ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် တွင် ရင်းနှီးမြှုပ်နှံ မည်ဆိုပါက အစိုးရ ထိန်းချုပ်မှု ကင်းသော ရင်းနှီးမြုပ်နှံမှု ပုံစံသစ်ဖြင့် ခွင့်ပြုသွားမည် ဖြစ်ကြောင်း ကျောက်ဖြူ အထူး စီးပွားရေးဇုန် ဖော်ဆောင်ရေး အကြံပေး အဖွဲ့ ဒုတိယဥက္ကဋ္ဌ ၊ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
စက်တင်ဘာ ၈ ရက်နေ့ ရန်ကုန်မြို့ အင်း လျားလိတ်ဟိုတယ်တွင် ကျင်းပသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဆွေးနွေးပွဲတွင် ဒေါက်တာမောင်မောင်သိမ်းက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်တွင် အကောင်အထည် ဖော်လျက်ရှိသည့် အထူးစီးပွားရေးဇုန် စီမံကိန်း အတွက် စောင့်ကြည့် လေ့လာရေးအဖွဲ့တခု ဖွဲ့စည်းမည်ဖြစ်ပြီး စီမံကိန်း ရင်းနှီးမြုပ်နှံမှုများ တွင် အစိုးရ၏ ထိန်းချုပ်မှု ပါဝင်မည် မဟုတ်ဟု ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။
“စီးပွားရေးဇုန် ၃ ခုလုပ် နေတဲ့ နေရာမှာ သီလဝါအထူးစီးပွားရေးဇုန်နဲ့ ထားဝယ်စီးပွားရေးဇုန်က အစိုးရတွေ ပါတယ်။ ကျောက်ဖြူမှာ အစိုးရပိုင်း မပါဘူး။ နိုင်ငံတကာ ကျင့်သုံးမှုနဲ့ အညီ တင်ဒါစနစ်နဲ့ပဲ သုံးမယ်။ ဒီတော့ Consortium လို ပူးပေါင်း အဖွဲ့ တခုကို အရင်ဖွဲ့မယ်။ အဲဒီအတွက် တင်ဒါခေါ်မယ်။ ပြီးရင် နိုင်ငံတကာကနေ ရင်းနှီးမြုပ်နှံမှု တင်ဒါ ခေါ်မယ်”ဟု ၎င်းက ပြောသည်။
ကျောက်ဖြူ စီမံကိန်း စောင့်ကြည့် လေ့လာရေး ပူးပေါင်းအဖွဲ့ ဖွဲ့စည်းရေးအတွက် နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ကျောက်ဖြူ လူမှု အဖွဲ့အစည်းများ၊ ရခိုင်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း အများပိုင် ကုမ္ပဏီ၊ ကျောက်ဖြူ ခရိုင် ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း အများပိုင် ကုမ္ပဏီများ အပါအဝင် လူမှုစီးပွား အဖွဲ့အစည်းများ အားလုံးကို ဖိတ်ခေါ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဖြူ စီမံကိန်း စောင့်ကြည့် လေ့လာရေးအဖွဲ့ ဖွဲ့စည်းမှုကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် တရားဝင် ထုတ်ပြန် ကြေညာမည် ဖြစ်ပြီး ဒီဇင်ဘာတွင် ရင်းနှီးမြှုပ်နှံသူများအတွက် စည်းမျဉ်းများ ရေးဆွဲမည်ဖြစ်ကြောင်း၊ ယင်းနောက်ရင်းနှီး မြှုပ်နှံမှု များကို ဖိတ်ခေါ်ပြီး တင်ဒါအောင် သည့် ရင်းနှီးမြှုပ်နှံသူများကို ၂၀၁၄ ခုနှစ် တွင် ထုတ်ပြန်ကြေညာမည် ဖြစ် ကြောင်း ၊ ကျောက်ဖြူ ရေနက် စီမံကိန်း အထူးစီးပွားရေးဇုန် ၂၀၁၄ ခုနှစ်တွင် စတင် အကောင်အထည် ဖော်မည်ဖြစ်ပြီး သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှု လေ့လာ စစ်ဆေးမှုများကို ၂၀၁၃ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်မည်ဟု သိရှိရသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဖော်ဆောင်ရေး အကြံပေးအဖွဲ့ ဥက္ကဋ္ဌ၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်း ၁၀ ခု ခန့် တည်ဆောက်နိုင်ပြီး လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများ မဖြစ်ပွားစေရန်လည်း လုံခြုံရေး အစီအစဉ်များ ပါရှိမည်ဖြစ်ကြောင်း ပြောဆိုသည်။
“လုံခြုံရေးပိုင်း စိတ်ပူတယ် ဆိုတာက ပြဿနာက အမြဲတမ်း ဖြစ်နေမှာမဟုတ်ဘူး။ ဒေသခံတွေကလည်း သူတို့ တိုးတက်မှု ပိုင်း အတွက် အကုန်လုံး ထိန်းကြမှာပဲ။ ဘာပြဿနာမှ ကြီးကြီး မားမား ဖြစ်စရာ မရှိပါဘူး”ဟု ဦးမြင့်သိန်း က ပြောသည်။
ကျောက်ဖြူ စီးပွားရေးဇုန် စီမံကိန်းအတွက် စစ်တော၊ ဆီမောကျေးရွာ ၂ ခု ပြောင်းရွှေ့ရမည်ဖြစ်ပြီး ဒေသခံများ ပြန်လည် နေရာချထားရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များက စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ရခိုင်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်းမှ ဦးအောင်ကျော်သန်းက “ပြောင်းရွှေ့မှုက သက်ဆိုင်ရာက ဆောင်ရွက်နေတယ်။ စီမံကိန်းမှာ လယ်မြေတွေ မပါရအောင်လုပ်ထားတယ်။ ပြောင်းရွှေ့ရမယ့် လူဦးရေကိုလည်း အနည်းဆုံး ပြောင်းရအောင် လုပ်နေတယ်။ စောင့်ကြည့် လေ့လာရေးအဖွဲ့မှာ ရခိုင်ဒေသခံတွေ ထည့်သွင်းဖွဲ့ဖို့လည်း လုပ်ထားတယ်။ ပြည်သူတွေ အတွက် အမှန်ကန်ဆုံး လုပ်ပေးဖို့ ဆောင်ရွက်နေတယ်”ဟု ဆိုသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ကျောက်ဖြူမြို့၏ အရှေ့ခြမ်းတွင် တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်းကြောင့် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်းမြို့များ ဖွံ့ဖြိုးတိုးတက်လာမည်ဟု အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။