[irrawaddy_gallery]
တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို အစိုးရက ဦးဆောင်ပြီး လာမယ့် အောက်တိုဘာ လ မှာကျင်းပဖို့ ပြောဆိုထားပေမယ့် တကယ်ဖြစ်လာ မလာ ဆိုတာတော့ သံသယတွေ ရှိနေကြပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဘက်က တိကျတဲ့ သဘောထား မပေးသေးတာ နဲ့ ရှမ်း၊ ကချင် ဒေသတွေမှာလည်း တိုက်ပွဲတွေက ဆက်ဖြစ် နေပါသေးတယ်။
အောက်တိုဘာမှာ လက်မှတ်ရေးထိုးပွဲ အောင်မြင်စွာ ပြုလုပ်နိုင်ဖို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် သမ္မတ ရုံး ဝန်ကြီး ဦးအောင်မင်းနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နဲ့ ဆွေးနွေးခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။ UNFC နဲ့ ဦးအောင်မင်းတို့ အဖွဲ့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီလ ၈ ရက်နေ့က ဆွေးနွေးခဲ့ကြတာပါ။
UNFC ပြောခွင့်ရသူ နိုင်ဟံသာက“ပြည်နယ်အဆင့်ရော၊ ပြည်ထောင်စု အဆင့်မှာပါ လက်မှတ်ရေးထိုး ထားပြီး ပါပြီ၊ အခုထပ် ထိုးဖို့ ဘာကြောင့် လိုအပ်တာလဲပေါ့၊ တချို့အဖွဲ့ဆို လက်မှတ်တွေ ထိုးပြီးမှ တိုက်ပွဲတွေ ဖြစ်တာ ၁၀၀ ကျော်နေပြီ”လို့ ဆိုပါတယ်။
တကယ်လို့ လက်မှတ်ထိုး ကြမယ်ဆိုရင်လည်းပဲ အစိုးရအနေနဲ့ အပစ်အခတ် ရပ်စဲကြောင်း တနိုင်ငံလုံးကို ကနဦး ကြေညာပေးဖို့ UNFC ဘက်က တောင်းဆိုပေမယ့် အစိုးရက လက်မခံပါဘူး။
ဒါ့အပြင် တပ်နေရာ ချထားရေးနဲ့ လှှုပ်ရှားသွားလာခွင့် အပါအဝင် တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ပထမ လုပ်ဆောင်ပြီး အဆင်ပြေတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ UNFC က တင်ပြဆွေးနွေးပေမယ့် ဦးအောင်မင်းနဲ့ အဖွဲ့ကတော့ လက်မှတ် ရေးထိုးဖို့ကိုပဲ ဆွေးနွေးတာကြောင့် မအောင်မြင်ခဲ့တာလို့ ဆိုရပါမယ်။
တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ပြေလည်မှသာ တိုက်ပွဲတွေ ဆက်မဖြစ်တော့ဘူးလို့ တိုင်းရင်းသားတွေဘက်က ပြောဆိုမှုတွေနဲ့ အပစ် ရပ် လက်မှတ်ထိုးလိုက်ရင် ခိုင်မာသွားပြီမို့ တိုက်ပွဲတွေ ဖြစ်လာနိုင်စရာ မရှိတော့ဘူးလို့ အစိုးရဘက်က ပြောဆိုနေမှုတွေက လည်း
ချင်းမိုင် ဆွေးနွေးပွဲ မအောင်မြင်ရခြင်းရဲ့ အခြေခံထဲမှာ ပါဝင်တယ်လို့ ယူဆရပါတယ်။
ဦးအောင်မင်းကတော့ UNFC နဲ့ပြေလည်မှု မရခဲ့ပေမယ့် သဘောတူညီတဲ့ အဖွဲ့တွေနဲ့ လက်မှတ်ရေးထိုးပွဲ လုပ်ဆောင်သွားမှာ ဖြစ်ပြီး သဘောမတူသူတွေကို ချန်ထားခဲ့မယ်လို့ ပြောဆိုသွားပါတယ်။
ဝန်ကြီး ဦးအောင်မင်းက“အောက်တိုဘာလအတွင်း နေပြည်တော်မှာ တနိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုးပွဲ လုပ်ပါမယ်၊ သဘော တူတဲ့ သူတွေနဲ့ထိုးသွားမှာပါ၊ အခု သဘောမတူသေးတဲ့ သူတွေကလည်း ကြိုက်တဲ့အချိန်မှာ လာထိုးဖို့ စာအုပ် အဆင်သင့်ဖွင့် ထား ပေးပါမယ်”လို့ ဆိုတယ်။
