ဧရာဝတီ တိုင်းဒေသကြီး ကျောင်းကုန်း မြို့နယ်တွင် အရွယ်မရောက် သေးသည့် မိန်းကလေးငယ် တဦးကို မုဒိမ်းကျင့် သည်ဆိုသော အမှုဖွင့် တိုင်ကြားချက်နှင့် ပတ်သက်ပြီး မွတ်စလင်နေအိမ် တချို့ ဖျက်ဆီးခံရသည့် အဓိကရုဏ်း တရပ် ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာက သံသယရှိသူ ၅ ဦးကို ဖမ်းဆီးလျက်ရှိကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်း ဒေသကြီး၊ ကျောင်းကုန်းမြို့၊ ဗောဓိကုန်း ရပ်ကွက်မှ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တဦးကို အိမ်နီးချင်း ဦးလှဝင်းဆိုသူက အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟု အမျိုးသမီးငယ်၏ မိခင်ဖြစ်သူက အောက်တိုဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း၊ တိုင်တန်းချက် အရ ရဲစခန်းက ဦးလှဝင်းကို ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ရန်ပြင်ဆင်နေချိန်တွင် မွတ်စလင်တဦးက ဗုဒ္ဓဘာသာ မိန်းကလေးတဦးကို အဓမ္မပြုကျင့်သည်ဟု သတင်းများပျံ့နှံ့သွားကာ လူစုလူဝေးများဖြစ်လာပြီး မွတ်စလင် နေအိမ်တချို့ကို ဖျက်ဆီးသော အဓိကရုဏ်း ဖြစ်ပွားခဲ့ကြောင်း၊ လူစုလူဝေးဖြင့် ဖျက်ဆီးမှုကြောင့် မွတ်စလင်နေအိမ် ၂ လုံး၊ နွားတင်းကုပ် ၂ ခုနှင့် အစ္စလမ် သချုႋင်းမှ အစောင့်တဲ ၁ လုံး ဖျက်ဆီးခံလိုက်ရကြောင်း၊ အဓိကရုဏ်းနှင့် ဆက်စပ်ပြီး သံသယရှိသူ ၅ ဦးကို သက်ဆိုင်ရာက လက်နက်ငယ်ကိုင်ဆောင်မှု ပုဒ်မဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။
“ပုဒ်မ ၁၉ (င)နဲ့ လူ ၅ ဦးကို ဖမ်းဆီး စစ်ဆေးနေပါတယ်။ အသေးစိတ်တော့ ပြောလို့မရပါဘူး´´ဟု ကျောင်းကုန်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
လူစုလူဝေးဖြင့် အကြမ်းဖက် ဖျက်ဆီးမှုများဖြစ်ပေါ်လာသဖြင့် အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံရသူ ဦးလှဝင်းကို တိုင်းရဲတပ်ဖွဲ့ ၏ အစီအမံ ဖြင့် တခြားမြို့တခုသို့ ညတွင်းချင်းပို့ဆောင်ခဲ့ပြီး တိုင်ကြားသူ ကာယကံရှင်အမျိုးသမီးငယ်နှင့်မိခင်ဖြစ်သူ ကိုလည်း ရဲတပ်ဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ပေးထားကြောင်း၊ အဓိကရုဏ်းဖြစ်စဉ်ကြောင့် လူသေကျေ ထိခိုက် ဒဏ်ရာ ရမှု မရှိကြောင်း၊ ကျောင်းကုန်း မြို့ပေါ်ရှိ မွတ်စလင် တချို့မှာ နေအိမ်များကိုပိတ်၍ တခြားမြို့ရွာများသို့ တိမ်းရှောင်မှုများ ရှိနေကြောင်း သိရှိရသည်။
မြန်မာမွတ်စလင် လူငယ်များအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းမောင်က မုဒိမ်းမှုကျူးလွန်သည်ဟု သံသယရှိပြီး စစ်ဆေးခံနေရသူ ဦးလှဝင်းသည် အမှန်တကယ်ပြစ်မှုကျူးလွန်ပါက ထိထိရောက်ရောက် ဥပဒေအတိုင်း အရေးယူစေလိုကြောင်း၊ ယခုဖြစ်စဉ်သည် လူတဦးတယောက်၏ စာရိတ္တ ချို့ယွင်းသည့်ကိစ္စသာဖြစ်ပြီး ဘာသာရေးနှင့်မသက်ဆိုင်ကြောင်း ပြောသည်။
