ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာသုံးရပ်ပေါင်းမှ အစိုးရဟု ခေါ်ဆိုနိုင်ပြီး လွှတ်တော်ကိုယ်စားလှယ်များ နှင့် လွှတ်တော်သည်လည်း အစိုးရပင် ဖြစ်သည် ဆိုသော ပြောဆိုချက် အပေါ် အစိုးရ သတင်းစာများက တုံ့ပြန် ဝေဖန်လိုက်ကြောင်း သတင်းရရှိသည်။
ဦးရွှေမန်းက လွှတ်တော်များသည် အစိုးရတရပ်ပင် ဖြစ်သည်ဟု လွှတ်တော် အစည်းအဝေးများ တွင် မကြာခဏ ထုတ်ဖော် ပြောဆို လေ့ရှိပြီး စက်တင်ဘာလ ၈ ရက်နေ့ အင်းစိန်မြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် အဆောက်အအုံတွင် ကျင်းပသော စီးပွားရေး လုပ်ငန်းရှင်များ နှင့် တွေ့ဆုံပွဲတွင်လည်း ယင်းပြောဆိုချက်ကို အလေးပေး ထပ်မံပြောဆို ခဲ့ကြောင်း၊ ယင်းပြောဆိုမှုထွက်ပေါ်လာပြီးနောက် စက်တင်ဘာလ ၁၆ ရက် နေ့ထုတ် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာ များတွင် မော်ကွန်း ဆိုသော အမည်ဖြင့် “နိုင်ငံသားများ သိသင့်သည့် နိုင်ငံတော် နှင့် အစိုးရ ဆိုသည်မှာ” ဆိုသော ဆောင်းပါးတပုဒ်ရေးသားထားပြီး ယင်း ဆောင်းပါးတွင် ပြည်ထောင်စု လွှတ်တော်သည် အစိုးရ မဟုတ်ဘဲ ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့ ဆိုသည်မှာ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့ ပင်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေများ ကိုးကားပြီး ပြန်လည် ဖော်ပြ ထားရာ ယင်း ဖော်ပြချက်သည် ဦးရွှေမန်း အစဉ်တစိုက် ပြောဆိုချက်များကို ပြန်လည် တုံ့ပြန် လာခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆိုကြသည်။
“ဦးရွှေမန်း တောက်လျှောက် ပြောလာတဲ့ အစိုးရဆိုတာ လွှတ်တော်လည်း ပါတယ်ဆိုတဲ့ ပြောဆိုချက်ကို ပြန်ပြီး ဝေဖန် တာပေါ့။ ဦးရွှေမန်းလို့ နာမည် မတပ်ထားပေမယ့် ဆောင်းပါးမှာပါတဲ့ ရေးသားမှုတွေက ဦးရွှေမန်းကို ရည်ရွယ်ရေးထားတာ လွှတ်တော် ကိုယ်စားလှယ်တဦး အနေနဲ့ရော၊ ဆောင်းပါးဖတ်မိတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေအနေနဲ့ သိကြပါတယ်။ ဆောင်းပါးရှင်က ဝေဖန်တယ် ဆိုပေမယ့် ဒီသတင်းစာက အစိုးရ လက်အောက်မှာရှိနေတဲ့ သတင်းစာပဲလေ။ ဒီဆောင်းပါး ရဲ့ ရည်ရွယ်ချက်က ဦးရွှေမန်း ပြောဆိုနေတာ တွေက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘူးလို့ ပြောချင်တာပဲ” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီဝင် လည်းဖြစ်၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ်သူ ဦးတင်မောင်ဝင်းကမူ ဦးရွှေမန်း၏ အာဏာသုံးရပ်ပေါင်းမှ အစိုးရဖြစ်သည် ဆိုသော ပြောဆိုချက်မှာ အာဏာ သုံးရပ် အပြန်အလှန် ထိန်းကျောင်းခြင်းကို ဆိုလိုခြင်းဖြစ်ပြီး အစိုးရသတင်းစာတွင် ဖော်ပြထား သော ဆောင်းပါးသည် ကောက်ချက် အယူအဆလွဲမှားနေကြောင်း ပြောသည်။
