အစိုးရက ၂၀၁၄ ခု ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံချိန်မှာ ပြည်ပကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အမိနိုင်ငံ ကို ပြန်လာပြီး သန်းခေါင်စာရင်းပေးစရာ မလိုအောင် စီစဉ်ထားတယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန (လဝက) ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ က ပြောပါတယ်။
ဒီလ ၈ ရက်နေ့က ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) တို့ ဒုတိယ အကြိမ် အကြိုနိုင်ငံရေး ဆွေးနွေးပွဲမှာ အစိုးရ အဖွဲ့နဲ့အတူ တက်ရောက်လာတဲ့ ဝန်ကြီး ဦးခင်ရီကို ဧရာဝတီက မေးမြန်းတဲ့အခါမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။
“နိုင်ငံခြားမှာ တရားဝင်ရောက်ရှိနေတဲ့ လူတွေအားလုံးက သံရုံးမှာ အခွန်ဆောင်တာ ရှိတယ်လေ၊ တချို့ကြတော့လည်း တရား မဝင် လာတာလည်း ရှိရင်ရှိမယ်၊ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျနော်တို့က သက်ဆိုင်ရာ အိမ်ထောင်စုမှာ ကောက်တာကိုး၊ ဆိုပါစို့ ကျနော့် သားကတော့ ယိုးဒယားရောက်နေတယ်၊ ဘယ်ရောက်နေတယ် စသဖြင့် ဒီဥစ္စာသည် သူ့ရဲ့ နောက်ကြောင်း ရာဇဝတ်မှုနဲ့ ဘာမှလဲ မဆိုင်ဘူး၊ တရားဥပဒေအရ (တခြားနိုင်ငံ) ခိုးသွားလည်း ဘာမှ အရေးယူမှာ မဟုတ်ဘူး၊ ကျနော်တို့က ကိုယ့်လူတွေကို ဘယ်နိုင်ငံ မှာ ရှိသလဲလို့ပဲ ကောက်တာ”လို့ ဦးခင်ရီက ဆိုပါတယ်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမယ့် ရက်ကိုတော့ ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့အထိ ၁၁ ရက်အကြာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်က သတ်မှတ်ထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးကို အခြေခံပြီး ကောက်မှာ ဖြစ်ပြီး တော့ တိုင်းရင်းသား စာရင်းထဲမှာ မပါဝင်တဲ့ သူတွေကတော့ အမျိုးအစားအလိုက် အခြားစာရင်းတွေမှာ ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကောက်ယူတဲ့ အခါ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ဒေသက ဘင်္ဂါလီ(မွတ်စလင်)လူမျိုးတွေကိုပါ ထည့်သွင်း ကောက်ယူသွားမှာ ဖြစ်ပေမယ့် နိုင်ငံသားဖြစ်၊ မဖြစ်ကတော့ ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့သာ သက်ဆိုင်တယ်လို့ ဝန်ကြီး ဦးခင်ရီက ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၈ ရက်နေ့က ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ ပုသိမ်ဟိုတယ်မှာ ပြုလုပ်တဲ့ ၂၀၁၃ ခုနှစ် စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ဖူးပါတယ်။
တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲက မြို့နယ် ၂၀ ကိုရွေးပြီး ပြည်လုံးကျွတ် သန်းခေါင်စာရင်းအကြို စမ်းသပ်ကောက်ယူမှုအဖြစ် ဒီနှစ် မတ် လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့အထိ ပြုလုပ်ခဲ့ကြောင်း၊ အဲဒီလိုပြုလုပ်ရာမှာ အများစုက ထိုင်းနိုင်ငံကို သွားရောက် ကြပြီး အမေရိကန် အပါအဝင် နိုင်ငံအရပ်ရပ်မှာလည်း သွားရောက်နေကြသူတွေ ရှိတယ်လို့လည်း သူက ဆိုပါတယ်။
“တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ မြို့နယ် ၂၀ ရွေးပြီးတော့ ကောက်လိုက်တယ်၊ ကောက်တဲ့ အခါမှာ ဘာသွားပေါ်လဲဆိုတော့ ကောက်တဲ့ ၂၀ မှာပေါ့၊ ကျုပ်တို့ဆီမှာ ရှိတဲ့ လူအများစုမှာ အများစုက ယိုးဒယားကို သွားတယ်၊ အနည်းစုက အမေရိကားကို သွားတယ်၊ ယောကျာ်နဲ့ မိန်းကလေးမှာ ယောကျာ်လေး တော်တော်များများသွားတယ်၊ အဲဒီအချက်တွေ ပေါ်လာတယ်”လို့ ဝန်ကြီး ဦးခင်ရီက ရှင်းပြပါတယ်။
ထိုင်းနိုင်ငံကို သွားရောက် အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသား တချို့ကတော့ ၂၀၁၄ မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက် ခံ တဲ့ အချိန် မြန်မာနိုင်ငံကို ကိုယ်တိုင်ပြန်ပြီး စာရင်းပေးစရာ မလိုဘူး ဆိုတဲ့အတွက် ဒီသတင်းကို ကြိုဆိုကြပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းက ဆီအုန်းခြံ တခုမှာ အလုပ်လုပ်နေတဲ့ ပဲခူးဇာတိ ကိုဝင်းမြင့်က “အရင် ဒီသတင်းကို စပြီး ကြားတုန်းက ပြန် ရ မယ်ထင်တာ၊ မပြန်ရဘူးဆိုတော့ ကောင်းတာပေါ့၊ မြန်မာပြည်တခါပြန်ရင် ကုန်ကျစရိတ်က သိန်းချီပြီးကုန်တာ ကျနော်တို့ ကြ တော့ ပိုက်ဆံလာရှာတာလေ၊ ဒီမှာနေထိုင်ခွင့် စာအုပ်ဖိုးတင် ကုန်တာမနည်းဘူး၊ အဲဒီလို ပြန်ရမယ်ဆိုရင်လည်း ပိုက်ဆံကကျန်မှာမဟုတ်ဘူးလေ”လို့ ဧရာဝတီကို ပြောပါတယ်။
မြန်မာနိုင်ငံတွင်း သန်းခေါင်စာရင်း ကောက်ခံဖို့ မြို့နယ်ပေါင်း ၃၃၀ ၊ ရပ်ကွက်ပေါင်း ၃၀၄၄ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၃၆၂၈ အုပ်စု၊ ကျေးရွာပေါင်း ၆၄၃၄၆ ရွာရှိပြီး အိမ်ထောင်စုပေါင်း ၁၁ သန်း ရှိကြောင်း လဝက ဌာန စာရင်းတွေအရ သိရပါတယ်။
စာရင်း ကောက်ခံရေးအတွက် ပညာရေးဝန်ကြီးဌာနကို အကူအညီတောင်းခံထားပြီး သဘောတူညီမှု ရထားတဲ့ အတွက် တနိုင်ငံ လုံးမှာ ရှိတဲ့ ပညာရေးဝန်ထမ်း ၁ သိန်းကျော်က တအိမ်တက်ဆင်း ပုံစံနဲ့ ကောက်ခံသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
သန်းခေါင်စာရင်း ကောက်ခံရေးအတွက် အမေရိကန်ဒေါ်လာ ၅၅ သန်း ဝန်းကျင် ကုန်ကျနိုင်တယ်လို့ အစိုးရဘက်က ခန့်မှန်းထားပြီး ကုလသမဂ္ဂက ဒေါ်လာ ၅ သန်း ထည့်ဝင်ဖို့ သဘောတူထားတယ်လို့လည်း သိရပါတယ်။
သန်းခေါင်စာရင်း ကောက်ခံရေးအတွက် ဝန်ကြီး ဦးခင်ရီ ဦးဆောင်တဲ့ ဗဟို သန်းခေါင်စာရင်း ကော်မတီ ဖွဲ့စည်းထားပြီး နာယကမှာ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ပထမ နှစ်ဝက်မှာ လူဦးရေ သန်းခေါင်စာရင်းကို အပြီးသတ် စာရင်း ထုတ်ပြန်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၁၉၇၃ နဲ့ ၁၉၈၃ ခုနှစ်တွေမှာ ကောက်ယူခဲ့ဖူးပြီး ၁၉၇၃ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ လူဦးရေ ၂၈ သန်းဝန်းကျင် ရှိကြောင်း၊ ၁၉၈၃ ခုနှစ်မှာတော့ ၃၈ ရှိသန်း ရှိလာကြောင်း လေ့လာ သိရှိရပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ လူဦးရေကတော့ ၆၀.၉၈ သန်းရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနရဲ့ မှတ်တမ်းများ အရ သိရပါတယ်။