မြန်မာ့နိုင်ငံရေးတွင် အမျိုးသားများ နှင့် တန်းတူ အမျိုးသမီးများ ရင်ဘောင်တန်း ပါဝင်လာနိုင်ရေး အတွက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာအမျိုးသမီး ကွန်ရက်များနှင့် အဖွဲ့အစည်းများက ယနေ့ ရန်ကုန်မြို့၊ Excel ဟိုတယ်တွင် ကျင်းပသည့် မြန်မာအမျိုးသမီး ဖိုရမ်တွင် ထုတ်ပြန်ပြောဆိုသည်။
ရန်ကုန်မြို့တွင် ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ အထိ ၃ ရက်ကြာ ကျင်းပလျက်ရှိသည့် မြန်မာ အမျိုးသမီး ဖိုရမ်တွင် မြန်မာအမျိုးသမီး များအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ ဥပဒေပြုလွှတ်တော်၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကိစ္စရပ်များအပါအဝင် မြန်မာ့နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်နိုင်မှု တိုးမြှင့်ရေး ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ ထို့ပြင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ လူကုန်ကူးမှု တားဆီး ဖြေရှင်းရေး အပါအဝင် လူမှု ပတ်ဝန်းကျင် တွင် အမျိုးသမီး ပါဝင်မှုကဏ္ဍ မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
“လွှတ်တော်မှာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ၃၀ရာခိုင်နှုန်း အထိ ပါဝင်လာ အောင်၊ ငြိမ်းချမ်းရေး စားပွဲဝိုင်း တွေမှာ ပါဝင်လာအောင် ကြိုးစားချင်တယ်၊ အခုဆိုရင် ငြိမ်းချမ်းရေး ကိစ္စတွေမှာလည်း အမျိုးသမီးတွေ ပါဝင်မှုက အင်မတန်မှ နည်းသေးတယ်၊ အဲဒါကို အမျိုးသမီး အဖွဲ့တွေက တောက်လျှောက် တောင်းဆိုနေကြတယ်။ ကျမတို့ကတော့ အမျိုးသမီး တွေရဲ့ အရေးကို သေချာ ဆွေးနွေးနိုင်တဲ့ အထိ ကို မျှော်လင့်ထားတယ်”ဟု ကရင်အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါ်နော်စူစန်နာလှလှစိုးက ဧရာဝတီသို့ ပြောသည်။
နိုင်ငံရေးတွင် အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်ရေး ကြိုးစားဆောင်ရွက်နေကြသော်လည်း ခေတ်အဆက်ဆက် အမျိုးသား ကြီးစိုးရေးဝါဒ ကြောင့် အမျိုးသမီးများကို နေရာ ပေးရကောင်းမှန်းမသိဖြစ်နေပြီး အမျိုးသားများနှင့် တန်းတူ ရင်ဘောင်တန်း ဆောင်ရွက်နိုင်မှုကိုလည်း အမျိုးသားများက အသိအမှတ်မပြုချင်ကြ ဟု ဒေါ်နော်စူစန်နာလှလှစိုးက သုံးသပ်သည်။
အစိုးရ အုပ်ချုပ်ရေး ရာထူးများ တွင်လည်း အမျိုးသမီးများကို တာဝန်ပေးအပ်ရေး အပါအဝင် ကဏ္ဍ အသီးသီးတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်ခွင့်ရရေး လွှတ်တော်သို့ တိုက်တွန်းပြောဆိုမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီ မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက“ အမျိုးသမီး တွေရဲ့ ပါဝင်မှုတွေက နည်းတော့ နည်းနေပါသေးတယ်၊ အမျိုးသမီး တွေအပေါ် သက်ဆိုင်ရာ အစိုးရ အဖွဲ့တွေရဲ့ တာဝန်ပေးမှု တွေလည်း လိုအပ်ပါတယ်။ ကဏ္ဍအသီးသီးမှာ ကျမတို့ အမျိုးသမီးတွေ ပါဝင်မှု နည်းနေတာကို ပိုပြီး ပါဝင် ဆောင်ရွက်ခွင့် ရအောင်လို့ လွှတ်တော်ကနေ တိုက်တွန်းပြောဆိုသွားမှာပါ။ ပေါ်လစီကိုက အမျိုးသားများတဲ့ ပေါ်လစီ ဖြစ်နေသေးတယ်” ဟု ပြောသည်။
အစိုးရ တာဝန်ရှိသူများ အနေဖြင့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး နှင့် နိုင်ငံရေး ဆွေးနွေးမှုများတွင် အမျိုးသမီးများ ပါဝင်ခွင့်ရရှိရေး ထည့်သွင်း စဉ်းစားသင့်ကြောင်း၊ အမျိုးသမီးများကိုယ်တိုင်ကလည်း လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေး နှင့် မူးယစ်ဆေးဝါး ပပျောက်သွားစေရေးတွင် တက်ကြွစွာပါဝင်ဆောင်ရွက်သင့်သည်ဟု ဒေါ်ဒွဲဘူက ဆိုသည်။
ယနေ့ စတင် ကျင်းပသည့် မြန်မာအမျိုးသမီးဖိုရမ်သို့ မြန်မာအမျိုးသမီး အဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ ဖန်တီးအိမ်အဖွဲ့၊ အခရာအဖွဲ့၊ Rainfall အဖွဲ့၊ ကရင် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့အပါအဝင် အမျိုးသမီးကွန်ရက်နှင့် အဖွဲ့အစည်း များစွာ တက်ရောက်ကြပြီး နိုင်ငံရေးတွင် အမျိုးသမီးများ ပိုမိုပါဝင်ခွင့်ရရှိရေး၊ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ထိပါးနှောက်ယှက်ခံရမှုကာကွယ်တားဆီးရေး၊ မျိုးစောင့်ဥပဒေသစ် အပါအဝင် အမျိုးသမီး အခွင့်အရေးနှင့် သက်ဆိုင်သော အကြောင်းအရာများကို အဓိက ဆွေးနွေးကြမည်ဟု သိရှိရသည်။