ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည့် မြန်မာနိုင်ငံတွင် အစိုးရကောင်းတရပ်သည် နိုင်ငံသူ နိုင်ငံသားတို့၏ လိုအင်ဆန္ဒကို လေးစားပြီး ဖြည့်ဆည်းရမည့် တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့တွင်ရောက်ရှိနေသည့် နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၁၆ ရက်နေ့က ကျင်းပသော Forum 2000 ညီလာခံ ဒုတိယနေ့တွင် The Road to Good Governance ခေါင်းစဉ်ဖြင့် ဆွေးနွေးစဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် အာဏာရှင်အုပ်စိုးမှုနှင့်သာ ဆယ်စုနှစ်ချီ ကျင့်သုံးခဲ့၍ ကောင်းမွန်သော အစိုးရဆိုသည်ကိုပင် နားမလည်နိုင် ဖြစ်နေရကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ကျမတို့ နိုင်ငံမှာ ကောင်းမွန်တဲ့ အုပ်ချုပ်မှုမျိုးဆိုတာ မကြုံခဲ့ရဘူး။ နှစ်ပေါင်းများစွာ ကျမတို့ဆီမှာက အဆိုးတွေနဲ့ပဲ ကြုံခဲ့ရတာ။ ဆိုလိုတာက အတော်ပဲ မကောင်းတဲ့ အစိုးရမျိုးကို ပြောတာပါ” ဟု သူက ဆိုသည်။
ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် အစိုးရကောင်းတို့၏ သရုပ်ကို ဒေါ်အောင်ဆန်းစုကြည်က ခွဲခြားပြောဆိုခဲ့ပြီး ကောင်းမွန်မှု မရှိသည့် အစိုးရများသည် ပြည်သူနှင့် တသားတည်း မရှိကြောင်းလည်း ထောက်ပြသည်။
“မကောင်းတဲ့ အစိုးရတွေက ပြည်သူတွေနဲ့ အတူလက်တွဲ လုပ်ဆောင်တာမျိုး မရှိဘူး။ ကိုယ့်နိုင်ငံသားတွေရဲ့ လိုအင် ဆန္ဒတွေကိုလည်း ဒီလို မကောင်းတဲ့ အစိုးရတွေက ဖြည့်ဆည်း မပေးနိုင်ကြဘူး။ တကယ်ဆိုရင် ပြည်သူ့ ဆန္ဒ၊ လိုလား ချက်တွေကို အစိုးရကောင်းတွေက နားလည်ရမယ်၊ ဖြည့်ဆည်းပေးရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
သို့သော် အစိုးရအပိုင်းက ပြည်သူ၏ လွတ်လပ်ခွင့်များ ပေးရန် တာဝန်ရှိသကဲ့သို့ ပြည်သူဘက်ကလည်း အစိုးရအပေါ် အထောက်အကူဖြစ်ရန် လိုကြောင်း၊ ပြည်သူနှင့် အစိုးရအကြား အပြန်အလှန် အပေးအယူ၊ အကူအညီများ ပေးနိုင်ကြမှသာ အပြန်အလှန် လေးစား ယုံကြည်မှု ရှိလာမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ယုံကြည်မှုဆိုတာ သိပ် အရေးကြီးပါတယ်။ အပြန်အလှန် ယုံကြည်မှုမျိုးပါ။ ပြည်သူနဲ့ ခေါင်းဆောင်ဆိုတာ အပြန်အလှန် ယုံကြည်လေးစားမှု ရှိနေကြရမယ်။ အပြန်အလှန် လေ့လာသင်ယူနေကြရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များစွာ အာဏာရှင်လက်ထက် မြန်မာနိုင်ငံတွင် လုံခြုံရေး အကြောင်းပြချက်ဖြင့် လွတ်လပ်ခွင့်များ ဆုံးရှုံး နစ်နာခဲ့ကြရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“လုံခြံရေးနဲ့ လွတ်လပ်မှုဟာ မှန်ကန်အကျိုးရှိတဲ့၊ အပြန်အလှန် ယုံကြည်မှုကို ဖြစ်စေတဲ့ ထိန်းကျောင်းမှု အထောက်အကူ ဖြစ်စေဖို့ဆိုရင် အတူယှဉ်တွဲ ဖြစ်တည်လို့ မရနိုင်ဘူး” ဟုလည်း သူက ထောက်ပြသည်။
