မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ထိုင်းနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တန်နာဆပ် ပါတီ မာပရာဂွန်(Tanasak Patimapragorn)တို့ ဟာ မနေ့က တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ် လုံခြုံရေး ဆိုင်ရာများကို အဓိကထား ဆွေးနွေးပြီး သဘောတူညီခဲ့တယ်လို့ သိရပါတယ်။
မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား နယ်စပ် လုံခြုံရေး၊ ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါး ပြဿနာတွေနဲ့ တရားမဝင် အလုပ်သမား ထိန်းချုပ်ရေး တို့မှာ ပိုမို ပူးပေါင်းဆောင်ရွက်သွားဖို့ ယမန်နေ့က သဘောတူညီချက် ရယူနိုင်ခဲ့တာပါ။
ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ထိုင်း-မြန်မာ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ အစည်းအဝေး (1st Thailand–Myanmar High Level committee meeting )မှာ မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တန်နာဆပ် ပါတီ မာပရာဂွန်(Tanasak Patimapragorn)တို့ တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်တယ်လို့ ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဆိုပါတယ်။
ယင်း အစည်းအဝေးမှာ မြန်မာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်နိုင်ငံ တပ်မတော် အကြား ပူးပေါင်း ဆောင်ရွက်မှုဟာ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ရန် အတွက် အထောက်အကူပြုမှာဖြစ်ကြောင်း ပြောဆိုသွားတယ်လို့လည်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တန်နာဆပ် ပါတီမာပရာဂွန်ကလည်း နှစ်နိုင်ငံ တပ်မတော်ကိုယ်စားလှယ် များအကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီး သဘောတူညီချက် ရယူခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အနာဂတ် အစည်းအဝေးတွေမှာ High Level committee ရဲ့ လုပ်ပိုင်ခွင့် အာဏာနဲ့ အခန်းကဏ္ဍ၊ နှစ်နိုင်ငံစစ်တပ် အကြား ပူးပေါင်း ဆောင်ရွက်မှုနှင့် နယ်စပ်လုံခြုံရေး ဆိုင်ရာများကို ထည့်သွင်း ဆွေးနွေးတယ်လို့ သိရပါတယ်။
လာမည့်နှစ် ထိုင်း-မြန်မာ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ အစည်းအဝေးကိုတော့ မြန်မာနိုင်ငံမှာ ကျင်းပမှာဖြစ်ပါ တယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ယူပြီးတဲ့ နောက်ပိုင်းမှာ မြန်မာ စစ်တပ်ဟာ အမေရိကန်နှင့် အနောက်နိုင်ငံများ အပါအဝင် ဒေသတွင်း တပ်မတော်များနဲ့လည်း ပိုမို ဆက်ဆံလာတာကို တွေ့ရတယ်လို့ လေ့ လာသူတွေက ဆိုပါတယ်။
ယမန်နေ့ကလည်း ထိုင်းဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး မစ္စ ယင့်လတ် ရှင်နာဝပ်နဲ့ တွေဆုံခဲ့ပြီး နှစ်နိုင်ငံ နယ်စပ် ပြဿနာ၊ မပြီး ဆုံးသေးတဲ့ နယ်နိမိတ်မျဉ်း သတ်မှတ်ရေး တို့ကို အပြီးသတ် ဆောင်ရွက်ရေး ၊ နယ်စပ် ကုန်သွယ်ရေး တိုးမြှင့်ရေး၊ မူးယစ်ဆေးဝါး ပြဿနာ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသေးတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေအနေအရ ဒီမိုကရေစီ လမ်းကြောင်း ပေါ် လျှောက်လှမ်း နေပြီ ဖြစ်လို့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို လျှော့ချနေကြောင်း၊ ထိုင်း-မြန်မာ ဆက်ဆံရေး သမိုင်းတလျှောက် လက်ရှိအချိန်ဟာ အကောင်းဆုံးဖြစ်ကြောင်းလည်း ဆိုပါတယ်။
ထားဝယ် ရေနက်ဆိပ်ကမ်း ဖြစ်မြောက်ရေးနဲ့ ပတ်သက်လို့လည်း မြန်မာ သမ္မတ ဦးသိန်းစိန်က အရေးကြီးတဲ့ စီမံကိန်းတခု ဖြစ်တဲ့ အတွက် အထူး အလေးထားကြောင်းနဲ့ အကောင်အထည် ဖော်ရေးအတွက် ထိုင်းအစိုးရနဲ့ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ခဲ့ပါသေး တယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ လူယုံတော်၊ စစ်တပ်ကို ထိန်းချုပ်ထားနိုင်တဲ့ အတွက် သြဇာအာဏာနဲ့ ငွေကြေးချမ်းသာသူ၊ ဒါကြောင့် အပိုင်စည်းရုံးထားနိုင်ရင် ထားဝယ်ဆိပ်ကမ်းကို ရရှိမှာဖြစ်တယ်ဆိုတဲ့ ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ထိုင်း ဒု ကာကွယ်ရေး ဝန်ကြီး Yutthasak Sasiprapa တို့ ဟောင်ကောင်မှာ တိတ်တဆိတ် ပြောဆိုခဲ့တယ်လို့ ယူဆရတဲ့ အသံဖိုင် ထွက်ပေါ်လာခဲ့ပါသေးတယ်။
အသံဖိုင် အပေါ်မှာ ထိုင်းမီဒီယာတွေ့ရဲ့ တင်ပြပုံနဲ့ ပတ်သက်ပြီး ထိုင်း- မြန်မာ ဆက်ဆံရေးကို ထိခိုက်မှာကို ထိုင်းစစ်တပ် အနေနဲ့ စိုးရိမ်တယ်ဆိုတဲ့ အကြောင်း မနေ့က ပြုလုပ်တဲ့ ထိုင်း-မြန်မာ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ အစည်းအဝေးမှာ ပြော ဆိုမှု တချို့ရှိတယ်လို့လည်း ဘန်ကောက်ပို့စ် သတင်းစာက ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းခရီးစဉ်အတွင်းမှာ ချွန်ဘူရီခရိုင်မှာ အခြေစိုက်တဲ့ ထိုင်းရေတပ်ကိုလည်း လေ့လာခဲ့ပြီး နှစ်နိုင်ငံ ရေပိုင်နက်အတွင်း ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ပါတယ်။