စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း ဖမ်းဆီးထားသူများထဲမှ ၁ ဦးကို ဖြစ်စဉ်အပြီး ၁၂ ရက်အတွင်း ထောင်ဒဏ် ချမှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၄ ရက်နေ့ နေ့လယ် ၃ နာရီအချိန် ကန့်ဘလူမြို့နယ် တရားရုံးမှ အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
သြဂုတ်လ ၂၄ ရက်နေ့က ထန်းကုန်း ပဋိပက္ခ ဖြစ်စေရန် စတင်ဖန်တီးသူဟု စွပ်စွဲ ပြောဆိုခံရသည့် ဆန်းမင်းဦး (ခ) လွတ်ခမန်းကို မိန်းကလေးတဦးအား ကာယိန္ဒြေ ပျက်ပြားစေရန် လုပ်ဆောင်မှု၊ အဓမ္မမှု ကျူးလွန်ရန် ကြံစည်မှုများဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။
၎င်းကို ပုဒ်မ ၃၇၆ (မုဒိန်းမှု)၊ ၅၁၁ (ကြံစည်မှု) တို့ဖြင့် ထောင်ဒဏ် ၅ နှစ်၊ ပုဒ်မ ၃၅၄ (ကာယိန္ဒြေ ပျက်ပြားရန် လုပ်ဆောင်မှု) ဖြင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့တွင် သြဂုတ်လ ၂၄ ရက် နေ့က အလုပ်မှ ပြန်လာသည့် အမျိုးသမီးတဦးကို အစ္စလမ် ဘာသာဝင် ဆန်းမင်းဦး (ခ) လွတ်ခမန်းက အဓမ္မ ပြုကျင့်ရန် ကြံစည်ခဲ့သည်ဆိုသည့် သတင်း ထွက်ပေါ်ခဲ့ရာမှ အကြမ်းဖက် မီးရှို့မှုများ ဖြစ်ပွားခဲ့ရာ လူနေအိမ်ပေါင်း ၄၈ လုံးနှင့် လူပေါင်း ၂၉၂ ဦး ဒုက္ခသည် ဖြစ်ခဲ့ရသည်။
ဆန်းမင်းဦးသည် ထန်းကုန်းမြို့တွင် နေထိုင်သူဖြစ်ပြီး ၎င်း၏ မွေးစာရင်းအရ အသက် ၁၆ နှစ်နှင့် နှစ်လ နီးပါးသာ ရှိသေးကြောင်း၊ ဉာဏ်ရည် ကောင်းစွာ မပြည့်ဝသူ ဖြစ်သဖြင့် ခုနစ်တန်း အရောက်တွင် မိဘများက ကျောင်းဆက်မထား တော့ကြောင်း အစ္စလမ် ဘာသာရေး ဆရာတဦးဖြစ်သူ ဦးရန်နိုင်က ပြောသည်။
ယင်းဖြစ်စဉ်ကြောင့်လည်း ဆန်းမင်းဦး အပါဝင် တရားခံဟု ယူဆရသူ ၁၂ ဦးကို ဖမ်းဆီးထားခဲ့ပြီး သြဂုတ်လ ၂၈ ရက်နေ့က ဖမ်းဆီးထား သူများထဲမှ အုတ်ဖို ကျေးရွာသားတဦး ဖြစ်သူ ဦးဆန်းချိုမှာ ရွှေဘိုမြို့နယ် ဆေးရုံတွင် သွေးဝမ်း သွားသည်ဟူသော ယူဆချက်ဖြင့် သေဆုံးခဲ့ရသည်။ ကျန်သည့် တရားခံဟု ယူဆရသူ ၁၀ ဦးကို အမျိုးအမည် မသိသော ပုဒ်မများဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။
“အဖမ်းခံရတဲ့ သူတွေက တကယ့်တရားခံ အစစ်တွေမဟုတ်ဘူး။ အဲဒီနေရာကို သွားကြည့်တဲ့ သူတွေရယ်၊ လက်ထဲမှာ ဓာတ်မီး ကိုင်ထားတဲ့ သူတွေရယ်ကို ရဲတွေက အကြောင်းပြပြီး ဖမ်းသွားတာ။ ဖမ်းတာကလည်း ည ၂ နာရီလောက် ရွာထဲဝင်ပြီး ဖမ်းတာ။ ဒါမျိုး မဖြစ်သင့်ဘူး။ အခုလည်း ဖမ်းထားတဲ့ သူတွေကို ဝင်တွေ့တော့လည်း အတွေ့မခံဘူး။ ဘာပုဒ်မတွေလဲ ဆိုတာ မေးတော့လည်း သေချာမပြောနိုင်ဘူး။ ပွင့်လင်း မြင်သာမှု မရှိဘူးဖြစ်နေတယ်။ ဒီလိုနဲ့ပဲ ထင်ယောင် ထင်မှားတွေနဲ့ ထောင်ကျကုန်တော့မှာ။ ရွာသားတွေ ဆိုတော့ သူတို့နောက်က မိသားစုတွေအတွက် စိုးရိမ်မိပါတယ်” ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က ပြောသည်။
ယင်းကဲ့သို့ အချိန်တိုအတွင်း တရားခံကို အမိန့်ချမှတ်ခဲ့သည့် အတွက် ဗုဒ္ဓဘာသာဘက်မှ လူအများ ကျေနပ် သွားခဲ့ရကြောင်း၊ အမုန်းမီးများကြောင့် ဖြစ်ပေါ်လာသော စိတ်ခံစားချက် များလည်း ပြေလျော့သွားကြောင်း ထန်းကုန်းကျေးရွာတွင် နေထိုင်သည့် ကိုမင်းကြည်ဦးက ပြောသည်။
ကျန်ရှိနေသည့် တရားခံဟု ယူဆရသည့် သူ ၁၀ ဦးကို ရွှေဘိုအကျဉ်းထောင်တွင် စစ်ဆေးမှုများ ပြုလုပ်နေပြီး အဆင့်ဆင့် ရုံးတင် စစ်ဆေးသွားမည် ဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ရဲမှူးက ပြောသည်။
ထောင်ဒဏ် ချမှတ်လိုက်သည့် တရားခံ ဆန်းမင်းဦး (ခ) လွတ်ခမန်းကို မန္တလေး အိုးဘိုထောင်သို့ ယင်းနေ့ကပင် ပို့လိုက်ပြီ ဖြစ်ကြောင်း သိရသည်။