ကယားပြည်နယ် အတွင်း တိုးချဲ့လုပ်ဆောင်နေသည့် သတ္တုတူးဖော်ရေး စီမံကိန်းအားလုံးကို ရပ်ဆိုင်းထားပေးရန် ကယားပြည်နယ် အခြေစိုက် လူမှုအဖွဲ့အစည်းများနှင့် ဒေသခံများက ဒေသအာဏာပိုင်များထံ တောင်းဆိုထားသည်။
ကယားပြည်နယ် အခြေစိုက် လူမှုအဖွဲ့အစည်းများဖြစ်သည့် မိုလို အမျိုးသမီး သတ္တုတွင်း စောင့်ကြည့်ရေး ကွန်ရက်၊ ကရင်နီ လူမှုအခြေပြု အဖွဲ့အစည်းကွန်ရက်နှင့် မော်ချီး ဒေသအတွင်း နေထိုင်သည့် ပြည်သူများတို့က အထက်ပါအတိုင်း တောင်းဆို လိုက်ခြင်း ဖြစ်သည်။
ပြည်နယ်အတွင်း ထွက်ရှိသည့် သဘာ၀ သယံဇာတများကို သက်ဆိုင်ရာ ပြည်နယ်များကသာ စီမံခန့်ခွဲခွင့် ပေးရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပေးစေလိုကြောင်း၊ စီမံကိန်းများ တိုးချဲ့လာမှုတို့ကြောင့် ဒေသခံများ အန္တရာယ် မျိုးစုံ ရင်ဆိုင်နေရကြောင်း၊ သဘာဝပတ်ဝန်းကျင် အပျက်အစီးများစွာ ခံစားရမည် ဖြစ်ကြောင်း မိုလို အမျိုးသမီး သတ္တု တူးဖော်မှု စောင့်ကြည့်ရေး ကွန်ယက်မှ ဒေါ်နန်းခမ်းလျာက ဧရာဝတီသို့ ပြောသည်။
“အရင်က သတ္တုတူးဖော်တဲ့နေရာ ၃ နေရာပဲ ရှိတယ်။ အခုဆိုရင် နေရာ ၁၆ နေရာ တူးဖော်ဖို့ တိုးလာတယ်။ ဒေသခံတွေရဲ့ မြေယာဧက တသိန်းကျော်လောက် ပါသွားပြီး အလုပ်လက်မဲ့တွေ ဖြစ်သွားနိုင်တယ်။ လောလောဆယ်တော့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ လွှတ်တော်ကို တင်ပြသွားမှာပါ” ဟု ဒေါ်နန်းခမ်းလျာက ဆိုသည်။
ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် မြန်မာအစိုးရ အကြား ၂၀၁၂ ခုနှစ် မတ်လတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီးနောက် သတ္တုတူးဖော်ရေး စီမံကိန်းများကို မြန်မာနှင့် တရုတ် ဖက်စပ်ကုမ္ပဏီများအား လုပ်ပိုင်ခွင့် ပေးခြင်းအပေါ် ဒေသခံပြည်သူများက မကျေနပ်ကြောင်း၊ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် သတ္တုတူးဖော်ရေး စီမံကိန်းများကို ရပ်ဆိုင်ထားရန် ပါဝင်ကြောင်း သူက ဆက်ပြောသည်။
“အပစ်အခတ် ရပ်စဲရေး လုပ်ပြီးတော့လည်း လူထုရဲ့ တိုးတက်ရာ တိုးတက်ကြောင်း ဖွံ့ဖြိုးရေးကို ဘာမှ မလုပ်ဆောင်ကြ သေးဘူး။ အခု လုပ်နေတဲ့ စီမံကိန်းက မော်ချီးသတ္တုတွင်း ဧရိယာအပြင်ဘက် ဆိုတော့ အန္တရာယ် များနိုင်တယ်။ လုပ်ကွက်တွေ တိုးလာတာနဲ့အမျှ မြေယာ သိမ်းတာတွေ၊ ကုမ္ပဏီတွေ ဝင်လာမှာတွေ ဖြစ်လာမှာ ဆိုတော့ ဒေသခံတွေ အလုပ်အကိုင် ရှားပါးလာတယ်” ဟု ကရင်နီ လူမှုအခြေပြု အဖွဲ့အစည်း ကွန်ရက်မှ ခူမီးရယ်က ဧရာဝတီသို့ ပြောသည်။
အဆိုပါ သတ္တုတူးဖော်ရေး စီမံကိန်းသည် ကယားပြည်နယ် ဖာဆောင်းမြို့နယ် မော်ချီးဒေသမှ ကရင်ပြည်နယ် အဆက်အထိ ရှိကြောင်း၊ လုပ်ကွက်သည် အလွန်ကြီးမားကာ စီမံကိန်းအတွင်းရှိ ပြည်သူအများ ကျန်းမာရေး စောင့်ရှောက်မှု၊ စားဝတ်နေရေး တို့အတွက် အခက်အခဲများစွာ ကြုံနိုင်ကြောင်း၊ စီမံကိန်း လုပ်ကွက်ရသည့် ကုမ္ပဏီများ အနေဖြင့်လည်း ဒေသခံပြည်သူများ၏ ရှေ့ရေးကို ကြည့်ပြီး လုပ်ဆောင်သင့်ကြောင်း သူက ဆိုသည်။
