ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိရာ စစ်ဘေးသင့် ဒုက္ခသည်များ ခိုလှုံနေရသော နယ်စပ်ဒေသ ဒုက္ခသည် စခန်းများတွင် အစားအသောက်ပြတ်လပ်မှုများ ကြုံ တွေ့ နေရပြီး အကူအညီများ လိုအပ် လျက်ရှိကြောင်း သတင်းရရှိသည်။
မြန်မာစစ်တပ်နှင့် ကေအိုင်အေ တို့အကြား အပစ်အခတ်ရပ်စဲရေး နှင့် ငြိမ်းချမ်းရေး ရရှိရေးအတွက် ဆွေးနွေးမှုများ ပြုလုပ် နေသော် လည်း တိုက်ပွဲများ မကြာခဏ ဆိုသလို ပြန်လည် ဖြစ်ပွားလျက် ရှိကြောင်း၊ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများ တွင် ဒုက္ခသည် အရေအတွက်မှာလည်း လျော့ကျသွားခြင်း မရှိဘဲ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း၊ ကုလသမဂ္ဂ အဖွဲ့ အစည်းများက ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများသို့ စားနပ်ရိက္ခာ လာရောက်ကူညီပေးမှုများ ရှိနေသော် လည်း နယ်စပ်ဒုက္ခသည်စခန်းများတွင် အစား အသောက်ပြတ်လပ်မှုများ ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း သိရှိရသည်။
“ကုလသမဂ္ဂ အဖွဲ့အစည်း တွေက လိုင်ဇာဌာနချုပ်ကို ဆန်တွေလာလှူပါတယ်။ နယ်စပ်ဒေသ အလွန် ခေါင်တဲ့ နေရာ တွေနဲ့ ကျမတို့နေရာတွေဆီကို ဆန် မရောက်ဘူး။အခု မိဘမဲ့ ကျောင်းသားအဆောင်တွေမှာဆိုရင် စားသောက်ဖို့ ဟင်း မရှိလို့ ဆားတွေနဲ့ ကျွေးနေရပါတယ်” ဟု တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မိုင်ဂျာယန် ကချင်ဒုက္ခသည် စခန်းမှ တာဝန်ရှိသူတဦး ဖြစ်သူ ဒေါ်လုထွယ်က ဧရာဝတီသို့ပြောသည်။
စက်တင်ဘာလ ၂၁ ရက်နေ့ ကျရောက်သော ကမ္ဘာ့ငြိမ်းချမ်းရေး နေ့တွင် အစားအသောက်၊ ဆေးဝါးနှင့် အကူအညီများ လိုအပ် နေသော ကချင် နယ်စပ်ဒုက္ခသည်စခန်းများအတွက် အဖြူရောင်တွဲလက်များ အဖွဲ့နှင့် လောကနတ် ဂီတ ညီအစ်ကိုများ အဖွဲ့တို့ ပူးပေါင်းပြီး ဂီတ ဖျော်ဖြေမှုများဖြင့် အလှူခံခဲ့ကာ အလှူငွေကျပ် ၇၅ သိန်း ရရှိခဲ့ကြောင်း၊ ရရှိသည့် အလှူငွေ များကို အလှူရှင်များ မရောက်ရှိသည့် နယ်စပ် ဒုက္ခသည်များ အတွက် အစားအသောက်များ ဝယ်ယူ လှူဒါန်း မည် ဖြစ်ကြောင်း သိရှိရသည်။
“ ဒီစက်တင်ဘာလထဲမှာ ကျနော်တို့ နယ်စပ်ဒုက္ခသည်စခန်းတွေ ရောက်တယ်။ အဲဒီမှာ ကျောင်းသားလေးတွေ ထမင်းကို ဆားနဲ့ စားနေရတာမြင်တော့ အရမ်း ခံစားရတယ်ဗျာ။ သူတို့တွေရဲ့ ကျန်းမာရေးအတွက် စိတ်ပူတယ်။ အဲ့ဒါကြောင့် ကျနော်တို့ အလှူခံပြီးတော့ရတဲ့ ငွေတွေကို နယ်စပ်ဒုက္ခသည်စခန်းတွေက ကျောင်းသား တွေအတွက် အစားအသောက်တွေ လှူသွားမယ်” ဟု အဖြူရောင်တွဲလက်များ မှ ကိုဘိုဘိုက ဧရာဝတီသို့ပြောသည်။
