တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးမှ ထွက်ရှိလာသော တပ်မတော်၏ သဘောထား ၆ ချက်သည် မျှတမှု မရှိဘဲ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း တိုင်းရင်းသား အဖွဲ့အစည်း များက ဆိုသည်။
အပစ်အခတ် လက်မှတ် ထိုးပြီးမှ တိုက်ပွဲဆက်လက် ဖြစ်ပွားမှုနှင့် ပတ်သတ်ကာ မြန်မာ့ တပ်မတော်မှ သဘောထား ၆ ချက် ကြေညာထားပြီး ၎င်းတို့မှာ လူမသတ်ရန်၊ အဓမ္မ တပ်စုဆောင်းခြင်း မပြုရန်နှင့် ဆတ်ကြေး မကောက်ရန်၊ တပ်နေရာသစ် တိုးချဲ့ တည်ဆောက်ခြင်း မပြုရန်၊ မဟာမိတ် တပ်ဖွဲ့များအတွင်းသို့ အပစ်ရပ်ထားသော အဖွဲ့မှ တပ်သားများ ထည့်သွင်း တိုက်ခိုက်ခြင်း မပြုရန်၊ အစိုးရ အုပ်ချုပ်ရေးပိုင်းတွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုရန်နှင့် တပ်မတော်၏ အုပ်ချုပ်မှု အောက်ရှိ ပြည်သူ့စစ် တပ်ဖွဲ့များကို တိုက်ခိုက်ခြင်း မပြုရန်တို့ ဖြစ်ကြောင်း သိရသည်။
“အမှန်ဆိုရင် ဒီအချက်တွေက နိုင်ငံရေးဆွေးနွေးပွဲမှာ သွားဆွေးနွေးရမယ့် အချက်တွေဖြစ်တယ်။ ဥပမာ – တပ်သားသစ် မစုဆောင်းရဘူး ဆိုတဲ့ နေရာမှာ တဘက်ကိုကျတော့ ပိတ်ပင်ထားပြီး တပ်မတော်ကျတော့ တပ်အင်အားတွေ စုနေတယ်၊ ချဲ့နေတယ်၊ တိုင်းရင်းသား လက်နက်ကိုင် အရေအတွက်က တပ်မတော်ကို မမှီပါဘူး။ တကယ်ပဲ ငြိမ်းချမ်းရေးကို လိုလားတယ် ဆိုရင် တပ်တွေတောင်မှ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ နီးစပ်ရာနေရာတွေမှာ လျှော့ချပေးရမယ်။ တပ်တွေ ဆုတ်ပေးတာမျိုး လုပ်ရမယ်” ဟု ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ ရှမ်းပြည် တပ်မတော်တောင်ပိုင်း (RCSS/ SSA) မှ ဗိုလ်ကြီး စိုင်းမိန်းက ဆိုသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနှင့် ဖြေရှင်းရမည် ဖြစ်ကြောင်း၊ အားလုံး ပါဝင်သည့် ဆွေးနွေးပွဲ လိုအပ်နေပြီ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“တပ်မတော်ကတော့ ဆတ်ကြေး မကောက်နဲ့ လွယ်လွယ် ပြောမှာပေါ့၊ သူတို့က နိုင်ငံတော် ဘတ်ဂျက်ရှိတာကိုး။ တဘက်က ကြည့်ပြန်တော့ တိုင်းရင်းသားအဖွဲ့တွေ ကလည်း ဒါကို ဘယ်လုပ်ချင်မလဲ၊ လိုက်နာဖို့လည်း ခက်တယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနဲ့ မရှင်းဘဲ၊ အခုတော့ လက်မှတ်သာ ၂ ခါ ထိုးလိုက်ရတယ်၊ ထိုးပြီးတော့လည်း တိုက်ပွဲက ၁၀၀ လောက် ပြန်ဖြစ် နေတာပဲ။ ငြိမ်းချမ်းရေးအဖွဲ့က ငြိမ်းချမ်းရေး အလုပ်လုပ်နေတာပဲ၊ တပ်မတော်ကလည်း တပ်မတော် အလုပ်လုပ်နေတယ်။ ညှိမှ ရတော့မယ်” ဟု သူက ဆိုသည်။
