မကွေး ဆေးတက္ကသိုလ်တွင် တက်ရောက်နေသော ဆေးကျောင်းသား ၂ ဦး ဦးဆောင်၍ ကျောင်းတွင်းဖြန့်ဝေခဲ့သော “ကျောင်းတွင်းဒီမိုကရေစီ” အမည်ရှိ သတင်းစာစောင်ကို စိစစ်မည်ဆိုသောကြောင့် ဆက်လက် ထုတ်ဝေရန် အခက် တွေ့နေကြောင်း သိရသည်။
ယခုလ အတွင်း စတင် ထုတ်ဝေသည့် အဆိုပါ သတင်းစာစောင်ကို မကွေး ဆေးတက္ကသိုလ် အုပ်ချုပ်ရေးအပိုင်းမှ ဆက်လက် ထုတ်ဝေမည်ဆိုလျှင် စိစစ်ရေးအဖြစ် တင်ပြပြီးမှသာ ဆက်လက်ထုတ်ဝေခွင့်ပြုမည်ဖြစ်ကြောင်း၊ ထိုသို့မလုပ်နိုင်လျှင် ထုတ်ဝေမှုကို ခွင့်မပြုနိုင်ကြောင်း ပြောကြားခဲ့သည်ဟု အဆိုပါစာစောင်ကို ဦးစီးထုတ်ဝေနေသည့် ဆေးကျောင်းသား ကိုကျော်စွာအောင်က ဧရာဝတီသို့ ပြောသည်။
“လောလောဆယ် ဘယ်လို ဆက်လုပ်ရမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး။ ပြန်ထုတ်မယ် ဆိုရင် မှတ်ပုံတင်ပြီးမှ ဒီ သတင်းဂျာနယ်လေးကို ကျောင်းပေါင်းစုံ ဖြန့်နိုင်အောင် လုပ်မယ်လို့ စဉ်စားထားတယ်။ ပထမ ထုတ်လိုက်တာက လိုင်စင် မရှိဘဲ ကျောင်းတွင်း အနေနဲ့ထုတ်ခဲ့တာ။ အဲဒါကို နောက်ဆုံး ပါမောက္ခချုပ်က သူကိုယ်တိုင်ကြည့်ပြီးမှ ထုတ်ခွင့်ပြုမယ်ဖြစ်လာ တယ်။ ပထမဆုံး ထုတ်ခဲ့တုန်းကလည်း ကျောင်းအုပ်ချုပ်ရေးပိုင်းကို တင်ပြတာမျိုးတော့ မရှိခဲ့ပါဘူး။ ကျနော်တို့က မကွေးမြို့ ထဲက ဆိုင်တချို့မှာတော့ ဒါကို ၅ အုပ်လောက် တင်ရောင်းဖို့ ညှိနှိုင်းခဲ့တာမျိုးကနေ ဒီလိုဖြစ်လာတာ” ဟု ၎င်းက ဆက်ပြောသည်။
ထိုကဲ့သို့ စာစောင်ထုတ်ဝေရန် ကျောင်းအုပ်ချုပ်ရေး ပိုင်းကို တင်ပြရန်မှာလည်း သတင်းလွတ်လပ်ခွင့် မရှိသကဲ့သို့ ဖြစ်မည် စိုးသောကြောင့် လုံးဝမဖြစ်နိုင်ကြောင်း၊ သတင်းစာစောင် ထုတ်ဝေရသည့် ရည်ရွယ်ချက်ကလည်း ကျောင်းသားများနှင့် ဆရာ၊ ဆရာမ များအကြား အငြင်းပွားဖွယ်ရာများ ဖြစ်လာပါက အပြန်အလှန် အမြင်ချင်း ဖလှယ်၍ရနိုင်သော လျှောက်လမ်း တခု ဖြစ်ရန် ရည်ရွယ်ထားကြောင်း ၎င်းက ဆိုသည်။
