သမ္မတဦးသိန်းစိန် နှင့် ဝန်ကြီးများ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) တွင် ခေါင်းဆောင်ရာထူး များ ထမ်းဆောင်ခြင်း မပြုသော်လည်း ပါတီဝင်အဖြစ် ဆက်လက် တည်ရှိနေသည်ဟု သမ္မတရုံး ဝန်ကြီး ဦးစိုးမောင်နှင့် ကြံ့ခိုင်ရေး ပါတီမှ ဦးအောင်သောင်းက ပြောဆိုလိုက်ပြီး ပါတီဝင်ဖြစ်မှုသည် ဖွဲ့စည်းပုံဥပဒေ နှင့်ညီ၊ မညီ အငြင်းပွားမှုများ ဆက်လက် ဖြစ်ပေါ်လျက်ရှိသည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုသိမ် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးဝင်းမြင့်က နိုင်ငံတော်သမ္မတ နှင့် ပြည်ထောင်စု ဝန်ကြီး တချို့သည် ကြံ့ခိုင်ရေး ပါတီတွင် ဆက်လက် တည်ရှိနေခြင်း ရှိ၊ မရှိ နှင့်ဆက်စပ်သော မေးခွန်း မေးမြန်းစဉ် သမ္မတရုံး ဝန်ကြီး ဦးစိုးမောင် နှင့် ဦးဝင်းမြင့်တို့အကြား အချေတင် အပြန် အလှန် မေးခွန်း မေးမြန်း ဖြေဆိုခြင်း၊ အငြင်းပွားမှုများ ဖြစ်ပေါ် ခဲ့သည်။
သမ္မတရုံး ဝန်ကြီး ဦးစိုးမောင်က သမ္မတဦးသိန်းစိန်နှင့် အစိုးရဝန်ကြီးတချို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ပါတီ လုပ်ငန်း များတွင် ပါဝင်ခြင်းမရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါတီမှ နုတ်ထွက်ရမည်ဟု ဖော်ပြထားခြင်း မရှိဟု ပြောသည်။
“တာဝန်ပိုင်းအရ Post ယူထားတာရှိပါတယ်။ Rank အရ ယူထားတာရှိပါတယ်။ ဒီထဲမှာ (အခြေခံ ဥပဒေမှာ) Retired ဆိုတာ လည်း မပါပါဘူး။ Resign လို့လည်း မပါဘူး။ Resignation လို့လည်း မပါတဲ့အတွက် ဒီဥစ္စာက လက်ရှိဆောင်ရွက် တဲ့အတိုင်း တရားဝင်ဆောင်ရွက်နေခြင်းလို့ နားလည်ပါတယ်။ ပါတီ လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်းမပြုရ ပုဒ်မ ၆၄ မှာ ဒီလိုဆိုပါတယ်။ ပုဒ်မ ၂၃၂ ဋ မှာလည်း ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရလို့ ဆိုပါတယ်။ ပါတီလုပ်ငန်း ဆောင်ရွက်ခြင်းမရှိကြောင်း တင်ပြအပ်ပါတယ်´´ ဟု သမ္မတရုံးဝန်ကြီးဦးစိုးမောင်က ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီတခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ မိမိတို့ရာထူး သက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်း ထားပြီး ပုဒ်မ ၂၃၂ (ဋ) ပြည်ထောင်စုဝန်ကြီးများသည် နိုင်ငံရေးပါတီတခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့် နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။