အစိုးရ ရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်တွေက အပစ်အခတ်ရပ်စဲ၍ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ လက်ခံရေး၊ နိုင်ငံရေးပါတီ ထောင်ပြီး ရွေးကောက်ပွဲဝင်ရေး၊ လွှတ်တော်ထဲ၌ နိုင်ငံရေး ဆွေးနွေးမှု ပြုလုပ်ရေး စတဲ့ အချက်တွေ ပါဝင်ပါတယ်။
နိုင်ဟံသာ က အောက်တိုဘာလမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ UNFC နဲ့ လုံး၀ သဘောတူညီမှု မရခဲ့ ဘူးလို့ ဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။
ဒါပေမယ့် ဦးအောင်မင်း ကတော့ “လက်ခံပါတယ်၊ လက်ခံပါတယ်၊ ဒါငြိမ်းချမ်းရေး ရပြီးသား အဖွဲ့တွေနဲ့ ပြန်ပြီး တော့ Reconfirm (ပြန်လည် အတည်ပြု) ပြန်လုပ်တာလေ၊ သူတို့လည်း လက်မှတ် ထိုးရမှာပေါ့၊ ပိုပြီး ခိုင်မာ လာတာပေါ့ဗျာ”လို့ သတင်းထောက်တွေရဲ့ အမေးကို ဖြေဆိုပါတယ်။
လက်မှတ်ရေးထိုးပွဲမှာ နိုင်ငံတကာက အသိသက်သေတချို့ကို ဖိတ်ကြားဖို့ရှိတယ်လို့လည်း အစိုးရ ဘက်က ပြောဆိုထားပါတယ်။ တနိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ထိုးပွဲဟာ အစိုးရအတွက် ကမ္ဘာကို ကြေညာ အမြတ်ထုတ်ဖို့ ကြိုးပမ်းချက်တခုသာ ဖြစ်ပြီး တိုင်းရင်းသားတွေ အတွက်တော့ ဘာအာမခံချက်မှ မပါဘူးလို့ တိုင်းရင်းသား ခေါင်ဆောင်တွေက ပြောတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အစိုးရဘက်က လုပ်ရပ်တချို့ဟာ ရိုးသားမှု မရှိကြောင်း၊ ယခင် သဘောတူ လက်မှတ်ရေးထိုးပွဲတွေတုန်းက ပါဝင်ပြောဆိုမှု မရှိခဲ့တဲ့ တပ်မတော်ရဲ့ သဘောထား ၆ ချက်ကို မကြာသေးခင်ကမှ ထုတ်ဖော်ပြောဆို လာတာဟာ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေး ခရီးစဉ်တွေကို အတားအဆီး ဖြစ်စေတယ်လို့ UNFC ပြောခွင့်ရသူ နိုင်ဟံသာ က ပြောဆိုပါတယ်။
အချက် ၆ ချက်ကတော့ လူမသတ်ရေး၊ တပ်သားသစ် မစုဆောင်းရေး၊ ဆက်ကြေး မကောက်ရေး၊ တပ်နေရာသစ် တိုးချဲ့မ တည်ဆောက်ရေး၊ အစိုးရ ရဲ့ အုပ်ချုပ်ရေးပိုင်းတွေမှာ ဝင်ရောက် မစွက်ဖက်ရေး၊ တပ်မတော်ရဲ့ အုပ်ချုပ်မှု အောက်ရှိ ပြည်သူ့စစ် တပ်ဖွဲ့တွေကို တိုက်ခိုက်ခြင်း မပြုရေး စတဲ့ အချက်တွေ ပါဝင်ပါတယ်။
နိုင်ဟံသာက “ကျနော်တို့လည်း လူမသတ်ပါဘူး၊ ဒီအချက်ကို လက်ခံတယ်၊ ဒါပေမယ့် ဆက်ကြေး မကောက်ရ၊ တပ်သား မစုဆောင်းရ ဆိုတာတွေက ကျနော်တို့ကို လုံး၀ ရပ်တည်လို့မရအောင် အပြတ်ဖြုတ်လိုတဲ့ သဘောထားပဲလေ၊ ဒါကို ကျနော်တို့က လက် ခံလို့ မရဘူး”လို့ ဆိုတယ်။
အစိုးရ တပ်မတော်အနေနဲ့နိုင်ငံတော်ရဲ့ ဘတ်ဂျက်နဲ့ရပ်တည်နေတာကြောင့် ဆက်ကြေး ကောက်ခံစရာ မလိုတာ မှန်ပေမယ့် တိုင်း ရင်းသား တပ်တွေ အနေနဲ့ ဆက်ကြေးတွေ ကောက်ခံ ရပ်တည်နေရတာကြောင့် အဲဒီ အချက်ကိုတော့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အားလုံးက သဘော မကျကြပါဘူး။
