လျှပ်စစ်မီး ရေရှည်သုံးစွဲနိုင်ရန် အစီအစဉ် ဆွဲရေး၊ မဟာဓာတ်အားလိုင်းများ တိုးချဲ့ရေးနှင့် အဆင့်မြှင့်ရေးတို့အတွက် ဆင်းရဲမွဲတေမှု လျှော့ချရေး ဂျပန်ရန်ပုံငွေ Japan Fund for Poverty Reduction (JFPR) မှ ထောက်ပံ့သော အမေရိကန် ဒေါ်လာ ၂ ဒဿမ ၈၅ မီလျံကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က မြန်မာအစိုးရကို ပေးအပ်ကူညီသွားမည်ဟု ထုတ်ပြန်ကြေညာသည်။
အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ပြန်သော ADB ၏ ကြေညာချက်တွင် ဘဏ်၏ အရှေ့တောင်အာရှရေးရာဌာန စွမ်းအင်အထူးပြုယူနစ်ဦးစီးမှူး ဂျုံအင်းကင်မ်က “မြန်မာက သူ့စွမ်းအင်ပေါ်လစီဟာ ရေရှည်သုံးစွဲနိုင်ပြီး ပြန်လည်ထုတ်ယူသုံးစွဲနိုင်မယ့် အရင်းအမြစ်တွေကို မြှင့်တင် ဖော်ထုတ်သင့်တယ်၊ အထူးသဖြင့် စွမ်းအင်ဖူလုံရေးနဲ့ စောင့်လျှောက်ထိန်းသိမ်းရေးတွေကို အာရုံစိုက်မယ်လို့ တင်ပြခဲ့ပါတယ်။ ဒီစီမံကိန်းဟာ စွမ်းအင်လိုအပ်မှုနဲ့ ပြည့်ဝအောင် ဘယ်လိုထောက်ပံ့မလဲဆိုတဲ့ လမ်းပြမြေပုံကို ဖော်ဆောင်ဖို့ ကူညီမှာ ဖြစ်တယ်”ဟု ပြောဆိုကြောင်း ရေးသားထားသည်။
ထုတ်ပြန်ကြေညာချက်အရ ဒေါ်လာ ၁ ဒဿမ ၃၅ မီလျံကို သုံးပြီး ADB က အမျိုးသားစွမ်းအင် စီမံခန့်ခွဲရေး ကော်မတီ၊ စွမ်းအင်ကဏ္ဍတွင် တာဝန်ရှိသော ဝန်ကြီးဌာန ၇ ခုနှင့် နှစ် ၂၀ စီမံကိန်း ရေးဆွဲရန် ကူညီဆောင်ရွက်သွားမည်ဟု သိရသည်။
ကျန်ရှိ ဒေါ်လာ ၁ ဒဿမ ၅ မီလျံကိုလည်း လျှပ်စစ်ဝန်ကြီးဌာနက လိုင်းခွဲစက်ရုံသစ်များ၊ ဖြန့်ဖြူးရေးလိုင်းများ တည်ဆောက်နိုင်ရေး နည်းပညာပိုင်း အထောက်အကူပြုရေးတွင် သုံးစွဲသွားမည်ဟု ထုတ်ပြန်ထားသည်။ ဖြန့်ဖြူးရေးလိုင်းသစ်များ ပြန်လည်ချထားရေးကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများတွင် ပြုလုပ်မည်ဟု ရာထားချက်ရှိသည်။
ပြီးခဲ့သောလကလည်း ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအား လျှပ်စစ် စွမ်းအင်ကဏ္ဍ ပိုမိုအားကောင်းစေရေး အတွက် အတိုးမဲ့ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁၄၀ ကို ချေးငှားရန် အတည်ပြုခဲ့သည်။ ရရှိမည့် ဒေါ်လာ သန်း ၁၄၀ အား မွန်ပြည်နယ် အရှေ့ပိုင်း သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ်တာဘိုင် စက်ရုံအတွက် အသုံးပြုရန် ပါဝင်ကြောင်း၊ အဆိုပါစက်ရုံက ၁၀၆ မီဂါဝပ် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ ထိုပမာဏသည် နိုင်ငံ၏ လျှပ်စစ် လိုအပ်မှု ၅ ရာခိုင်နှုန်းဖြစ်ပြီး မွန်ပြည်နယ်၏ လိုအပ်သည့် ပမာဏ ထက်ဝက်ခန့် ရှိကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။
လူဦးရေ သန်း ၆၀ ဝန်းကျင်ရှိရာ နေအိမ်မိသားစုအားလုံး၏ ၂၉ ရာခိုင်နှုန်းသာ လျှပ်စစ်မီး သုံးစွဲ နိုင်ကြသည့်အတွက် မြန်မာ နိုင်ငံ သည် ကမ္ဘာပေါ်တွင် လျှပ်စစ်မီးဖြန့်ဖြူးမှု အနိမ့်ဆုံးအဆင့် စာရင်းဝင် ဖြစ်နေသေးသည်။
ယမန်နှစ်က ထုတ်ပြန်သော ADB ၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတရပ်တွင် ရန်ကုန်တွင် ၆၇ ရာခိုင်နှုန်း လျှပ်စစ်မီး သုံးစွဲနိုင်သော်လည်း “ကျေးလက်ဒေသ”ဟု ခေါ်ဆိုသော အခြားပြည်နယ်နှင့် တိုင်းများတွင် ပျမ်းမျှ ၁၆ ရာခိုင်နှုန်းသာ မီးရရှိကြောင်း ဆိုသည်။