အဆိုပါ စာစောင်ကို စိစစ်ရန်ကိစ္စ ပေါ်ပေါက်လာခြင်းမှာ မကွေးတိုင်းဒေသကြီး အုပ်ချုပ်ရေးပိုင်းမှ ဆေးတက္ကသိုလ် ပါမော က္ခချုပ်ထံ ဖိအားပေးမှုကြောင့် ဖြစ်မည်ဟု ယူဆထားကြောင်း၊ ပထမ စာစောင်ကို ကျောင်းတွင်း၌သာ ဖြန့်ချိစဉ်က ပါမောက္ခချုပ်ထံ လက်ဆောင်သွားပေးသော်လည်း ပါမောက္ခချုပ်က မည်သည့် တားမြစ်မှုမှ မပြုလုပ်ကြောင်း၊ နောက်တနေ့တွင် မကွေး ဆေးတက္ကသိုလ် ကျောင်းတွင်း သတင်းများသာ ထည့်ရန်နှင့် တခြား ကျောင်း သတင်းများ၊ ဒေသတွင်း သတင်းများ မထည့်ရန် တားမြစ်လာကြောင်း၊ နောက်ဆုံး စာစောင်ကို မထုတ်မီ စာပေစိစစ်ရေး ပုံစံမျိုး တင်ပြခိုင်းပြီး ဖြုတ်သင့်သည်ကို ဖြုတ်ရန်၊ ပြောင်းသင့်သည်ကို ပြောင်းရန် အဆင့်ဆင့် ဖြစ်လာကြောင်း စာစောင်ကို ဦးစီးထုတ်ဝေသူ တဦးဖြစ်သည့် ကိုဉာဏ်မျိုးအောင်က ဧရာဝတီသို့ ပြောသည်။
စာစောင်လုပ်သူက နည်းသည့်အတွက် ဖြန့်ချိရာတွင် အခက်ခဲများ ရှိသည့်အပြင် မကွေးဆေးတက္ကသိုလ် ကျောင်းသား အများစုက မြို့ထဲတွင် နေထိုင်ကြသည်က များသည်က တကြောင်း၊ တက္ကသိုလ် ပရဝဏ်နယ်မြေ သတ်သတ်မှတ်မှတ် မရှိသည်က တကြောင်းကြောင့် ကျောင်းသားများ သိရှိသွားစေရန်အတွက် မြို့တွင်းရှိ ဂျာနယ် အရောင်းဆိုင်တချို့တွင် စာစောင်အနည်းငယ် တင်ရောင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ကျောင်းသားများ အနေဖြင့် သတင်းစာစောင်အဖြစ် ကျောင်းတွင်းထုတ်ဝေသည်ဟု ဆိုသော်လည်း ကျောင်းသားများသည် ကျောင်းအုပ်ကြီး၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ ကျောင်းပရဝဏ်ကလည်း ကျောင်းအုပ်ကြီး၏ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု အောက်တွင်ပင် ရှိနေသည့်အတွက် ကျောင်းအုပ်ကြီးနှင့် ညှိနှိုင်းတိုင်ပင်ပြီးမှ ထုတ်ဝေသင့်ကြောင်း၊ ကျောင်းသားများအနေ ဖြင့် မီဒီယာလုပ်ငန်းနှင့် ပညာသင်ကြားရေး လုပ်ငန်းကို ခွဲခြားသိမြင်ရန် လိုအပ်ကြောင်း ရှေ့နေများကွန်ယက်မှ တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ဧရာဝတီသို့ ပြောသည်။
