သမ္မတ ဦးသိန်းစိန်၏ ရခိုင်ပြည်နယ်ခရီးစဉ် အဆုံးသတ်၍ ပြန်သွားသည့် ယမန်နေ့ ည ၁၁ နာရီခန့်က သံတွဲမြို့ ကျောက် ဆိပ် ကျေးရွာတွင် မွတ်စလင် နေအိမ် ၂ လုံးကို ထပ်မံ မီးရှို့ ဖျက်ဆီးလိုက်ကြောင်း သတင်း ရရှိသည်။
“မနေ့ညက ၁၁ နာရီလောက်က ကျောက်ဆိပ်ရွာက ရခိုင်၊ ကမန်၊ မွတ်စလင် အိမ် ၃ လုံးအနက် ဦးခင်မောင်ရီနဲ့ ဦးအုန်းတင်ကြီး တို့၏ နေအိမ် ၂ လုံးက မီးလောင်ပျက်စီး သွားပါတယ်”ဟု သံတွဲခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဦးဝင်းနိုင်က ဧရာဝတီကို ပြောသည်။
ယခု နောက်ဆက်တွဲ ဖြစ်စဉ်များတွင် မွတ်စလင် နေအိမ်များတွင် နေထိုင်သူများကို တာဝန်မယူကြောင်း၊ ဖယ်ရှားပေးရန် အတွက် ရပ်ရွာ အာဏာပိုင်တချို့က ဖိအားပေးခဲ့ပြီးနောက် ယခုကဲ့သို့ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ဒုက္ခသည်များကို အကူအညီ ပေးနေသည့် ဦးဝင်းနိုင်က ပြောသည်။
သံတွဲမြို့နယ် ဗောဓိကုန်း ၅ ရပ်ကွက်၊ ၆ ရပ်ကွက်ရှိ မွတ်စလင် နေအိမ်များကိုလည်း ယမန်နေ့ ညနေ ၆ နာရီကျော်က အလားတူ ခြိမ်းခြောက်၍ ခဲဖြင့် ပစ်ပေါက်ခဲ့ကြသောကြောင့် ရဲ က သေနတ် ၁၀ ချက်ခန့် ပစ်ဖောက် လူစုခွဲခဲ့ရကြောင်း သူက ဆက်ပြောသည်။
ဗုဒ္ဓဘာသာ ကျေးရွာဖြစ်သည့် လင်းနာရွာတွင်လည်း မွတ်စလင်လူမျိုး ဦးခင်မောင်၏ နေအိမ်အား မီးကွင်းပစ်၍ မီးလောင်ကျွမ်းခဲ့ရာ ရပ်ရွာမှ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရကြောင်း၊ ဦးခင်မောင်၏ ဇနီးသည် ဗုဒ္ဓဘာသာဖြစ်ကြောင်း ဦးဝင်းနိုင်က ပြောဆိုသည်။
အဆိုပါကိစ္စကို သက်ဆိုင်ရာ ရဲဋ္ဌာနတွင် အမှုဖွင့်ထားကြောင်း၊ ယခုအခါ ဖမ်းဆီးမှုများလည်း ဆက်လက်ရှိနေပြီး မွတ်စလင် အနည်းဆုံး ၁၀၀ ခန့်သည် သံတွဲမြို့မှ ၁၅ မိုင်ခန့်ဝေးသော နေရာတခုတွင် ခိုလှုံနေကြရကြောင်းလည်း သိရသည်။
သံတွဲမြို့ပေါ်မှ ယနေ့အထိ ဖမ်းဆီးထားသူ စုစုပေါင်း ၈ ဦး ရှိသည်ကို အတည်ပြုနိုင်ကြောင်း ကျေးရွာများတွင်လည်း အနည်း ဆုံး ၉ ဦး ဖမ်းဆီး ခံထားရသည်ဟု ကြားသိရကြောင်း သံတွဲမြို့နယ် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ(RNDP) အတွင်းရေးမှူး ဦးမောင်ဖြူက ဧရာဝတီကို ပြောသည်။ ဖမ်းဆီးခံရသူများတွင် RNDP ပါတီ သံတွဲမြို့နယ် ဥက္ကဋ္ဌ ဦးမောင်ပု လည်း ပါဝင်သည်ဟု ဆိုသည်။
ယခုအခါ သံတွဲမြို့ပေါ်ရပ်ကွက်များတွင် ရဲ၊ ရေတပ်၊ ကြက်ခြေနီ အစရှိသည့် လုံခြုံရေးများများ တင်းကျပ်စွာ ချထားသော် လည်း ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးခြင်း မရှိပါက ပိုမိုပြင်းထန်သည့် တုံ့ပြန်မှုမျိုး လုပ်ဆောင်မည် ဆိုသည့် လူတချို့၏ ခြိမ်းခြောက် ပြောဆိုမှုများကြောင့် ဒေသခံ ကမန် မွတ်စလင်များ စိုးရိမ်နေကြရကြောင်းလည်း သိရသည်။