လယ်ယာမြေများ သိမ်းယူမှုကြောင့် ဒေသခံများ အလုပ်လက်မဲ့ ဖြစ်နေကြောင်း၊ အမျိုးသမီးများ အနေဖြင့် စိုက်ပျိူးရေး၊မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်ရန် မြေယာ မရှိတော့သဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေရန် အတွက် ၎င်းတို့ မကျွမ်းကျင်သည့် သတ္တုတွင်း လုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်နေရသောကြောင့် အခက်အခဲများစွာ ကြုံနေရကြောင်း နှင့် ကယားပြည်နယ်၏ သဘာဝပတ်ဝန်းကျင် ဆုံးရှုံးမှု များစွာ ကြုံတွေ့နိုင်ကြောင်း ကယားပြည်နယ် အခြေစိုက် လူမှု အဖွဲ့အစည်းများ၏ အဆိုအရ သိရသည်။
မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား နိုင်ငံရေးအရ သဘာတူညီမှု မရရှိမီ သတ္တုတွင်း လုပ်ငန်းများ အရှိန်အဟုန်ဖြင့် လုပ်ကိုင်ရန် ခွင့်ပြုခြင်းသည် တိုင်းရင်းသား နယ်မြေများအပေါ် ထိန်းချုပ်နိုင်ရန် စစ်ဆင်ရေး အသစ်တခုသာ ဖြစ်ပြီး စီးပွားရေး အမြတ်ထုတ်သွားရန် ဖြစ်သည့် အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ပဋိပက္ခ ပြဿနာများကို ကြီးထွားစေကြောင်း ကယားပြည်နယ် အခြေစိုက် လူမှုအဖွဲ့အစည်းများက ဆိုသည်။
“အရင်က ကျနော်တို့ တတွေက လက်တွေနဲ့ တူးပြီး ရှာဖွေတော့ သိပ်ပြီး အန္တရာယ်မရှိဘူး။ အခု ကုမ္ပဏီတွေက စက်တွေနဲ့ တူးဖော်လုပ်ကိုင်၊ မြေတွေကို ဆွတော့ မြေပြိုတာတွေ ကြုံရတယ်။ ပြီးတော့ ကုမ္ပဏီတွေ အများကြီးဆိုတော့ ကျနော်တို့လို လက်လုပ် လက်စားတွေ အတွက် လုပ်ကွက် ပျက်သွားတယ်” ဟု ကယားပြည်နယ် ဖာဆောင်းမြို့နယ်မှ ဒေသခံ ဦးစိုင်းက ဧရာဝတီသို့ ပြောသည်။
စီမံကိန်းများ တိုးလာသည့် အတွက် လယ်ယာများ သိမ်းဆည်းရာတွင်လည်း လျော်ကြေးငွေများ မရရှိကြောင်း၊ မြေယာ သိမ်းဆည်းမှုကြောင့် ရွာ ၃ ရွာ ပြောင်းရွှေ့ရန်အတွက် လျားထားခံရကြောင်း၊ ကုမ္ပဏီ လုပ်ကွက်များလာခြင်းကြောင့် ဒေသခံ ပြည်သူများ စားဝတ်နေရေး အခက်အခဲ ကြုံနေရကြောင်းနှင့် သတ္တုတွင်း တူးဖော်ရေး စီမံကိန်း တိုးမြှင့် လုပ်ဆောင်ခွင့်ကို ရပ်ဆိုင်းပေးစေ ချင်ကြောင်း ဦးစိုင်းက ဆိုသည်။
ကယားပြည်နယ် အတွင်း ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်းနှင့် ရွှေသတ္တု တူးဖော်သည့် စီမံကိန်း ပိုများလာသည့်အတွက် ဒေသခံ တိုင်းရင်းသားများ လုပ်ကိုင်စားသောက်ရန် အခက်အခဲရှိလာကြောင်းနှင့် စီမံကိန်းနှင့်ဆက်စပ်ကာ အသိမ်းခံရသည့် လယ်ယာမြေ ဧက တသိန်းကျော်ခန့် ရှိကြောင်းလည်း သိရသည်။
မော်ချီး ခဲမဖြူ၊ အဖြိုက်နက် သတ္တုတွင်း လုပ်ငန်းသည် ရှေးယခင်က ဒေသခံများ တနိုင်တပိုင် လုပ်ကိုင်လာရာမှ ၁၈၃၀ ပြည့်နှစ်တွင် အင်္ဂလိပ်အစိုးရက သုတေသန ပြုပြီးနောက် ကရင်နီစော်ဘွား ကေးဖိုးဒူနှင့် သဘောတူညီမှု ရယူပြီး သတ္တု အမြောက်အများ စတင် တူးဖော်ခဲ့ခြင်း ဖြစ်ပြီး နှစ်ပေါင်း ၁၁၂ နှစ်တိုင် လုပ်ကိုင်ခဲ့သည်။