တင်းမာမှုတွေကြောင့် ရပ်ဆိုင်းထားရတဲ့ ရခိုင်ပြည်နယ်ရှိ မွတ်စလင် ဒုက္ခသည်စခန်း လူဦးရေစာရင်း ကောက်ယူမှု လုပ်ငန်းစဉ်ကို ပြန်စနိုင်ဖို့ ကြိုးပမ်း နေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန(လဝက) ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဧရာဝတီကို ပြောပါတယ်။
“အစမ်းကောက်နေတာ အကောက်မခံလို့ ကျနော်တို့ ရပ်ထားရတယ်၊ ကျနော်တို့ ပြန်ကောက်ဖို့ လုပ်နေတယ်၊ အခုတော့ ကွင်း ဆင်းပြီး ကောက်ခံရတဲ့ ရည်ရွယ်ချက်ကို သေချာ ရှင်းပြနေတယ်၊ သူတို့ လက်ခံတဲ့ အချိန် ကောက်မယ်”လို့ ဝန်ကြီး ဦးခင်ရီ က ရှင်းပြပါတယ်။
ဒီလ ၈ ရက်နေ့က ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) တို့ ဒုတိယ အကြိမ် အကြိုနိုင်ငံရေး ဆွေးနွေးပွဲမှာ အစိုးရ အဖွဲ့အနေနဲ့ တက်ရောက်လာတဲ့ ဝန်ကြီး ဦးခင်ရီကို ဧရာဝတီက မေးမြန်းတဲ့အခါမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။
ဒီနှစ် ဧပြီလ ၂၆ ရက်နေ့က သက်ကယ်ပြင် ရခိုင်ပြည်နယ်ရှိ မွတ်စလင် ဒုက္ခသည်စခန်းမှာ လူဦးရေ စာရင်းကွင်းဆင်း ကောက်ခံခဲ့ရာမှာ ကောက်ခံတဲ့ အဖွဲ့ကို ဒုက္ခသည်တွေက တိုက်ခိုက်ခဲ့တဲ့အတွက် တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁ ဦးနဲ့ အခြား အဖွဲ့ဝင် ၆ ဦး ဒဏ်ရာ ရရှိခဲ့ပြီး တဲ့နောက် စာရင်းကောက်ယူမှုကို ရပ်နားခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီတုန်းက အစိုးရက စာရင်းကောက်ယူရာမှာ ဒုက္ခသည်တွေက သူတို့ဟာ “ဘင်္ဂါလီမဟုတ်ဘူး၊ ရိုဟင်ဂျာ ဖြစ်တယ်” ဆိုတဲ့ အငြင်း ပွားမှုအခြေအနေကနေ တင်းမာမှုတွေဖြစ်ခဲ့ရတာပါ။
ဒီနှစ် ဇူလိုင်လထဲမှာလည်း အစိုးရက လူဦးရေ စာရင်းကောက်ယူနိုင်ဖို့ ထပ်မံကြိုးစားခဲ့ပေမယ့် စစ်တွေမြို့နယ် ဘောဒူဘ ရခိုင်ပြည်နယ်ရှိ မွတ်စလင် ဒုက္ခသည်စခန်းကို သွားရောက်ကောက်ယူရာမှာ ထပ်မံတိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီနောက် “ရိုဟင်ဂျာ” ကိစ္စနဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားပေးနေတယ် ဆိုသူတွေကို အစိုးရက ဖမ်းဆီးအရေးယူမှုတွေ လုပ်ခဲ့ပါတယ်။
“အခုတော့ ကျနော်တို့ ကွင်းဆင်းပြီးရှင်းပြတယ်၊ အခု ကျနော်တို့ကောက်တဲ့ အိမ်ထောင်စု လူဦးရေ စစ်ဆေးရေး လုပ်ငန်းရည်ရွယ် ချက်ကို ရှင်းပြတာပေါ့၊ ဒါဟာ ကျနော်တို့နိုင်ငံထဲမှာရှိတဲ့ လူဦးရေရဲ့ Up to Date(လက်ရှိ စာရင်း) ကောက်တာ၊ အခုမွေးတဲ့ ကလေး တွေ တချို့ အထောက်အထားမရှိသေးရင် ပေးမှာပေါ့၊ သေတဲ့လူရှိရင် အချို့က စာရင်းလျှော့ချင်မှ လျှော့ဦးမယ်၊ လျှော့မှာပေါ့၊ ဒီဥစ္စာကို တချို့က နားလည်မှုလွဲတဲ့အခါကြတော့ အကောက်မခံတာတို့ ဘာတို့ အမျိုးမျိုး ရှိမှာပေါ့”လို့ ဝန်ကြီး ဦးခင်ရီက ပြော ပါတယ်။
မွတ်စလင် ဒုက္ခသည် စခန်းတွေကို လူဦးရေစာရင်း ကောက်ယူနိုင်ရေး အတွက် ကြိုးစားရှင်းပြမှုတွေဟာ တိုးတက်မှုတွေ ရရှိကြောင်း၊ အားလုံး လက်ခံလာတာနဲ့ ၂၀၁၃ ခုနှစ်အတွင်းမှာပဲ စာရင်းကောက်ယူမှု ပြန်စသွားနိုင်မယ်လို့ ခန့်မှန်းပေမယ့် စောင့်ကြည့်ရဦးမယ် လို့လည်း ဦးခင်ရီက ဆက်လက် ပြောဆိုပါတယ်။
၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ မြောက်ဦး၊ မြေပုံ စတဲ့ မြို့နယ်တွေမှာ ဒုက္ခသည်စခန်း ၂၀ ဝန်းကျင် ရှိခဲ့ပြီး ဒုက္ခသည်ဦးရေ ၁ သိန်းကျော် ရှိတယ်လို့ သိရပါတယ်။
လက်ရှိစာရင်းတွေအရ မြန်မာ တနိုင်ငံလုံးမှာ ဘင်္ဂါလီ ဦးရေ ၁ ဒဿမ ၃၃ သန်းရှိပြီး ရခိုင်ပြည်နယ်တခုတည်းမှာပဲ ၁ ဒဿမ ၀၈ သန်း ရှိတယ်လို့ ဝန်ကြီး ဦးခင်ရီက ဒီနှစ် ဇွန်လ ၂၉ ရက်နေ့က ပြုလုပ်တဲ့ အစိုးရဝန်ကြီးတွေနဲ့ စာနယ်ဇင်းသမားတွေ တွေ့ဆုံတဲ့ ပွဲမှာ ပြောဆိုသွားတယ်လို့ ပြည်တွင်း အခြေစိုက် Eleven Media က ဖော်ပြခဲ့ပါတယ်။
ရခိုင်ဒေသမှာ ရှိတဲ့ မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပါ ပြဌာန်းချက် စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီရင် သတ်မှတ်ထားတဲ့ အထောက်အထား လက်မှတ် တခုခု ရရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။ လာမယ့် ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာလည်း ရခိုင်ဒေသမှာ ရှိတဲ့ မွတ်စလင်တွေကို ထည့်သွင်း ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။