ကချင် နယ်စပ်ဒုက္ခသည် စခန်းများတွင် သန့်ရှင်းမှု အားနည်းခြင်း၊ နေရာထိုင်ခင်း အလွန် ကျဉ်းမြောင်းပြီး လေကောင်း လေသန့် မရရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် ဆရာဝန်၊ သူနာပြုများ မလုံလောက်ခြင်း အပြင် ဆေးဝါး မပြည့်စုံခြင်းတို့များ ကြုံတွေ့နေရပြီး အထူးသဖြင့် အစားအသောက် ပြတ်လပ်မှုကြောင့် အာဟာရချို့တဲ့မှုများကို ကြုံတွေ့ ခံစားနေရပြီး ဒုက္ခသည် များ၏ ကျန်းမာရေးမှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရှိရသည်။
နယ်စပ်ဒုက္ခသည်စခန်းများတွင် အစားအသောက် ပြတ်လပ်မှုများ ကြုံတွေ့နေရသဖြင့် အရွယ်ရောက် လူငယ်လူရွယ် များသည် အလုပ် ရရှိလိုမှုဖြင့် တရုတ်ပြည်သို့သွားရောက် အလုပ်လုပ်ကိုင်မှုများရှိပြီး လူကုန်ကူးမှု ပြဿနာများ ကြုံတွေ့ နေရ ကြောင်း၊ အထူးသဖြင့် တရုတ်-မြန်မာနယ်စပ်တွင် ကချင်ဒုက္ခသည်များကို တရုတ်နိုင်ငံသို့ လူကုန်ကူးမှုများ များရှိနေ ကြောင်း နယ်စပ်ဒုက္ခသည်စခန်းများမှ စုံစမ်းသိရှိရသည်။
“အစား အသောက်နဲ့ အနေအထိုင် ဆင်းရဲချို့တဲ့နေတဲ့ ဒုက္ခသည်စခန်းက ကလေးတွေ၊ မိန်းကလေးတွေကို အဓိက ပစ်မှတ် ထားပြီးတော့ တရုတ်တွေက လာခေါ်တယ်။ Camp တွေ အားလုံး ကိုတော့ ဘယ်သူလာခေါ်ခေါ် မသွားပါနဲ့၊ ဘယ်သူကိုမှ မယုံကြည်ဖို့ ခေါ်တိုင်း မလိုက်ဖို့တော့ ပြောထား၊ ပညာပေး ထားပါတယ်” ဟု တရုတ်-မြန်မာ နယ်စပ်တွင် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်နေသည့် ဒေါ်မိုင်းဂျာက ဧရာဝတီသို့ ပြောသည်။
ဒေါ်မိုင်းဂျာ၏ အဆိုအရ ကချင်နယ်စပ် ဒုက္ခသည်စခန်းမှ အသက် ၁၅ နှစ်၊ ၁၆ နှစ် ဝန်းကျင် အိမ်ထောင်မကျသေးသော ကချင်အမျိုးသမီးငယ်အများစုသည် လူကုန်သူများ၏ အဓိက ပစ်မှတ်ထားခံနေရသော သားကောင်များဖြစ်နေကြောင်း သိရှိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးရေးဗဟိုအဖွဲ့မှ တာဝန်ရှိသူများက တိုက်ပွဲများဖြစ်ပွားနေသော ကချင်ဒေသတွင် ဖြစ်ပေါ်နေသော လူကုန်ကူးမှုများ တိုက်ဖျက်နိုင်ရေးအတွက် တရုတ်အစိုးရတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း ဧရာဝတီသတင်းဌာနသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။
မြန်မာအစိုးရ နှင့် ကေအိုင်အေတို့သည့် ၂၀၁၃ မေလကုန်တွင် ၃ရက်ကြာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး သဘောတူညီချက် ၇ ချက် လက်မှတ် ရေးထိုးနိုင်ခဲ့သော်လည်း ယခုစက်တင်ဘာလတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားလျက်ရှိကြောင်း၊ လာမည့် အောက်တိုဘာလအတွင်း ကေအိုင်အေနှင့် မြန်မာအစိုးရ တို့အကြား ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ထပ်မံ တွေ့ဆုံရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။