မန္တလေးမြို့တွင်းရှိ တရားမဝင် ကုန်ပစ္စည်းများ သိုလှောင်ထားသည့် ဂိုထောင်များနှင့် အရောင်းဆိုင်များကို အောက်တိုဘာလမှ စတင်ပြီး ရှောင်တခင် ဝင်ရောက် စစ်ဆေး ဖမ်းဆီးတော့မည် ဖြစ်ကြောင်း သိရသည်။
ဈေးချိုအပါအဝင် စားသောက်ဆိုင်များ၊ စတိုးဆိုင်ကြီးများ၊ စားသောက်ဆိုင်များ၊ မိုဘိုင်းဖုန်း အရောင်းဆိုင်များနှင့် စက်သုံးဆီ အရောင်းဆိုင်များတွင် ရောင်းချနေသော ကုန်စ္စည်းများမှာ တရားဝင်သော ကုန်ပစ္စည်းများ ဟုတ်၊ မဟုတ်ကို စစ်ဆေးကာ တရားဝင် သယ်ဆောင်သည့် ကုန်ပစ္စည်းများ မဟုတ်ပါက သိမ်းဆည်းထားသူများကို ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံက ပြောသည်။
“မန္တလေးမြို့မှာ တရားမဝင် ကုန်သွယ်မှု ပပျောက်ဖို့အတွက် Mobile Team အဖွဲ့ကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့စည်းတွေက မန္တလေးမြို့မှာ ရှိတဲ့ လက်ကား အရောင်းဆိုင်ကြီးတွေ၊ ကုန်ပစ္စည်း သိုလှောင်တဲ့ ဂိုဒေါင်တွေ၊ စတိုးဆိုင်နဲ့ ဈေးဝယ်စင်တာတွေမှာ ဝင်ရောက် စစ်ဆေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
မန္တလေးတွင် ဖွဲ့စည်းမည့် Mobile Team အဖွဲ့တွင် ဌာန ၆ ခု ပါဝင်မည် ဖြစ်ပြီး ယင်းဌာနတွင် မီဒီယာဌာနလည်း ပါဝင်သည်။ ဌာန ၆ ခုတွင် စီးပွားကူးသန်းဌာန၊ အကောက်ခွန် ဦးစီးဌာန၊ အုပ်ချုပ်ရေး၊ ပြည်သူ့ရဲတပ်ဖွဲ့၊ စည်ပင်ယာရေး ဦးစီးဌာနနှင့် မီဒီယာတို့ ပါဝင်မည် ဖြစ်သည်။
မန္တလေးမြို့သို့ တရုတ်နိုင်ငံမှ ကုန်သွယ်မှု အများဆုံး ပြုလုပ်လျှက် ရှိပြီး အဓိက ဝင်လမ်း လေးလမ်း ကိုလည်း ယင်းအဖွဲ့မှ ကြပ်မတ် စစ်ဆေးသွားမည် ဖြစ်ကြောင်း စီးပွား ကူးသန်း ဝန်ကြီးဌာန ကုန်သွယ်မြှင့်တင်ရေးနှင့် စားသုံးသူကာကွယ်ရေးရာ ဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးသူက ပြောသည်။
“မူဆယ်ဘက်နဲ့ လားရှိုးဘက်တွေမှာ ကျနော်တို့ အဖွဲ့တွေ ထားပြီး ကြပ်မတ် စစ်ဆေးတာတွေ လုပ်နေပါတယ်။ အခုတော့ စစ်ဆေးရေး အဖွဲ့တွေကို သင်တန်းပေးနေတာ တပတ်လောက် ရှိပါပြီ။ သူတို့ သင်တန်းပေးပြီးရင်တော့ ကွင်းဆင်း စစ်ဆေးတာတွေ လုပ်ဆောင်သွားမှာပါ” ဟု သူက ဆိုသည်။
တရုတ်ပြည်ဘက်ရှိ အရည်အသွေး ညံ့သော ကုန်ပစ္စည်းများကို အခွန်မဲ့ သယ်ဆောင်လာသည့် အတွက် စားသုံးသူများ ဘေးအန္တရာယ် ကျရောက်လျှက် ရှိသည်။