“လွှတ်တော်က ဥပဒေပြုရေး အာဏာရှိတယ်။ အစိုးရသည် အုပ်ချုပ်ရေးအာဏာ ရှိတယ်။ တရားစီရင်ရေး သည် ဥပဒေ တွေနဲ့အညီ တရားစီရင်ရမယ့် အာဏာရှိတယ်။ အာဏာသုံးရပ်ကို ခွဲခြားထားတာ။ Check and Balance လုပ်ထားရတာ။ အပြန်အလှန် ထိန်းညှိရတာပဲ။ ဒီ ၃ ခုပေါင်းမှ အစိုးရ ဖြစ်တယ်ဆိုပြီး လွှတ်တော်ဥက္ကဋ္ဌကြီး ပြောတာမှန်တယ်။ အာဏာကို မျှတစွာ ခွဲဝေသုံးစွဲထားတာ။ တယောက်နဲ့ တယောက် ထိန်းကျောင်းရတာပဲ။ ဆောင်းပါးရှင်က အယူအဆမှားနေပါတယ်” ဟု ဦးတင်မောင်ဝင်းက ဆိုသည်။
ယင်းဆောင်းပါးတွင် ဆောင်းပါး ရေးသားရခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၅ ပါ အုပ်ချုပ်ရေး အာဏာ အပ်နှင်း ခံရသည့် အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်သာ အစိုးရ ဖြစ်ကြောင်း မှန်ကန်စွာ သိရှိစေရန် ဝေမျှခြင်း ဖြစ်ကြောင်း၊ လူထု လူတန်းစား အလွှာစုံ ၈ ဖွဲ့မှ ကိုယ်စားလှယ် ၂၀၀၀ ခန့်ဖြင့် ၁၅ နှစ်ခန့် အချိန်ယူ ရေးဆွဲပြီး ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ဖြင့် အတည်ပြု ထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဋ္ဌာန်းချက်တရပ်ရပ်ကို သိ၍လည်းကောင်း၊ မသိ၍ လည်းကောင်း၊ မည်သည့် အကြောင်း ကြောင့်မျှ မချိုးဖောက် အပ်ကြောင်း၊ အထူးသဖြင့် နိုင်ငံတော် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရေးမှ တာဝန်ရှိသူ များသည် မည်သည့် အတွက်ကြောင့်မျှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်ရန် မဆိုထားနှင့်၊ စဉ်းစားရန် ပင် မသင့်ကြောင်း၊ ဥပဒေကို မသိဘဲ မိမိ ထင်သလို ပြောဆို ရေးသား နေမှုကြောင့် အသိအမြင် လွဲမှားပြီး အလုပ်မှားမည် ဖြစ်ကြောင်း သတိပေး ရေးသားထားသည်။
လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် လေ့လာသုံးသပ်ရန် ပြင်ဆင်လာချိန်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စိတ်နှင့်မျှ မပစ်မှားနှင့် ပြောဆိုနေသော ဆောင်းပါးကို အစိုးရသတင်းစာတွင် ဖော်ပြလာခြင်းသည် အစိုးရတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရန် ဆန္ဒမရှိသလော ဆိုသော မေးခွန်းကို ဖြစ်ပေါ်စေကြောင်း ဦးဖုန်းမြင့်အောင်က ဆိုသည်။
“အခုအချိန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွက် အသေခံသွားမယ်ဆိုတဲ့ သူတွေကလည်း အများကြီးရှိနေတာပဲ။ နိုင်ငံရေး သမား ဆိုတာ ဝေဖန်မှုအပေါ်မှာ အရေထူရမှာဖြစ်ပေမယ့် အခုလိုအချိန်က အင်မတန်မှကို အရေးကြီးလာတဲ့ အချိန်မျိုး ဖြစ်နေတယ်။ ဘယ်လိုပဲ ရေးရေး ပြောပြော နောက်ဆုံးတော့ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်ဖို့ အရေးကြီး တယ်လို့ ထင်ပါတယ်” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ သီပေါမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက နိုင်ငံသား များ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဝေဖန်ထောက်ပြ ပြောဆိုခွင့်ရှိပြီး ယင်းမှာ နိုင်ငံသားတိုင်း၏ လွတ်လပ်စွာ ပြောဆိုခွင့် ဖြစ်ကြောင်း၊ ယင်းအခွင့်အရေးကို ပိတ်ပင်တားဆီးပါက မှန်ကန်သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများ ပေါ်ပေါက် လာမည် မဟုတ်ဟု ဆိုသည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေကို လည်းကောင်း တည်ဆဲဥပဒေကိုလည်းကောင်း မိမိအမြင်နဲ့ ဝေဖန်တာ အကျိုးအကြောင်းပြ ထောက်ပြတာက နိုင်ငံသားတိုင်းမှာ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်။ သို့သော်လည်း လိုက်နာရမှာက နိုင်ငံသားတိုင်းက လိုက်နာရမယ်။ မလိုက်နာရင်တော့ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အဖွဲ့အစည်းတွေက ထိန်းသိမ်းစောင့်ရှောက် အရေးယူတာခံရမှာပဲ။ ဝေဖန်တာ၊ ထောက်ပြတာ၊ မိမိအမြင်ကို ထောက်ပြတာကို ပိတ်ဆို့ တားဆီးရင်တော့ ဘယ်တော့မှ မှန်ကန်တဲ့ ဥပဒေတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရှိလာမှာမဟုတ်ဘူး” ဟု ဦးရဲထွန်းက ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်သူလူထုကို အကျိုးမပြုလျှင် ပြင်ဆင်ရမည်ဖြစ်ပြီး ဥပဒေ တရပ်သည် ထာဝရ ခိုင်မာ မှန်ကန် အားကောင်းနေမည်မဟုတ်ကြောင်း၊ အရေးကြီးသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် ဥပဒေနှင့်အညီ ပြင်ဆင် လုပ်ဆောင်ရန်ဖြစ်ကြောင်း ဦးတင်မောင်ဝင်းက ဆိုသည်။
“လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ဆန်းစစ်ဖို့ အဆိုတင်သွင်းပြီးပြီ။ ကော်မတီလည်းဖွဲ့ပြီးပြီ။ ဥပဒေနဲ့ အညီ လုပ်ရမယ်ဆိုတာ ပါလို့ ဥပဒေနဲ့ အညီလုပ်ရမှာပေါ့။ ဥပဒေ တခုဆိုတာ အားနည်းတာရှိတယ်၊ အားသာချက်ရှိတယ်။ ခေတ်နဲ့ လျှော်ညီတာ၊ ခေတ်နဲ့မလျှော်ညီတာ ရှိမယ်။ ဒါဥပဒေရဲ့သဘာဝပဲ။ အမြဲတမ်း ခိုင်မာ မှန်ကန် နေတယ်၊ အားသာ နေမယ် ပြောမရဘူး။ ပြင်သင့်တာ ပြင်ရမယ်။ ပြည်သူတွေ အကျိုးကို မဖြစ်ထွန်းဘူးဆိုရင် ပြင်ရမှာပဲ။ ပြည်သူအတွက် ဖြစ်ထွန်းမယ့် ဥပဒေဆိုရင် ကိုလိုနီခေတ် ဥပဒေတွေတောင်မှ သုံးနေတာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်နိုင်ဖို့အတွက် လည်း ဥပဒေနဲ့ အညီ လုပ်ရမှာပဲ” ဟု ဦးတင်မောင်ဝင်းက ဆိုသည်။
ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီကို သြဂုတ်လအတွင်းတွင် တရားဝင်ဖွဲ့စည်းခဲ့ပြီး ကော်မတီ၏ အစီရင်ခံစာကို ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ ရန် ညွှန်ကြားထားကြောင်း လွှတ်တော်၏ သတင်း ထုတ်ပြန်ချက်များ အရ သိရှိရသည်။