သမ္မတ ဦးသိန်းစိန်သည် ယနေ့ အောက်တိုဘာလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိစဉ် သံတွဲမြို့ ပေါ် နှင့် ကျေးရွာများတွင် ဓာတ်ဆီဆိုင်၊ ဗလီနှင့် နေအိမ် ၃၀ လုံး ထက်မနည်း မီးရှို့ဖျက်ဆီးခံလိုက်ရပြီး ပဋိပက္ခကြောင့် အနည်းဆုံး လူတဦး သေဆုံးသွားကြောင်း သံတွဲမြို့နယ် ရဲစခန်း ထံမှ စုံစမ်းသိရှိရသည်။
သမ္မတဦးသိန်းစိန်သည် ယနေ့ အောက်တိုဘာလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်ပြီး ဒေသခံများ နှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ မှာကြားစစ်ဆေးနေချိန် သံတွဲမြို့နှင့် ၂၈ မိုင်ဝေးသော ရွှေလှေသပြုချိုင် တောင်ပေါ်ဒေသတွင် မွတ်စလင်များ၏ နေအိမ်များကို ဒေသခံ တိုင်းရင်းသား အင်အား တထောင်ခန့်က ဝင်ရောက် မီးရှို့ခဲ့ပြီး အနည်းဆုံး နေအိမ် ၃၀ လုံး မီးလောင် ကျွမ်းခံခဲ့ ရကြောင်း၊ အကြမ်းဖက်သူများ၏ ရိုက်နှက်မှုကြောင့် အသက် ၉၄ နှစ်အရွယ် ကမန်အစ္စလမ် ဒေါ်အေးကြည်ဆိုသူ အမျိုးသမီးတဦး သေဆုံးသွားကြောင်း၊ အကြမ်းဖက် လူအုပ်စုကို လုံခြုံရေး တပ်ဖွဲ့ဝင် များက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ကြောင်း၊ ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်နေ့ ညပိုင်းကလည်း သံတွဲမြို့ပေါ်ရှိ ဓာတ်ဆီ ဆိုင်တဆိုင် မီးရှို့ခံခဲ့ရပြီး သံတွဲမြို့ နှင့် ၂၅ မိုင်အကွာ ကျောက်ကြီးရွာတွင် ဗလီတလုံး ဖြိုချ ဖျက်ဆီးခံခဲ့ရ ကြောင်း သံတွဲမြို့နယ် ရဲစခန်းမှ စုံစမ်းသိရှိရသည်။
“အကြမ်းဖက်သူတွေရဲ့ အရိုက်ခံရလို့ ဒေါ်အေးကြည်ဆိုတဲ့ ကမန်တဦး သေသွားတယ်။ အသက် ၉၄ နှစ်ရှိပြီ။ ကျနော်တို့ ပစ်ခတ်ပြီး တော့တောင် လူစုခွဲရတယ်။ အဲဒါမှ သူတို့ ဆုတ်ပြေးသွားတာ။ တယောက်မှ မဖမ်းမိလိုက် သေးဘူး။ မြို့က လုံခြုံရေး အခြေအနေစိုးရိမ်ရတယ်။ သံတွဲ မြို့ပေါ် ဓာတ်ဆီဆိုင်ကို ပထမ တခေါက် မီးရှို့ဖို့ ကြိုးစား တယ်။ မအောင်မြင်လို့ မနေ့ညက ထပ်ဝင်ရှို့တာ။ ဆိုင်ထဲက ပစ္စည်းတွေ အကုန်လုံးနီးပါး ရွှေ့ထားလို့ ပစ္စည်းဆုံးရှုံးမှု ကတော့ တက်မလာဘူး ´´ဟု သံတွဲမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲတပ်ကြပ်ကြီးက ပြောသည်။
မီးရှို့ခံခဲ့ရသော သပြုချိုင် ကျေးရွာမှ ကမန် မွတ်စလင်တဦး ဖြစ်သူ ကိုညီလေးက အိမ်ခြေ ၉၀ ခန့်ရှိသည့် သပြုချိုင် ကျေးရွာသို့ ယနေ့ မနက် ၄ နာရီခန့်အချိန်က ရခိုင် ဆင်ခေါင်းရွာမှ လူတချို့ မီးကွင်းပစ်ခဲ့ပြီး မွတ်စလင်နှင့် ရခိုင် အိမ်များ မီးလောင်ကျွမ်းခဲ့ သော်လည်း ရွာသားများက အချိန်မီ ငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ ပထမအကြိမ်တွင် မအောင်မြင် သော ကြောင့် မနက် ၁၀ နာရီ ခန့် တွင် ထပ်မံ ဝင်ရောက်ဖျက်ဆီးရာ လူအင်အားများသောကြောင့် ထွက်ပြေးခဲ့ရပြီး ယခု ကမန် မွတ်စလင် အများစု တောထဲ တွင် ပုန်းအောင်းနေရကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ တောထဲ ရောက်နေတယ်။ ကျနော်တို့ကို လိုက်သတ်နေတယ်။ ရဲတွေကလည်း မိုးပေါ်ထောင် ပစ်နေတယ်။ ဖုန်းဘက်ထရီ ကလည်း ကုန်တော့မယ်´´ဟု ကိုညီလေးက ဆိုသည်။
သံတွဲမြို့ အခြေစိုက် လူမှုကွန်ရက်တာဝန်ခံ ရခိုင်လူငယ်ခေါင်းဆောင်တဦးက ၂၀၁၂ ခုနှစ် သြဂုတ်လမှ ၂၀၁၃ ခုနှစ် သြဂုတ်လ အထိ သံတွဲမြို့တွင် ရခိုင်နှင့် မွတ်စလင်များ အကြား ဖြစ်ပွားသော အမှုအခင်းပေါင်း ၂၅ မှုအထိ ရှိပြီး အမှုများ တွင် ရခိုင်အများစု ခံခဲ့ရကြောင်း၊ ရခိုင်အမျိုးသမီးတဦး မုဒိမ်းကျင့်ခံရခြင်း၊ ရခိုင်အမျိုးသားတဦး ခေါင်းဖြတ် အသတ်ခံ ရခြင်း၊ ဘုန်းတော်ကြီးတပါး အရိုက်ခံရခြင်း အပါအဝင် အမျိုး၊ ဘာသာ၊ သာသနာကို စော်ကားမှု အကြိမ်ရေ များစွာ ဖြစ်ပေါ် လာသဖြင့် ယခုအကြိမ်တွင် သည်းမခံနိုင်တော့ဘဲ ရခိုင်လူမျိုးများ ပေါက်ကွဲသွားခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ပြီးခဲ့တဲ့ ပဋိပက္ခ တွေမှာ ကျနော်တို့ မပါခဲ့ဘူး။ အေးအေးဆေးဆေးနေခဲ့တယ်။ အခုက သူခိုးက အိမ်ရှင်ကို စော်ကားတဲ့ပြဿနာ ။ ကျနော်တို့ တောက်လျှောက် သည်းခံခဲ့ပေမယ့် ဒီတခါတော့ မခံနိုင်တော့ဘူး။ ကမ္ဘာက ရခိုင်ကို လူဆိုးကြီး လို့မြင်နေတာ။ တကယ်ခံနေရတာက ကျနော်တို့ပါ”ဟု ယင်း လူမှုကွန်ရက်တာဝန်ခံက ဆိုသည်။
သံတွဲမြို့တွင် အခြေအနေများ ပိုမိုဆိုးရွားလာသည့်အတွက် လတ်တလောတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ထပ်တိုး ထုတ်ပြန်ရန် စီစဉ်လျက်ရှိကြောင်း၊ သံတွဲအခြေစိုက် တပ်ရင်း ၅၆၆၊ ရဲတပ်ရင်း ၃၃ ၊
သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ ၊ အခင်းဖြစ်ပွားရာ အပိုင် ရွှေလှေရဲစခန်း စခန်းမှူး ဦးတင်မောင်လွင်နှင့် အဖွဲ့ ပါဝင်သော လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် အနည်းဆုံး လုံခြုံရေးအင်အား ၆၀ ခန့်က ပဋိပက္ခ မပြန့်ပွားစေရန်နှင့် နယ်မြေလုံခြုံရေးရရှိရန် ဆောင်ရွက်နေသော်လည်း လုံခြုံရေး အင်အား လုံလောက်မှုမရှိကြောင်း သိရှိရသည်။
စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း သံတွဲမြို့တွင် မွတ်စလင်တဦး ပိုင်ဆိုင်သော အရောင်းဆိုင်ရှေ့ တွင် ဗုဒ္ဓဘာသာ သာသနာ့ အလံပါ သုံးဘီး ဆိုင်ကယ် ပိတ်ရပ်ရာမှ အပြန်အလှန် စကားများ ရန်ဖြစ်မှု ပေါ်မူတည်ပြီး မွတ်စလင်တချို့၏ နေအိမ်တချို့ မီးရှို့ခံခဲ့ရသည်။