“ကုန်ပစ္စည်းတခု တရားဝင်တယ်၊ မဝင်ဘူးဆိုတာ သူတို့ ဖြတ်ခဲ့တဲ့ အခွန်စာရွက်ကို ကြည့်မှာပါ။ အခွန်မဆောင်ဘဲ ဖြတ်သန်းတယ် ဆိုရင် ဒါဟာ တရားဝင်တဲ့ ကုန်ပစ္စည်း သယ်ဆောင်တာမျိုး မဟုတ်ပါဘူး။ တရုတ်ပြည်ဘက်မှာ တရားဝင် ထားတဲ့ ကုန်ပစ္စည်း တော်တော်များများက အခွန်ဆောင်ကြပါတယ်။ တရုတ်ပြည်ဘက်ကနေ တရားမဝင်တဲ့ ကုန်ပစ္စည်းတွေ၊အရည်အသွေး ညံ့နေတဲ့ ပစ္စည်းတွေကို ဒီဘက် တင်သွင်းလာမှာကို လက်မခံနိုင်တဲ့ အတွက် စားသုံးသူ ကာကွယ်ရေးအတွက် ကျနော်တို့က ခုလို အဖွဲ့တွေ ဖွဲ့ပြီး စစ်ဆေး ဆောင်ရွက်ရတာ ဖြစ်ပါတယ်” ဟု ဦးမျိုးက ဆိုသည်။
အကောက်အခွန်မဲ့ ပစ္စည်းများ စစ်ဆေးခြင်းကို ဈေးချိုနှင့် စတိုးဆိုင်ကြီးများမှ ရောင်းဝယ်သူများက လက်ခံကြိုဆိုလျှက် ရှိနေပြီး ယင်းသို့ လုပ်ဆောင်ခဲ့လျှင် စားသုံးသူများအတွက် ကျန်းမာရေး စိတ်ချရနိုင်ကြောင်း သိရသည်။
“လာစစ်ဆေးတာကို လက်ခံပါတယ်။ စစ်ဆေးတဲ့ အချိန်မှာလည်း ပစ္စည်းအရည်သွေးကို နေရာတင် စစ်ပြီး ချက်ခြင်း အဖြေထွက်တာမျိုးကို လိုချင်ပါတယ်။ ဒါမှ ဒီပစ္စည်းတွေက အရည်သွေးမမှီဘူးဆိုရင် ချက်ခြင်း သိမ်းဆည်းရမှာ။ အရင်ကလည်း သူတို့က လာစစ်ပါတယ်။ ဒါပေမယ့် စစ်တဲ့ပစ္စည်းတွေကို ၂ လကြာမှ အဖြေသိရတော့ လက်ထဲမှာ အဲဒီပစ္စည်းတွေက ရောင်းပြီးကုန်ပြီလေ။ အဲဒီလိုမျိုး မဖြစ်စေချင်ပါဘူး” ဟု ဈေးချိုတော်ရုံ တွဲဘက်အတွင်းရေးမှူး ကိုအောင်ကျော်ဦးက ပြောသည်။
စစ်ဆေးသည့် စက်ကိရိယာများ အနေဖြင့် ခေတ်မီကိရိယာများကိုသာ သုံးသွားမည် ဖြစ်ပြီး ယင်းကိရိယာ များအတွက်လည်း ပြည်ပမှ မှာယူတင်သွင်း ပြီးသွားပြီ ဖြစ်ကြောင်း၊ စစ်ဆေးမှုများ၏ ဖြစ်စဉ်များကိုလည်း အွန်လိုင်း တပ်ဆင်မှုများဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ စစ်ဆေးမည့်အဖွဲ့များကိုလည်း စနစ်တကျ သင်တန်းများ ပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်ဇံက ပြောသည်။
ကုန်ပစ္စည်းများကို ယင်းကဲ့သို့ လုပ်ဆောင်မည်ဆိုလျှင် ကုန်ဈေးနှုန်းများလည်း တက်သွားမည် ဖြစ်ပြီး ကျန်းမာရေး ဆုံးရှုံးမှုထက်စာလျှင် ကုန်ဈေးနှုန်းတက်သည်က လက်ခံနိုင်ဖွယ်ရှိကြောင်း စားသုံးသူများက ပြောဆိုလျှက် ရှိကြသည်။
Mobile Team အဖွဲ့ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ပညာပေး ကာလများ သတ်မှတ်ကာ ဆောင်ရွက်ခဲ့သေးသည်။
မန္တလေးမြို့သို့ တရုတ်ပြည်ဘက်မှ ကုန်ပစ္စည်းများ အများဆုံး ဝင်ရောက်လျှက် ရှိပြီး အကောက်ခွန်မဲ့ ပစ္စည်းများမှာ အီလက်ထရွန်းနစ် ပစ္စည်းများ၊ အရက်ဘီယာ၊ ကလေးငယ်များ စားသုံးနေသည့် အသင့် ထုတ်ပိုးထားသော မုန့်ပဲသရေစာများနှင့် မိုဘိုင်းဖုန်းများ အများဆုံး တင်သွင်းကြကြောင်း သိရသည်။