အဲဒီလို အပြန်အလှန် မပြေလည်မှုတွေကြောင့် UNFC အဖွဲ့နဲ့ အစိုးရကြား အောက်တိုဘာလ လက်မှတ်ရေးထိုးမယ့် ကိစ္စ အတွက် အဖြေမရခဲ့ပေမယ့် UNFC အဖွဲ့ဝင် တဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး(KNU) အဖွဲ့နဲ့တော့ ဒီရက်ပိုင်းမှာပဲ အလွတ် သဘော တူညီမှု ရခဲ့ကြပါတယ်။
KNU နဲ့ အတူ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) အဖွဲ့ကလည်းပဲ အစိုးရရဲ့ အပစ်ရပ် လက်မှတ် ထိုးပွဲ ကမ်း လှမ်းချက်ကို အလွတ်သဘော လက်ခံထားပါတယ်။ ဒါကြောင့်လည်းပဲ အောက်တိုဘာမှာ ဖြစ်အောင် လုပ်မယ်လို့ ဦးအောင်မင်းက အခိုင်အမာ ပြောဆိုသွားခဲ့တာ ဖြစ်မှာပါ။
ဒီအဖွဲ့ ၂ ခု ဟာ ဦးအောင်မင်းနဲ့ UNCF မတွေ့ဆုံခင် ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ကြပါသေးတယ်။ အလားတူ ရန်ကုန်မြို့မှာလည်း အစိုးရ ရဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေနဲ့ ဒီရက်ပိုင်းမှာပဲ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး အောက်တိုဘာလ လက်မှတ်ထိုးမယ့် ကိစ္စကို မူအားဖြင့် သဘောတူညီခဲ့ကြပါတယ်။
UNFC အဖွဲ့ဝင် မဟုတ်တဲ့ RCSS အဖွဲ့က အစိုးရနဲ့ သီးသန့်တွေ့ဆုံတာ၊ အပစ်ရပ် လက်မှတ်ထိုးမယ့်ကိစ္စ မူ အားဖြင့် သဘောတူ တာတွေကို လက်ခံလို့ရပေမယ့် UNFC အဖွဲ့ဝင်ဖြစ်တဲ့ KNU ခေါင်းဆောင် တချို့ရဲ့လုပ်ရပ်ကတော့ လူအများရဲ့ ဝေဖန်ပြောဆိုစရာ ဖြစ်နေပါတယ်။
UNFC က ချမှတ်ထားတဲ့ မူဝါဒများမှာ နိုင်ငံရေးအရ ဆွေးနွေးပွဲများ ဆက်လက် ဖြစ်ပေါ်လာရေး၊ ပင်လုံကဲ့သို့ ညီလာခံတခု ပေါ်ပေါက်ရေး၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးကို အစိုးရက တရားဝင်ကြေညာပေးရေး၊ နိုင်ငံရေး ဆွေးနွေးပွဲကို တဖွဲ့ချင်းစီ မဟုတ်ဘဲ UNFC အနေနဲ့ ဆွေးနွေးဖို့ မူဝါဒ ချမှတ်ထားပါတယ်။
ဒါပေမယ့် UNFC အဖွဲ့ဝင် ဖြစ်တဲ့ KNU ကတော့ သီးသန့်အနေနဲ့ အစိုးရ အဖွဲ့နဲ့ တွေ့ဆုံတာ၊ ဆွေးနွေးတာတွေ ရှိနေပါတယ်။
တိုင်းရင်းသား အဖွဲ့တွေကြား မညီညွတ်မှုတွေဟာ အစိုးရ အတွက် အသုံးချစရာ လက်နက်သဖွယ် ဖြစ်စေတယ်လို့ ဝေဖန် ကြ သလို ဒီလိုမျိုး ကွဲပြားလာအောင် စိတ်ဓာတ် စစ်ဆင်ရေးနဲ့ ယခင်က အစိုးရတွေရဲ့မူအတိုင်းပဲ သွေးခွဲနေတယ်လို့လည်း တိုင်းရင်းသားတွေက ယူဆနေဆဲပါ။
UNFC ရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကတော့“UNFC အတွင်းမှာ ပြိုကွဲစရာ မရှိပါဘူး၊ KNU အဖွဲ့ထဲက အစိုးရနဲ့ အဆင်ပြေနေတာလည်း ခေါင်းဆောင်ပိုင်းထဲက သုံးလေးဦးပဲရှိပါတယ်၊ ဒီအဖွဲ့ တခု ၂ ခုနဲ့လည်းပဲ တနိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုးပွဲ ဖြစ်လာနိုင်ခြေ နည်းပါတယ်”လို့ ဆိုတယ်။
ပြည်တွင်း ငြိမ်းချမ်းရေး၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကိစ္စတွေအတွက် တိုင်းရင်းသား အဖွဲ့တွေကြားမှာ ဒီမိုကရေစီ သဘောသဘာ၀ အရ အမြင်မတူတာတွေ၊ သဘောထား မတူတာတွေ တချို့ရှိနေပေမယ့် ပန်းတိုင်ကတော့ တူတယ်လို့လည်း တိုင်းရင်း သား ခေါင်းဆောင်တွေက ပြောဆိုကြပါတယ်။
