အစိုးရ စစ်တပ်ကို တိုင်းရင်းသားတွေပါဝင်တဲ့ ပြည်ထောင်စု တပ်မတော် အဖြစ် ဖွဲ့စည်းပြီး နိုင်ငံတော် သမ္မတရဲ့ ကွပ်ကဲမှု အောက် မှာ ထားရှိဖို့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) အကြီးအကဲ တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် ပေါင်ခေး က အကြံပြု ပြောဆို လိုက်ပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ၃ ရက်ကြာ ကျင်းပနေတဲ့“ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ” အခမ်း အနား ဒုတိယနေ့မှာ ဗိုလ်မှူးချုပ် ပေါင်ခေးက ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
“တပ်မတော်ကို တိုင်းရင်းသားတွေ ပါဝင်တဲ့ တန်းတူ အခွင့်အရေးရှိတဲ့ ပြည်ထောင်စု တပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်း ပေးရမှာ ဖြစ်ပါတယ်၊ အုပ်ချုပ်ရေးပိုင်းကို ဝင်ရောက်မစွက်ဖက်တဲ့ တပ်မတော်ဖြစ်ရပါမယ်၊ ပြည်နယ်တွေမှာ တိုင်းရင်းသား တပ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လုံခြုံရေးတပ် ရှိရပါမယ်၊ ပြည်ထောင်စုတပ်မတော်ကို သမ္မတ က တိုက်ရိုက်အမိန့်ပေးပြီး နေမယ်၊ လုံခြုံရေးတပ်တွေကို ပြည်နယ်ဝန်ကြီးချုပ်က တိုက်ရိုက် ကွပ်ကဲရပါမယ်၊ နယ်ခြားစောင့် တပ်တွေကို ပြည်နယ်လုံခြုံရေး တပ်ရဲ့ ကွပ်ကဲမှုအောက်မှာ ထားရှိရပါမယ်”လို့ ဗိုလ်မှူးချုပ် ပေါင်ခေး က အကြံပြု ဆွေးနွေးခဲ့တာပါ။
ဒီလ ၂၁ ရက်နေ့က စတင်ခဲ့တဲ့ အဲဒီ အခမ်းအနားကို ရှမ်း၊ မွန်နဲ့ ကယားပြည်နယ်တို့က တိုင်းရင်းသား ခေါင်းဆောင်တွေ၊ လက် နက် ကိုင် အဖွဲ့ ခေါင်းဆောင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေ အပါအဝင် အဖွဲ့အစည်းပေါင်း ၅၀ ခန့်က ကိုယ်စားလှယ် ၂၀၀ ကျော် တက်ရောက်တယ်လို့ ဆိုပါတယ်။
စစ်ဘက်၊ နိုင်ငံရေးနဲ့ လူမှုအဖွ့ဲအစည်းတွေက တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက အစိုးရက မကြာမီ ကျင်းပဖို့ ကြိုးပမ်းနေ တဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရေး၊ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာ ရေးနဲ့ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး တို့ကိုလည်း ထည့်သွင်း ဆွေးနွေးကြတယ်လို့ သိရပါတယ်။
လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ကနေ သြဂုတ်လ ၁ ရက်နေ့အထိ ညီလာခံ တရပ် ကျင်းပခဲ့ပြီး အဲဒီ ညီလာ ခံ မှာလည်း ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး ဆွေးနွေးခဲ့ကြပါ သေးတယ်။
ဆွေးနွေးပွဲကိုတော့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ၊ ပြည်တွင်း ပြည်ပ အခြေစိုက် နိုင်ငံရေးပါတီတွေ၊ တတ်သိ ပညာ ရှင်တွေ၊ အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီ ညီလာခံမှာ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ပြီး ပြည်ပရန်ကို ကာကွယ်ဖို့ ဖက်ဒရယ် ပြည်ထောင်စု အသွင်ဆောင်တဲ့ တပ်မတော် ဖွဲ့စည်းသွားဖို့နဲ့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းသွားကြဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြ ပါတယ်။
ဒါ့အပြင် ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေးဟာ လတ်တလော မဖြစ်နိုင်သေးပေမယ့် နောက်ပိုင်းကာလမှာ ဖြစ်ပေါ်လာဖို့ ဆောင် ရွက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သဘောတူဆုံးဖြတ်ခဲ့ကြတဲ့ အပြင် ဖွဲ့စည်းပုံအသစ် ပေါ်ပေါက်လာရေးအတွက်လည်း တိုင်းရင်း သား ပေါင်းစုံ ပါဝင်နိုင်မယ့် ညီလာခံ တရပ် ခေါ်ယူ ကျင်းပနိုင်ဖို့ တက်ရောက်လာတဲ့ ခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာ နိုင်ငံတော်မှာ စစ်တပ်တခုတည်းသာ ရှိရမယ်လို့ ပြဌာန်းထားပါတယ်။