဈေးကွက် မရှိဘူး။ ငွေကြေးအားဖြင့် ပြေလည်အောင် မပေးနိုင်တာကလွဲလို့ ကောင်းမွန်တဲ့ ပဲဖတ်တွေ ပေးသွင်း နိုင်ခဲ့တယ်။ ကျနော်က ပေးစရာ သိန်း ၅ ထောင်ရှိတယ်။ ရန်ပုံငွေ အတိုးကိုတော့ ပုံမှန်ပေးခဲ့တယ်။ သိန်း လေးထောင့်ငါးရာ ပေးပြီးပြီ။ မဆပ်နိုင် မှာလည်း မပူဘူး။ မြန်မာ့မြေပဲဆီကို ကမ္ဘာ့အဆင့်မီအောင် ထုတ်နေတာ။ ကျနော်တို့ အချိန်နည်းနည်းပဲ လိုတယ်” ဟု ဦးခင်စိုးက ပြောသည်။
အစိုးရကလည်း နိုင်ငံတော် ဘဏ္ဍာအတွက် အကြွေးများ ပြန်လည်ရရှိရန် လုပ်ဆောင်နေသကဲ့သို့ လုပ်ငန်းရှင်များ အနေဖြင့်လည်း အခက်အခဲများစွာနှင့် အကြွေး ပြန်မဆပ်နိုင်သော အခြေအနေတွင် တရားရုံးသို့ ရောက်ရှိတော့မည် ဖြစ်ရာ မွေး/ရေ လုပ်ငန်းရှင်များ အရေးယူခံရပါက မြန်မာ့သားငါး ဈေးကွက်ကို ထိခိုက်လာနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
မွေး/ ရေ လုပ်ငန်း ကြွေးကျန်စာရင်းများကို ၂၀၁၄ ခုနှစ် နောက်ဆုံးထား၍ ရသည်အထိ တောင်းခံရန် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို တိုက်တွန်းထားကြောင်း ပြည်ထောင်စုလွှတ်တော် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင် ဒေါက်တာ တင်ဌေးအောင်က ပြောသည်။
“၂၀၁၄ မှာ အကျေအလည် ဆပ်ပါမယ်ဆိုတဲ့ ကတိကဝတ် တောင်းထားတယ်။ ဝန်ကြီးဌာနနဲ့ လုပ်ငန်းရှင်တွေ အကြားမှာ စာချုပ်တွေလည်း ရှိတော့ စာချုပ်အတိုင်း လိုက်နာအောင်လုပ်ဖို့ လွှတ်တော်က တောင်းဆိုထားတယ်” ဟု ဒေါက်တာ တင်ဌေးအောင်က ဆိုသည်။
ကြွေးကျန်ဆပ်ရန် (Legal Notice) သတိပေးစာ ထုတ်ပြန်ထားသူ လုပ်ငန်းရှင် ၇၅ ဦးအနက်မှ ပုဂ္ဂလိက လုပ်ငန်းရှင် ဦးမောင်မောင်ကြီးသည် ဝက်ဖိုး ကျပ်သန်း ၇၃. ၃၅၈ သန်းကို သြဂုတ်လ ၂၉ ရက်နေ့တွင် အကျေ ပေးဆပ်ပြီးကြောင်း မွေး/ရေ ဝန်ကြီးဌာနက စက်တင်ဘာ ၂ နေ့တွင် ၎င်း၏ facebook စာမျက်နှာမှ တဆင့် ထုတ်ပြန်လိုက်သည်။
အကြွေး ပြန်ဆပ်သူများကို နိုင်ငံပိုင် သတင်းစာနှင့် ဝန်ကြီးဌာနက ဖွင့်လှစ်ထားသော တရားဝင် facebook စာမျက်နှာများတွင် ပြန်လည် ကြေညာပေးနေကြောင်း၊ မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်း လုပ်ငန်းမှလည်း အကြွေး တောင်းခံသည့် သတိပေးစာ ထုတ်ပြန်ထားပြီး ကြွေးပြန်လည် မပေးပါက ဥပဒေနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း သိရသည်။