တိုက်ပွဲ ထပ်မံ ဖြစ်ပွားရခြင်းသည် တိုင်းရင်းသား လက်နက်ကိုင်များက တပ်မတော်၏ သဘောထား ၆ ချက်ကို ဖောက်ဖျက် သဖြင့် ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ဆွေးနွေး တွေ့ဆုံပွဲများတွင် တပ်မတော် ကိုယ်စားလှယ်များက ပြောလေ့ရှိကြောင်း တိုင်းရင်းသား အဖွဲ့များက ပြောကြသည်။
“အပစ်ရပ် လက်မှတ်ထိုးကြတုန်းက ဒါတွေ မပြောဘူး၊ အခု နောက်ပိုင်းမှ ဒါတွေ ပြောလာတာ။ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ဆက်တိုက် ထပ်ဖြစ်ပြီးမှ ပြောလာတာ။ တိုင်းရင်းသားတွေ ဘက်က ကြည့်ရင်လည်း ဆတ်ကြေးကောက်တာ မဟုတ်ဘူး၊ ကိုယ့်လူထုရဲ့ ထောက်ပံ့မှုနဲ့ ကိုယ့်တပ် ရပ်တည်နေကြတာ။ ဒီ ၆ ချက်ကိစ္စကို အစည်းအဝေးမှာ ပြောတော့ အစိုးရဘက်က သူတို့ ဘာမှ မကူညီနိုင်သေးရင် ကိုယ့်ခွင်မှာကိုယ် အခွန်ကောက်တာ လုပ်ရမှာပဲလို့ ပြန်ဖြေ ပြောတာတော့ ရှိတယ်” ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက စက်တင်ဘာလ ၈ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ ပြုလုပ်သည့် UNFC နှင့် မြန်မာ ငြိမ်းချမ်းရေး စင်တာတို့ တွေ့ဆုံ ဆွေးနွေးပွဲ အပြီး သတင်းထောက်များကို ပြောကြားခဲ့သည်။
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် ကြိုးစားနေဆဲမှာပင် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ပန်ဝါ တပ်ရင်းကို ဦးဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်အဖွဲ့က သြဂုတ်လ ၁၇ ရက်နေ့တွင် တိုက်ခိုက်ခဲ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းရှိ KIA တပ်ရင်း ၄ ကိုလည်း အစိုးရ တပ်မတော်က ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ယုံကြည်မှု တည်ဆောက် နေဆဲ ဖြစ်သည့် တအာင်း လွတ်မြောက်ရေး တပ်မတော် (PSLF/ TNLA) မှာလည်း ဌာနေပြည်သူ့ စစ်နှင့် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။
“ပြည်သူ့စစ်တွေနဲ့ ကျနော်တို့ကို တွေ့ဆုံဆွေးနွေးခွင့် ပေးပါ။ ကျနော်တို့က ပြည်သူ့စစ်တွေကို မတိုက်ရဘူးဆိုရင် တပ်မတော် ကလည်း ပြည်သူ့စစ်တွေကို အသုံးချပြီးတော့ ကျနော်တို့ကို မတိုက်ပါနဲ့။ အခုနောက်ပိုင်းမှာ တပ်မတော်နဲ့ ဖြစ်တာမဟုတ်ဘဲ ပြည်သူ့စစ်နဲ့ ဖြစ်တာတွေလည်း များလာနေတယ်” ဟု RCSS/ SSA မှ ပြောရေး ဆိုခွင့်ရှိသူ စိုင်းမိန်းက ဆိုသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် RCSS/ SSA တို့အကြား ငြိမ်းချမ်းရေး သဘောတူညီမှု ရပြီး နောက်ပိုင်း တိုက်ပွဲပေါင်း ၇၀ ကျော် ဖြစ်ပွားခဲ့ပြီး ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/ SSA) နှင့် ငြိမ်းချမ်းရေး အတွက် သဘောတူပြီး နောက်ပိုင်း တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သည်။