သံတွဲမြို့တွင် ဖြစ်ပေါ်ခဲ့သော ယခု ရက်ပိုင်း ပဋိပက္ခများနှင့်ပတ်သက်၍လည်း သမ္မတ ဦးသိန်းစိန်က ၎င်း၏ ရခိုင်ပြည်နယ် ခရီးစဉ်နှင့် အချိန်ကိုက် လုပ်ဆောင်ခဲ့သည်ဟု သံသယဖြစ်ကြောင်း ပြောကြားသည်။
“စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တော နယ်မြေများသို့ မိမိရောက်နေချိန်တွင် သံတွဲမြို့နယ်အတွင်း သာမန်အငြင်း ပွားမှု တခုမှစတင်၍ ပဋိပက္ခတချို့ ပေါ်ပေါက်ခဲ့ကြောင်း၊ မိမိခရီးစဉ်နှင့် အချိန်ကိုက် လုပ်ဆောင်ခဲ့သည်ဟုပင် သံသယဖြစ် စရာ အကြောင်းများ ရှိကြောင်း”ဟု သံတွဲမြို့မှ ရပ်မိရပ်ဖများ နှင့် တွေ့ဆုံစဉ် သမ္မတဦးသိန်းစိန်က ပြောကြားလိုက်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ကြေညာသည်။
သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၃ ရက်နေ့ မနက်ပိုင်းက သံတွဲမြို့သို့ ရောက်ရှိခဲ့ပြီးနောက် ရပ်မိရပ်ဖများနှင့် တွေ့ဆုံ ပြောဆိုရာတွင် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ရနေပြီဟု ယုံကြည်၍ ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် လာရောက် လေ့လာခြင်းဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး တဖက်နှင့်တဖက် လက်နက်ကိုင် တိုက်ခိုက်ခြင်း အားဖြင့် မည်သူမျှ အနိုင်မရကြဘဲ တိုင်းပြည်သာ နစ်နာဆုံရှုံးခဲ့ရကြောင်း၊ ထို့ကြောင့် ယခုအခါ စေ့စပ် ဆွေးနွေးပြီး နိုင်ငံရေး နည်းဖြင့် အဖြေရှာရန် အားလုံးကြိုးပမ်း ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း ဦးသိန်းစိန်က ပြောဆိုသည်။
“ထိုအချိန်မျိုးတွင် ရခိုင်ပြည်နယ်၌ သာမန် အငြင်းပွားမှု၊ ရာဇဝတ်မှုကို အကြောင်းပြုပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အသွင်ဖြစ်အောင် အကြမ်းဖက်မှုများ ကျူးလွန်လာခြင်းကို လက်မခံနိုင်ကြောင်း၊ အကြမ်းဖက်ခြင်းသည် ပြဿနာကို ဖြေရှင်း နိုင်သည့် နည်းလမ်းမဟုတ်ဘဲ ပဋိပက္ခကို ပိုပြီးအရှိန်မြင့်စေသဖြင့် ညှိနှိုင်းဆွေးနွေးခြင်းဖြင့်သာ အဖြေရှာသင့်ကြောင်း” သမ္မတ ဦးသိန်းစိန်က ပြောဆိုသွားသည်။
