အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများကို လာမည့် ၂၀၁၄ ခုနှစ်တွင် ထပ်မံ ဖြေလျှော့ပေးသွားမည်ဟု မြန်မာနိုင်ငံ ရောက်ရှိနေသည့် အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Peter Harrell ဦးဆောင်သော အမေရိကန် ကိုယ်စားလှယ် အဖွဲ့က ပြောဆိုကြောင်း သတင်း ရရှိသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ စီးပွားရေး ပိတ်ဆို့မှု နှင့် ဘဏ္ဍာရေး တန်ပြန် ခြိမ်းခြောက်မှုဆိုင်ရာ ဒုတိယ လက်ထောက် ဝန်ကြီး Peter Harrell ၊ စီးပွားရေးပိတ်ဆို့မှု မူဝါဒ ဒုတိယ ညှိုနှိုင်းရေးမှူး David Mortlock တို့ ဦးဆောင် သော အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မနက်ပိုင်းတွင် မြန်မာနိုင်ငံကုန်သည်များနှင့်စီးပွားရေးလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) မှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ရန်ကုန်မြို့ UMFCCI အဆောက်အအုံတွင် တွေ့ဆုံစဉ် အမေရိကန် အစိုးရအနေဖြင့် လာမည့် ၂၀၁၄ တွင် စီးပွားရေးပိတ်ဆို့မှုများ ထပ်မံရုပ်သိမ်းဖြေလျှော့မည်ဟု ပြောဆိုကြောင်း UMFCCI ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က ဧရာဝတီသို့ိ ပြောသည်။
“အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဘက်က မြန်မာနိုင်ငံရဲ့ စီးပွားရေးကို လာတီးခေါက်ကြည့်တာလို့ပြောတယ်။ ကျနော်တို့ စီးပွားရေး လုပ်ငန်းရှင်တွေက ဥရောပသမဂ္ဂ ကတောင် စီးပွားရေးပိတ်ဆို့မှု လုံးဝရုပ်သိမ်းပေးပေမယ့် အမေရိကန်က ဘာလို့ မရုပ်သိမ်းသေးလဲလို့ မေးကြတယ်။ ပြန်ကြည့်ပေးဖို့ ပြောကြတာပေါ့၊ သူတို့ကတော့ လာမယ့်နှစ်မှာ ဖြေလျော့ပေး မယ်လို့ ပြောသွားတယ်´´ဟု ဒေါက်တာမျိုးသက်က ဆိုသည်။
မြန်မာစီးပွားရေးလုပ်ငန်းရှင်များသည် သစ်၊ လျှပ်စစ်၊ ဓာတ်ငွေ့အပါအဝင် သက်ဆိုင်ရာ စီးပွားရေးနယ်ပယ်အလိုက်
စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျော့ပေးရန် လိုအပ်သည်ဟု အမေရိကန်ကိုယ်စားလှယ်အဖွဲ့ထံတင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
“အမေရိကန်နိုင်ငံမှာက ဥပဒေတခု ဆိုရင် အရမ်းခိုင်မာတယ်လေ၊ ဒါကြောင့် မြန်မာ ကို စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းဖို့ ဆိုရင် ၂၀၁၄ မှာ အလုံးစုံ ရုပ်သိမ်းပေးဖို့ရှိမယ်၊ သူတို့ကလည်း ကျနော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု တွေလုပ်နေတာကို မြင်နေပြီလေ”ဟု ဒေါက်တာမျိုးသက်ဆိုသည်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာအစိုးရအရာရှိများ၊ လူမှုအဖွဲ့အစည်းများ၊ မြန်မာစီးပွားရေးကုမ္ပဏီများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံလျက်ရှိပြီး လတ်တလော အမေရိကန်က စီးပွားရေးပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းထားသော မြန်မာစီးပွားရေးလုပ်ငန်းရှင်များ အနက် မက်စ်မြန်မာဦးဇော်ဇော်၊ ဦးဝင်းအောင်တို့ကို စီးပွားရေးပိတ်ဆို့မှု စာရင်းမှ ပယ်ဖျက် ဖွယ်ရှိကြောင်း စုံစမ်းသိရှိရသည်။
အမေရိကန်အစိုးရသည် ဖော်ဖော်ဝါရီလတွင် မြန်မာပုဂ္ဂလိကဘဏ်များဖြစ်ကြသည့် အာရှစိမ်းလမ်းဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုဘဏ်တို့အပေါ် စီးပွားရေးပိတ်ဆို့မှုများ ဖြေလျော့ ပေးခဲ့သည်။
ဇူလိုင်လ အစောပိုင်းတွင် မြန်မာ့တပ်မတော် ကာကွယ်ရေးနှင့် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးဌာန အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းသွင်းခဲ့ပြီး ယင်း ဒဏ်ခတ်မှုသည် မြောက်ကိုရီးယားနှင့်လက်နက်ရောင်းဝယ်ရာတွင် ပတ်သက်သော ဘဏ်စာရင်း ဖွင့်လှစ်မှုနှင့် ဆက်စပ် နိုင် ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုကြသည်။