“တပ်မတော်ဘက်က တိုင်းရင်းသားတွေဘက်ကို စည်းကမ်းချက်တွေ သတ်မှတ်မယ် ဆိုရင်၊ တိုင်းရင်းသားတွေ ဘက်ကလည်း တပ်မတော်ဘက်ကို စည်းကမ်းချက် ပြန်သတ်မှတ်ရမယ်။ အခုလို တဘက်သတ် စည်းမျဉ်း ဖြစ်နေမယ် ဆိုရင်တော့ ငြိမ်းချမ်းရေးအတွက် အဟန့်အတား ဖြစ်နိုင်တယ်” ဟု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ Peace Creation Group မှ ဦးဆန်အောင်က ဧရာဝတီကို ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက “တပ်မတော်ရဲ့ သဘောထား ၆ ချက်က ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ဖို့ အချက်တွေပါ။ ပြည်သူလူထု ရဲ့ အသက်အိုးအိမ် စည်းစိမ်ကို မထိရင် တိုက်ပွဲ ဖြစ်စရာမလိုဘူးလို့ ပြောတာပါ။ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို မထိရင် တိုက်ပွဲ ဖြစ်စရာ မလိုဘူး၊ တာဝန်ယူတယ်လို့ ပြောတာ ဖြစ်တယ်။ ဒီစကားလေးကို အဓိပ္ပာယ် မလွဲဖို့ လိုတယ်” ဟု စက်တင်ဘာလ ၈ ရက် ချင်းမိုင် မြို့တွင် ပြုလုပ်သည့် UNFC နှင့် မြန်မာ့ ငြိမ်းချမ်းရေး စင်တာတို့ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် ဆွေးနွေးစဉ်က တပ်မတော်ဘက်မှ သဘောထား တောင်းဆိုချက် တစုံတရာမရှိဘဲ အပစ်အခတ် ရပ်စဲပြီးမှသာ သဘောထား ၆ ချက် ထွက်လာခြင်း ဖြစ်ကာ ထိုအချက်များသည် နိုင်ငံရေးအရ ဆွေးနွေး ဖြေရှင်းရမည် ဖြစ်ကြောင်း စိုင်းမိန်းက ဆိုသည်။
“ငြိမ်းချမ်ရေးကို အမှန်တကယ် လိုလားတယ် ဆိုရင် သဘောထားကြီးဖို့ လိုတယ်၊ အခွန်မကောက်ရဘူးလို့ လွယ်လွယ်နဲ့ ပြောတယ်၊ ကျနော်တို့ရဲ့ တပ်ဖွဲ့ဝင် မိသားစုတွေ ရပ်တည်ဖို့အတွက် တနည်းနည်းနဲ့ ဖြေရှင်းပေးရမယ်။ အစိုးရက တာဝန်ယူ ဖြေရှင်းပေးမလား၊ ဒါမှမဟုတ် တိုင်းရင်းသား အဖွဲ့တွေကို ပြည်ပက အကူအညီ လက်ခံခွင့် ပေးမလား၊ ဒါတွေကို ပြန်ဆွေးနွေးရမယ်” ဟု ၎င်းက ဆက်ပြောသည်။
ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA) နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် အစိုးရ စစ်တပ် အနေဖြင့် တာဝန်အရ ပြည်သူ လူထုကို ကာကွယ်ခြင်းသာ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း၏ ရှမ်းပြည်နယ် ခရီးစဉ်တွင် တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း စက်တင်ဘာလ ၃ ရက်က ဧရာဝတီသတင်းဌာနတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။