ကျောင်းကုန်းမြို့နယ် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းကွန်ရက်မှ ကိုမျိုးဝင်းနိုင်က ကျောင်းကုန်းမြို့နယ်တွင် အခြေအနေ တည်ငြိမ်နေပြီဖြစ်သော်လည်း မုဒိန်းမှုကျူးလွန်ခြင်းရှိ၊ မရှိဆိုသော ဆေးစစ်ချက် ရလာဒ် အဖြေကို ဒေသခံ လူထုက စောင့်ကြည့်နေကာ အဓိကရုဏ်းနှင့် ပဋိပက္ခများ ထပ်မံဖြစ်ပွားမည်ကို ပြည်သူများက စိုးရိမ်နေကြောင်း ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးဖြစ် သူ ဦးကျော်ဇင်က ဘာသာရေးအသွင်၊ လူမျိုးရေး အသွင် ပဋိပက္ခဖြစ်စဉ်များကို ပြန်ကြည့်လျှင် မုဒိန်းမှုဆိုသည့် ကိစ္စရပ်များကိုသာ အခြေခံပြီး ဖြစ်ပျက် ခြင်းကြောင့် ဘာသာရေး၊ လူမျိုးရေး ပြဿနာဖြစ်ပွားစေရန် ဖန်းတီးနေသည်ဟု ယူဆရကြောင်း၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ပဋိပက္ခဖြစ်ပွားပြီးနောက် နောက်ဆက်တွဲ ကျောင်းကုန်းမြို့တွင်ပါ ထပ်မံဖြစ်ပွားခြင်းဖြစ်သောကြောင့် ပဋိပက္ခများ တခြားမြို့များသို့ပါ ကူးစက်သွားမည်ကို စိုးရိမ်ရကြောင်း ဧရာဝတီသို့ ပြောသည်။
“ဖြစ်စဉ်တွေပြန်ကြည့်ရင် လူမှုရေးပြဿနာတွေပါ။ အဲဒီလို လူမှုရေးပြဿနာတွေက နေရာတိုင်းမှာ ဖြစ်ပျက်နေခဲ့တာပဲ။ ဘာသာ ၂ ခုတည်းမှာ ဖြစ်တာမဟုတ်ဘူး။ ရာဇဝတ်မှုကို ရာဇဝတ်မှုလိုပဲ ဥပဒေအရ အရေးယူရမှာ။ အခုက ဒါကို အခြေခံ ပြီး တော့ ဘာသာရေး၊ လူမျိုးရေးအသွင်ဖန်တီးနေတာက မဖြစ်သင့်ပါဘူး။ နောက်ဆက်တွဲတွေ မလုပ်သင့်ဘူး” ဟု ၎င်းက ဆိုသည်။
ကျောင်းကုန်းမြို့တွင် ရဲအင်အား ၃၀၀ ဝန်းကျင်ခန့် နှင့်တပ်မတော် တပ်ရင်းတခုက လုံခြုံရေး ယူထားကြောင်း၊ ရုန်းရင်း ဆန်ခတ် အခြေအနေများ ထိန်း သိမ်း နိုင်ရန်အတွက် ကျောင်းကုန်းမြို့ရှိ ဘာသာကြီး ၄ ခုမှ ခေါင်းဆောင်များ ပါဝင်သည့် ဘာသာ ပေါင်းစုံ ပေါင်းစပ် ညီညွတ်ရေး အဖွဲ့ ဖွဲ့စည်းပြီး ဖြစ်ကြောင်း၊ ကျောင်းကုန်းမြို့လယ် ဗလီအနီးရှိ ဆိုင်များအားလုံး ပိတ်ထား ပြီး မြို့ပေါ်ရှိ မွတ်စလင် ဈေးဆိုင်များ အားလုံးလည်း ပိတ်သိမ်းထားကြောင်း၊ မြို့လယ် ဗလီအနီးရှိ နေအိမ် တချို့မှာ ဗုဒ္ဓဘာသာဝင် နေအိမ်မှန်း သိသာစေရန် သာသနာ့ အလံထောင်ခြင်းများ လုပ်ဆောင် နေကြကြောင်း သိရှိရ သည်။
ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် အောက်တိုဘာ ၁ ရက်နေ့က ဘာသာရေးနှင့်လူမျိုးရေး ပဋိပက္ခဖြစ်ပွားခဲ့ပြီး လူ ၅ ဦး သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ၏တရားဝင်သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။
(ဧရာဝတီသတင်းထောက် ဆလိုင်းသန့်စင်နှင့် စနေလင်း ပူးပေါင်းရေးသားသည်)