မြန်မာနိုင်ငံတွင် ယခုမှသာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းစကို စတင်နေခြင်းဖြစ်ပြီး စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရကြောင်း၊ ယခင်စစ်အစိုးရ တာဝန်ရှိသူများကပင် လက်ရှိ အစိုးရအကြီးအကဲများ အဖြစ် ဖွဲ့စည်းပုံအရ တာဝန်များ ယူထားကြသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အစိုးရ အမျိုးအစား ၄ မျိုးကို ခွဲခြား အဓိပ္ပာယ်ဖွင့်ဆိုပြခဲ့ပြီး အဆိုးဆုံး အစိုးရသည် ပြည်သူများက မုန်းတီး ရွံရှာ စက်ဆုတ်သည့်အစိုးရ၊ ပြည်သူများ ကြောက်ရွံ့ရသည့် အစိုးရ၊ ပြည်သူများက ချစ်ခင် ချီးကျူးကြသည့် အစိုးရနှင့် အမှန်တကယ် ကောင်းမွန်သည့် အစိုးရဟူသည်မှာ ပြည်သူများက အစိုးရ ရှိသည်ဟုပင် မထင်ရသော အစိုးရမျိုး ဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထိုသို့ ပြောဆိုရာတွင် အစိုးရကို မိခင်နှင့် နှိုင်းယှဉ်ကာ ပြောဆိုသွားသည်။ မိခင်ကောင်းတဦး အနေဖြင့် သားသမီးများ မနိုးထသေးခင် မနက်စာကို ပြင်ဆင်ပေးထားပြီး သားသမီးများ အနေဖြင့် မနက်စာအတွက် မိခင်က ဘယ်အချိန် ပြင်ဆင်ပေးထားသည်ကို သတိမထားမိသကဲ့သို့ ဖြစ်ကြောင်း ဆိုသည်။
ထိုကဲ့သို့ မိခင်ကောင်းနှင့် တူသည့် အစိုးရကောင်းမျိုး မြန်မာနိုင်ငံတွင် ပေါ်ထွန်းရန် ခက်ခဲနေဆဲ ဖြစ်သော်လည်း ကြိုးစား အကောင်အထည် ဖော်သွားကြမည်ဟုလည်း သူက ဆက်ပြောသည်။
ထို့အပြင် ကောင်းမွန်သော အုပ်ချုပ်မှု၊ ခေါင်းဆောင်မှုကို လှေထိန်းပဲ့ကိုင်သူနှင့် တလှေတည်း စီးသူများနှင့်လည်း နှိုင်းယှဉ် ဟောပြောသည်။
လှေထိန်းပဲ့ကိုင်သူသည် တလှေတည်း စီးသူများ၏ လိုရာအရပ်ကို ဘေးကင်းလုံခြုံစွာ ရောက်ရှိရန် ထိန်းကျောင်းရမည်ဖြစ်ပြီး လှေစီးသူများ၏ ယုံကြည်မှုအပေါ် ပဲ့ထိန်းသူအနေဖြင့် လေးစားရမည်ဖြစ်ကြောင်း၊ အကယ်၍ တလှေတည်းစီး ခရီးသည်များ၏ လိုရာအရပ်ကို မဆောင်ကျဉ်းနိုင်ပါက အဆိုပါ လှေထိန်းနှင့် လှေကို ခရီးသည်များက လိုက်ပါ စီးနင်းကြမည်မဟုတ်ကြောင်း သူက ဆိုသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ ဆွေးနွေးဘက်များက ကောင်းမွန်သည့် အုပ်ချုပ်ရေးဆီသို့ နိုင်ငံသားတိုင်းက တာဝန်ရှိကြကြောင်း၊ ခေါင်းဆောင်များ၏ ဉာဏ်အမြော်အမြင်၊ နိုင်ငံသားများ၏ လွတ်လပ်ခွင့်၊ ဒီမိုကရေစီကို လေးစားတန်ဖိုးထားမှု၊ ပွင့်လင်းမြင်သာမှု၊ လူသား ဂုဏ်သိက္ခာအတွက် လွတ်လပ်မှုသည် အဓိက အခန်းကဏ္ဍဖြစ်ကြကြောင်း ဆွေးနွေး ပြောဆိုသွားကြသည်။
အပြန်အလှန် ဆွေးနွေး ပြောဆိုကြရာတွင် လူ့အဖွဲ့အစည်းတွင် ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်ကို တည်ဆောက်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အရေးကြီးကြောင်းနှင့် မြန်မာနိုင်ငံတွင်လည်း ကောင်းမွန်သည့် အုပ်ချုပ်ရေး ခိုင်မာစွာ တည်ဆောက် နိုင်ရန် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်နေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုသည်။