အစိုးရတပ်များနှင့် လက်နက်ကိုင် တိုင်းရင်းသားတပ်များ၏ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပေါ်နေသော်လည်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အောက်တိုဘာလတွင် မဖြစ်ဖြစ်အောင် ကျင်းပမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။
“ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့ အောက်တိုဘာ လဆန်းပိုင်းမှာ မှန်းထားပါတယ်။ အခု စစ်ပွဲတွေ ဆက်တိုက် ဖြစ်နေလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ဖြစ်အောင် လုပ်သွားမှာပါ။ တပ်ပိုင်းဆိုင်ရာတွေလည်း ညှိပြီးသွားပြီ။ နှစ်ဘက်ကလည်း ဆွေးနွေးဖို့ အဆင်သင့်ပါပဲ” ဟု ဦးလှမောင်ရွှေက ဆိုသည်။
အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ၏ Technical Advisory Teamတို့ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ KIO Technical Advisory Team ရုံး၌ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် ဦးလှမောင်ရွှေက အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။
“အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးသား အဖွဲ့တွေနဲ့တောင် အခုထက်ထိ တိုက်ပွဲ တရာလောက် ဖြစ်နေတာပဲလေ။ ဥပမာ – ရှမ်းအဖွဲ့တွေပေါ့။ ဒါကြောင့် အခု တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ၊ နယ်မြေကိစ္စတွေ ညှိနှိုင်းနေတယ်။ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲက လုပ်ဖြစ်အောင် လုပ်မှာပါ” ဟု ဦးလှမောင်ရွှေက ဆက်ပြောသည်။
အထက်ပါ ဆွေးနွေးပွဲကို စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စု အဆင့်ဆွေးနွေးပွဲ ကျင်းပရန် အတွက် စောင့်ကြည့်သူများ တက်ရောက်ခွင့်ရရန်၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကိစ္စများ၊ IDP ဒုက္ခသည်များကို ပြန်လည် ထူထောင်နိုင်ရေး ကိစ္စများ၊ တပ်ပိုင်းဆိုင်ရာ နေရာချထားရေး ဆက်လက် လုပ်ဆောင်ရန်နှင့် အထွေထွေ ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဘက်မှ ကချင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ် ဒေသ ကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး နိုင်အောင်၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဒေါက်တာ မင်းဇော်ဦး၊ ဒေါက်တာ ကျော်ဆန်းဦးတို့ တက်ရောက်ခဲ့ပြီး KIO ဘက်မှ Technical Advisory Team အဖွဲ့မှ ဦးဂေါ်လူလအောင် ဦးစီးသည့် ၇ ဦးအဖွဲ့၊ ငြိမ်း ဖောင်ဒေးရှင်းမှ ဒေါ်နန်ယော်နှင့် မဂျာနန်တို့ တက်ရောက်ခဲ့ ကြသည်။
“အခု ဆွေးနွေးပွဲကတော့ နယ်မြေလုံခြုံရေးနဲ့ နယ်စပ်လုံခြုံရေး၊ ပြီးတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကိုပါ ဆွေးနွေးခဲ့ပါတယ်” ဟု ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ ဦးစန်းအောင်က ဧရာဝတီသို့ ပြောသည်။
နိုင်ငံရေးပါတီများ အနေဖြင့် ကော်မရှင်က အသိအမှတ်ပြုပြီးသား ပါတီမှ အဖွဲ့ဝင် နှစ်ဦး၊ ကချင်ပြည်နယ်မှ ဒေသခံ ရှမ်းမျိုးနွှယ်စု ကိုယ်စားလှယ် ၅ ဦး၊ KIO ဘက်မှ စောင့်ကြည့်လေ့လာသူ များကို သီးခြားဖိတ်ရန် လျာထားပြီး အစိုးရမှ ခွင့်ပြုမည်ဆိုပါက ယခင် ဖိတ်ကြားခဲ့သည့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များအပြင်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဒီမိုကရက်တစ် ကျောင်းသား တပ်မတော် (ABSDF)၊ ကိုးကန့်အဖွဲ့များ၊ ကမ္ဘာ့ ကုလသမဂ္ဂနှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ် များကိုလည်း ယခင်အတိုင်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မေလပိုင်းတွင် မြန်မာအစိုးရနှင့် KIA ပထမ အဆင့် တွေ့ဆုံပြီးနောက် ဌာနချုပ် လိုင်ဇာအနီး စစ်ပွဲ ထပ်မံဖြစ်ပွားခြင်း မရှိတော့သော်လည်း ပူတာအိုနှင့် ရှမ်းပြည်မြောက်ပိုင်း ဒေသများတွင် မကြာခဏ ဖြစ်ပွားနေကြောင်းနှင့် စစ်ပွဲကြောင့် ဒေသခံများ ထွက်ပြေးနေရ သေးကြောင်းလည်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ဦးစန်းအောင်က ဆိုသည်။
သြဂုတ်လ ၂၈၊ ၂၉ ရက်နေ့များက ပူတာအိုအနီးရှိ KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ အခြေစိုက်ရာ အင်ခါကား ကျေးရွာအနီးတွင် KIA နှင့် အစိုးရ၏ တပ်ရင်း ခလရ ၁၃၇ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ထို့နည်းတူ ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်မဟာ ၄ လက်အောက်ခံတပ်ရင်း ၂ တပ်ဖွဲ့နှင့် အစိုးရ တပ်တို့ မန်ဂျေမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားကြောင်း၊ ထိုတိုက်ပွဲများတွင် မြန်မာအစိုးရတပ်သည် KIA တပ် တည်ရှိသည့် နေရာကို နယ်မြေကျော်ဝင်ရောက် လာသဖြင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း ကချင်သတင်းများက ဆိုသည်။
KIA အနေဖြင့် အစိုးရနှင့် ၈ ကြိမ်မြောက် ဆွေးနွေးမှုများ လုပ်ဆောင်နိုင်ခဲ့သော်လည်း အလုံးစုံ အပစ်အခတ် ရပ်စဲရေး စာချုပ်ကိုမူ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေ။ အစိုးရကမူ လာမည့် အောက်တိုဘာလအတွင်း တပြည်လုံး အပစ်ရပ်နိုင်ရေး ဆောင်ရွက်သွားမည်ဟု ကြေညာထားသည်။