“ဒါကတော့ ခွဲခွဲခြားခြား စဉ်းစားရမယ်။ တကယ်လို့ မီဒီယာအလုပ်ကို စိတ်ဝင်စားလို့ စာစောင်ထုတ်တာ ဆိုပေမယ့် အပြင်မှာ ထုတ်ဝေတယ်ဆိုရင် လုပ်ငန်းလိုင်စင်ကတော့ ရှိဖို့လိုအပ်တာပဲလေ။ ကျောင်းတွင်းမှာ ထုတ်တာပဲလို့ ပြောမယ်ဆိုရင်လည်း ဒါက ကျောင်းအုပ်ကြီးရဲ့ ခွင့်ပြုချက်ရဖို့လိုတယ်။ အခုက ကျောင်းအုပ်ကြီးဆီကို အရင်ဆုံး ထုတ်ဝေမယ့် ကိစ္စနဲ့ ကြိုတင် မညှိ နှိုင်းတာ မဖြစ်သင့်ဘူး။ ဒါပေမယ့် ထုတ်ဝေတဲ့နေရာမှာ စိစစ်ရေး တင်ရတာမျိုးကတော့ တမျိုးစဉ်းစားရမယ်။ ကျောင်းအုပ် ကြီးနဲ့ ညှိနှိုင်းပြီးမှ ဒါမျိုးက ဆောင်ရွက်သင့်တာ” ဟု ၎င်းက ဆိုသည်။
စာစောင် ထုတ်ဝေမှုကြောင့် ဆေးတက္ကသိုလ် ကျောင်းသား အသိုင်းအဝိုင်းမှ အားပေးထောက်ခံမှု တော်တော်များများ ရရှိခဲ့ သော်လည်း ယခုကဲ့သို့ စိစစ်ရေးစနစ် ပုံစံမျိုးဖြင့် တားမြစ်လိုက်ခြင်းကြောင့် ကျောင်းသားတချို့တွင် ကြောက်လန့်စိတ်များ ဖြစ် ပေါ်ခဲ့ရကြောင်း သိရသည်။
“ကျနော် တောင်းဆိုချင်တာက ကျောင်းထဲမှာ ဒီလို ပုံမှန် သတင်းစာစောင်လေးတွေ ပေါ်ပေါက်လာဖို့၊ ကျောင်းတွင်း အုပ်ချုပ်ရေးမှာလည်း စနစ်တကျ စဉ်းစားတတ်တဲ့ အလေ့အထလေးတွေ ပေါ်လာဖို့ပဲ။ ကျောင်းသားတွေ မှာလည်း ဆရာ၊ ဆရာမတွေက ဘယ်ကိစ္စကို ဘယ်လို ဆုံးဖြတ်လိုက်တယ်ဆိုတာ မသိဘူး၊ အသိပေးမယ့် နေရာလည်း မရှိဘူး။ ကျောင်းသားတွေမှာ မရေမရာနဲ့ ကောလာဟလတွေကြားမှာပဲ ရှိနေမှာ။ ကျနော်တို့ကို လုပ်ခွင့် မပေးနိုင်ရင်တောင် လုပ်နိုင်မယ့်သူ တဦးဦးကို လုပ်ခွင့်ပေးသင့်တယ်” ဟု ကိုဉာဏ်မျိုးအောင်က ပြောသည်။
ထိုသို့ တားမြစ်လိုက်ခြင်းကြောင့် ဆေးတက္ကသိုလ် ပါမောက္ခချုပ်အပေါ် တစုံတရာ အပြစ်တင်ရန် မရှိကြောင်း၊ မကွေး ဆေးတက္ကသိုလ် ပေါ်ပေါက်လာသော ၁၀ စုနှစ် တခုကျော်ကျော်တွင် ယခုတာဝန် ထမ်းဆောင်နေသော ပါမောက္ခကြီးသည် ကျောင်းသားများအား များစွာ အခွင့်အရေး ပေးသည့်အပြင် ကျောင်းသားများဘက်မှ ရပ်တည်မှုများ ရှိကြောင်း သူက ဆက်ပြောသည်။
“ဆရာကြီးက ကျောင်းကောင်းကျိုးကို အများကြီး လုပ်ပေးတဲ့ ဆရာပါ။ သူ့ကြောင့်လည်း ကျောင်းသားတချို့ အခွင့်အလမ်း ကောင်းတွေ၊ လုပ်ပိုင်ခွင့်တွေ ရခဲ့ဖူးပါတယ်။ ကိုယ့်ဆရာအနေနဲ့ ရိုသေလေးစားမြဲပါ။ ဒါပေမယ့် တက္ကသိုလ် ပညာရေး လွတ်လပ်ခွင့်မှာတော့ အုပ်ချုပ်ရေးပိုင်းရဲ့ ထိန်းချုပ်မှုနဲ့ ကင်းလွတ်စေချင်တာပဲ” ဟု ၎င်းက ဆိုသည်။