ထို့အပြင် ဦးသိန်းစိန်က တည်ငြိမ်အေးချမ်းမှု မရှိဘဲ ပြည်သူများ စိုးရိမ်ကြောင့်ကျစွာ နေထိုင်နေရသည့် အခြေအနေ၊ အပြန် အလှန် စိုးရိမ်နေ ရသည့် အခြေအနေကို လက်မခံနိုင်ကြောင်း၊ ပဋိပက္ခများကြောင့် ရခိုင် ပြည်နယ်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကျဆင်း ခဲ့ရသကဲ့ သို့ နိုင်ငံတော် အနေဖြင့်လည်း ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အသုံးပြုရမည့် ငွေကြေးနှင့် အခြား အရင်းအမြစ်များကို ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် သုံးစွဲခဲ့ရသောကြောင့် ဒေသအတွက် ထိခိုက် နစ်နာရ ဟုလည်း ဆိုသည်။
နေပြည်တော်၌ ယနေ့ ကျင်းပသည့် နိုင်ငံရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှုနှင့်ပတ်သက်၍ “လွတ်တော်၌ အမျိုးသမီးများ ၏ အကျိုးစီးပွားကို တိုးမြှင့်ဖော်ဆောင်ခြင်း”ဟူသည့် ခေါင်းစဉ်ဖြင့် ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည် က လတ်တလောဖြစ်နေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ ထည့်သွင်း ပြောဆိုသည်။
“ဗုဒ္ဓဘာသာဝင်တွေနဲ့ တခြားအဖွဲ့အစည်းတွေ ပဋိပက္ခဖြစ်နေရခြင်း အကြောင်းရင်းကတော့ အကြောက်တရားကြောင့် ပါပဲ။ ပြည်သူလူထုဟာ လုံခြုံမှု လုံးဝမရှိဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
သမ္မတ ဦးသိန်းစိန်က အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှုနှင့် တရား ဥပဒေစိုးမိုးမှု ရရှိစေရန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးအပ်ထားသည့် နည်းလမ်းများအားလုံးကို အသုံးပြုပြီး မဖြစ်မနေဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လူမျိုး၊ ဘာသာ ခွဲခြားမှုမရှိဘဲ ဥပဒေအတိုင်း တိကျစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့က သံတွဲမြို့ တွေ့ဆုံပွဲ ၌ ပြောဆိုထားသည်။
အစိုးရသတင်းစာများ၌ ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် အိမ်ခြေ ၆၀ ဝန်းကျင် မီးလောင်ကျွမ်း၍ သေဆုံးသူ စုစုပေါင်း ၅ ဦး နှင့် ဒဏ်ရာရသူ ၅ ဦး ရှိကြောင်း ဖော်ပြသည်။
သံတွဲပဋိပက္ခနှင့်ပတ်သက်၍ အမေရိကန်၊ ဗြိတိန်၊ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းရေး မှူး စသည် တို့ကလည်း လူသေဆုံးမှု၊ နေအိမ်နှင့် မွတ်စလင်ဗလီများ မီးရှို့ဖျက်ဆီး၊ အကြမ်းဖက် တိုက်ခိုက်မှုများအပေါ် ပြင်း ထန်စွာ ကန့်ကွက် ရှုတ်ချခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ယမန်နှစ်ကလည်း ရခိုင်ပြည်နယ်မှ စတင်ကာ မိတ္တိလာ၊ လားရှိုး၊ ဥက္ကံ စသည့် ဒေသများတွင် အကြမ်း ဖက် တိုက်ခိုက်မှု၊ နေအိမ်မီးရှို့ဖျက်ဆီးမှုများကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသူများကလည်း စိုးရိမ်ကြကြောင်း သတင်းများတွင် ဖော်ပြကြသည်။