ကြံ့ခိုင်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးအောင်သောင်းက နေပြည်တော်တွင် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက ကျင်းပသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြည်လုံးကျွတ် ညီလာခံ တွင် သမ္မတဦးသိန်းစိန်က ပါတီဥက္ကဋ္ဌ အဖြစ် ဆက်လက်ထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့သော်လည်း ၂၀၁၃ ခုနှစ် နှစ်ဦး ပိုင်း တွင် သူရဦးရွှေမန်းက ပါတီဥက္ကဋ္ဌ ရာထူးကို ရယူခဲ့ကြောင်း၊ ဥက္ကဋ္ဌ အပြောင်းအလဲကြောင့် သမ္မတ ဦးသိန်းစိန် ကြံ့ခိုင်ရေးပါတီမှ နုတ်ထွက် သွားပြီဟု သတင်း ထွက်ပေါ်ခဲ့ပြီး အစိုးရဝန်ကြီးတချို့လည်း ကြံ့ခိုင်ရေးပါတီ၏ အလုပ် အမှုဆောင်များအဖြစ် နုတ်ထွက် လွှာ တင်သွင်း မှုခဲ့သည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လက်ရှိ အချိန်အထိ သမ္မတ ဦးသိန်းစိန် နှင့် ဝန်ကြီး များသည် ကြံ့ခိုင်ရေးပါတီဝင်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ပြောသည်။
“ပါတီလုပ်ငန်း သာ မလုပ်တာပါ။ ပါတီလုပ်ငန်း မလုပ်ဘူး။ သမ္မတ ဖြစ်တဲ့အခါကျတော့ အခြေခံဥပဒေအရ ပါတီ လုပ်ငန်း တွေ၊ စည်းရုံးရေး လုပ်ငန်းတွေ ဆောင်ရွက်ခြင်းမပြုရ ဆိုတော့ ပါတီလုပ်ငန်းတွေ လစ်ဟင်းမှာစိုးလို့ ဒုတိယဥက္ကဋ္ဌ ကို ဥက္ကဋ္ဌ တာဝန် ပေးရတာပေါ့။ ရွှေမန်းက ဒုတိယစီနီယာ အကျဆုံး ဆိုတော့ ကိုရွှေမန်းကို ဥက္ကဋ္ဌ တာဝန်ပေးတယ်။ ဥက္ကဋ္ဌ လုပ်ခိုင်းတယ်။ ကိုရွှေမန်းက လက်ရှိဥက္ကဋ္ဌ ။ ဦးသိန်းစိန်ကတော့ ပါတီမှာ ရှိမြဲ ရှိနေဆဲပါပဲ။ရာထူးရယ် လို့တော့ မဟုတ်ဘူး။ ပါတီဝင်ကတော့ ဟုတ်နေဆဲပါ။ ပါတီဝင်ပေါ့ဗျာ။ အစိုးရဝန်ကြီးတွေလည်း ပါတီဝင်အဖြစ် ဆက်ရှိနေပါတယ်။ ပါတီဝင်က ထွက်ရမယ်လို့ မပါ ပါဘူး။ ပါတီလုပ်ငန်းတော့ မလုပ်ဘူးပေါ့´´ ဟု ဦးအောင်သောင်းက ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ကမူ သမ္မတ ဦးသိန်းစိန် နှင့်အစိုးရ ဝန်ကြီးများ ကြံ့ခိုင်ရေး ပါတီဝင်အဖြစ် ဆက်လက်တည်ရှိနေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီဘဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး၏ အဆုံးအဖြတ်ခံယူရမည်ဖြစ်ကြောင်း ပြောသည်။
“ ခုံရုံးက အဓိပ္ပာယ်ဖွင့်ပေးရမယ်။ ဇန်နဝါရီလတုန်းကကျနော် ဒီမေးခွန်းကို မေးခဲ့တုန်းက ခုံရုံးမရှိသေးလို့ဆိုပြီး ခုံရုံးပေါ်မှ ဆုံးဖြတ်ချက် လွှတ်တော်က သဘောတူခဲ့တယ်။ ခုံရုံး ပေါ်လာပြန်တော့လည်း အဖြေ မပေါ်လာဘူး။ ခုံရုံးတင်ဖို့ကတော့ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဆက်လုပ်ပေးရမှာပေါ့။ လွှတ်တော်ဥက္ကဋ္ဌက ဆက်လက် ဆောင်ရွက်ပေးရမယ်ဆိုပြီး ဆုံးဖြတ်ထားခဲ့တာပဲ´´ ဟု ဦးဝင်းမြင့်က ဆိုသည်။
ဆက်စပ်သတင်းများ
- အခြေခံဥပဒေနှင့်အညီ ပါတီဥက္ကဋ္ဌ တာဝန်ဆက်ယူထားကြောင်း သမ္မတပြော
- သမ္မတ ဦးသိန်းစိန် ပါတီဥက္ကဋ္ဌ ပြန်ဖြစ်သည့်အပေါ် အငြင်းပွား