ဦးခွန်ဥက္ကာက“တိုင်းရင်းသား အဖွဲ့တွေအကြားမှာ ညီညွတ်မှု တချို့အားနည်းတယ်ဆိုတာကို ဝန်ခံပါတယ်၊ ဒီတော့ ညီညွတ်မှုတွေပိုကောင်း လာအောင် ကြိုးစားရမှာပါ၊ အမြင်မတူတာက ဘယ်အဖွဲ့မှာ ဖြစ်ဖြစ် ရှိတတ် ပါတယ်”လို့ ဆိုတယ်။
လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့ရှိတဲ့ အနက် ၁၄ ဖွဲ့နဲ့ ပဏာမ အပစ်အခတ် ရပ်စဲထားပြီးဖြစ်တယ်။ ဒါပေမယ့် စာချုပ်ပါ တပ်နေရာ ချထား ရေး၊ ဒေသဖွံံ့ဖြိုးရေး၊ ဆက်ဆံရေး ရုံးတွေ ဖွင့်ရေး၊ စစ်ပြေး ဒုက္ခသည်တွေ နေရာ ချထားရေး ကိစ္စတွေကို တိုင်းရင်းသား အဖွဲ့တွေ အနေနဲ့ ဘာမှ မယ်မယ်ရရ လုပ်ပိုင်ခွင့်မရ သေးပါဘူး။ ဒါကြောင့်လဲ အစိုးရရဲ့ ပြောဆို လုပ်ဆောင်ချက်တွေ အပေါ်မှာ သံသယ ရှိနေဆဲပါ။
အပစ်ရပ်အဖွဲ့ တချို့နဲ့လည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတဲ့ အပြင် ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) နဲ့လည်း ဒီ ရက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ကြပါတယ်။ တိုက်ပွဲအတွင်း အစိုးရဘက်က အရာရှိတဦးနဲ့ ရဲဘော် တချို့ကို KIA ရဲ့ ပစ် သတ်တာ ခံခဲ့ရတယ် ဆိုပြီးတော့လည်း ကာကွယ်ရေး ဝန်ကြီးဌာနက မနေ့ကပဲ ဖြေရှင်းချက် တောင်းခဲ့ပါသေးတယ်။
ပလောင် လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့လည်း တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်နေတဲ့ အကြောင်း TNLA ရဲ့ ပြန်ကြားရေး အဖွဲ့က မကြာခဏ သတင်းထုတ်ပြန်နေတာ တွေ့ရတယ်။
အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် KIA နဲ့အစိုးရအကြား ဒီရက်ပိုင်းမှာ ထပ်မံ ဆွေးနွေးသွားမှာ ဖြစ်တယ်၊ တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေ ရပ်မသွားနိုင်ဘူး လို့တော့ နှစ်ဘက်စလုံးက ပြောဆိုနေကြ ပါတယ်။
ဒါပေမယ့် အောက်တိုဘာလမှာ ရေးထိုးမယ့် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကိုတော့ KIA အနေနဲ့ ပါဝင် နိုင်ခြေ မရှိဘူးလို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောသလို “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) ဟာလည်း လက်မှတ် မထိုးဘူးလို့ ဆိုပါတယ်။
KIA အနေနဲ့ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်မထိုးပေမယ့် ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကိုတော့ အောက်တိုဘာလ အတွင်းမှာ လုပ်ဆောင်သွားဖို့ အစိုးရနဲ့ သဘောတူညီမှု ရထားပါတယ်။
KIA ဟာ ဦးသိန်းစိန် အစိုးရနဲ့ ဆွေးနွေးပွဲ အကြိမ်ရေအများဆုံး လုပ်ဆောင်နေတဲ့ အဖွဲ့တခုလည်း ဖြစ်သလို အပစ်အခတ် ရပ်စဲ ရေး လက်မှတ်မထိုးသေးတဲ့ အင်အားကြီး လက်နက်ကိုင်အဖွဲ့တခုလည်း ဖြစ်ပါတယ်။ ဒီတော့ KIA တို့၊ UWSA တို့လို အင်အားကြီး တပ်ဖွဲ့တွေ ပါမလာဘဲ အစိုးရ လုပ်ဆောင်မယ့် အောက်တိုဘာ လက်မှတ် ရေးထိုးပွဲကြီး ဖြစ်လာမလား၊ မဖြစ်လာဘူးလား ဆိုတာ တော့ စောင့်ကြည့်ကြရဦးမှာပဲ ဖြစ်ပါတယ်။ ။