ယခုလက်ရှိ မြန်မာနိုင်ငံ အနေအထားအရ နံရပ်ကပ် စာစောင်အနေနှင့် ကျောင်းစီမံ ပိုင်ခွင့်တွင် ရှိနေသော်လည်း ထိုကဲ့သို့ ပုံနှိပ် ထုတ်ဝေသော စာစောင်မျိုးဆိုပါက အခန့်မသင့်လျှင် ၁၉၆၂ ခုနှစ် ပုံနှိပ်ထုတ် ဝေရေး ဥပဒေနှင့် ငြိစွန်းပြီး အရေးယူ ခံရနိုင်ချေရှိကြောင်း၊ ယခင် အစိုးရခေတ်များကဆိုလျှင် ကဗျာစာအုပ် ထုတ်ဝေမှုကြောင့် ထောင်ကျခဲ့ရသူများပင် ရှိနေကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးသီဟစောက ဧရာဝတီသို့ ပြောသည်။
စာပေစိစစ်ရေး မရှိတော့သော်လည်း ပုံနှိပ်ထုတ်ဝေသည့် မည်သည့် အမျိုးအစားမဆို ယခုအချိန်အထိ လိုင်စင်ရှိမှသာလျှင် ထုတ်ဝေခွင့် ရမည်ဖြစ်ကြောင်း၊ တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းများ၊ စာစောင်များ ထုတ်ဝေခဲ့ကြသော်လည်း လိုင်စင်မရှိသည့် အခါ လိုင်စင်ကို ငှားရမ်း အသုံးပြုရမည် ဖြစ်ကြောင်း၊ ထုတ်ဝေခွင့်နှင့် ပတ်သက်သည့် ဥပဒေအသစ်က ရေးဆွဲဆဲဖြစ်ပြီး ၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေက အတည် ဖြစ်နေသေးသည်ကို သတိပြုရမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေက မပျက်ပြယ်သေးဘူး။ ယူချင်ရင် အဲဒါနဲ့ အရေးယူလို့ရတယ်။ ဒီလိုမျိုး ကျောင်းသား စာစောင် တွေက ဖော်တော့ ဖော်ထုတ်သင့်တယ်။ နယ်မှာဆိုတော့ နယ်အလိုက်ထုတ်တာ၊ တိုင်းရင်းသားတွေမှာ ဆိုရင်လည်း တိုင်းရင်း သား စာစောင်ထုတ်တာတွေ ကောင်းပါတယ်။ ဒါပေမယ့် ဥပဒေအသစ်ပေါ်မှ ဒါတွေက ပိုဖြစ်နိုင်မှာ။ အခုလည်း ကျနော်တို့ စာနယ်ဇင်း ကောင်စီက မှတ်ပုံတင်ခွင့်ဆိုတဲ့ ဟာကြီးကို ပြင်နိုင်အောင် ကြိုးစားနေကြတာပေါ့” ဟု ၎င်းက ဆိုသည်။
မကွေး ဆေးတက္ကသိုလ်တွင် ထုတ်ဝေခဲ့သော ကျောင်းတွင်း ဒီမိုကရေစီဆိုသော စာစောင်ကို ထုတ်ဝေစဉ်က ၂ ပတ် တကြိမ်ထုတ်ဝေရန် စီစဉ်ထားကြောင်း၊ ဆေးကျောင်းသား ကိုကျော်စွာအောင်နှင့် ကိုဉာဏ်မျိုးအောင်တို့မှ ၎င်းတို့၏ ငွေကြေးဖြင့် ၎င်းတို့ ၂ ဦးတည်း ဦးစီးထုတ်ဝေခဲ့ပြီး ပထမအကြိမ် စာစောင်ကို စောင်ရေ ၃၀၀ ထုတ်ဝေခဲ့ကြောင်း သိရသည်။