အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ကချင် လွတ်မြောက်ရေး တပ်မတော်တို့ မြစ်ကြီးနားမြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင် ကျင်းပ ပြုလုပ် သည့် ယနေ့တွင် နိုင်ငံရေးအကျဉ်းသား ၅၆ ဦး အစိုးရက လွှတ်ပေးလိုက်ပြီး ကချင် နိုင်ငံရေး အကျဉ်းသား ၁၈ ဦးပါဝင်ကြောင်း သမ္မတရုံးဝန်ကြီးဦးအောင်မင်းက ပြောသည်။
အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ခေါင်းဆောင် သမ္မတရုံး ဝန်ကြီးဦးအောင်မင်းက မြစ်ကြီးနားမြို့ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲ ဖွင့်ပွဲမိန့်ခွန်းတွင် ငြိမ်းချမ်းရေး အတွက် နိုင်ငံရေး အကျဉ်းသား အားလုံး ယခုနှစ် ဒီဇင်ဘာလအတွင်း အပြီးသတ် လွှတ်ပေးမည်ဟု ပြောဆိုသည်။
“ဒီနေ့က မင်္ဂလာ ရှိတဲ့နေ့ပါ။ ဒီနေ့ဟာ သမ္မတကြီးရဲ့ အာဆီယံ ဥက္ကဋ္ဌရာထူး ယူတဲ့နေ့လည်း ဖြစ်တယ်။ နောက် ဒီနေ့ နိုင်ငံရေး အကျဉ်းသား ၅၆ ယောက် လွှတ်တယ်။ ဒီထဲမှာ ကချင်က ၁၈ ယောက်ပါတယ်။ နောက်လည်း လွှတ်သွားဦးမှာပါ။ ဒီဇင်ဘာ အကုန်မှာ နိုင်ငံရေးအကျဉ်းသား ဘယ်သူမှမရှိစေရဘူး”ဟု ဦးအောင်မင်းက ပြောသည်။
ယနေ့ နိုင်ငံတဝန်း အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသား ၅၆ ဦး လွှတ်ပေး လိုက်ရာ လားရှိုးထောင်မှ ၁၅ ဦး၊ ကလေးထောင်မှ ၄ ဦး ၊ သီပေါထောင်မှ ၁၁ ဦး၊ ဗန်းမော်ထောင်မှ ၇ ဦး၊ ကျိုင်းတုံထောင်မှ ၆ ဦး၊ မိတ္ထီလာမှ ၄ ဦး၊ မိုင်းဆပ်မှ ၂ ဦး၊ တောင်ကြီးထောင်၊ ကသာထောင်၊ ခန္တီးထောင် ၊ အင်းစိန်ထောင်နှင့် မြောင်းမြထောင်တို့မှ ၁ ဦး စီ အပါ အဝင် စုစုပေါင်း အကျဉ်းသား ၅၆ ဦး ဖြစ်ကြောင်း သိရှိရသည်။
ယနေ့ လွှတ်ပေးလိုက်သည့် နိုင်ငံရေးအကျဉ်းသားများတွင် ကချင်တိုင်းရင်းသားများနှင့် ရှမ်းတိုင်းရင်းသားများ ပါဝင် ကြောင်း သိရှိရသည်။
ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစိုင်းညွှန့်လွင်က “ဒီနေ့ လွှတ်ပေးတဲ့အထဲမှာ ကချင်နဲ့ ရှမ်းပဲ အဓိက ပါတာကို တွေ့ရတယ်။ ဒါဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ နဲ့ တိုက်ရိုက် သက်ဆိုင်တယ်လို့ပဲ ထင်ပါတယ်။ လွတ်သွား တဲ့အထဲမှာ KIA အပြင် SSPP/SSA က ရှမ်းတိုင်းရင်းသား တွေလည်းပါတယ်။ လတ်တလော သိထားတာက SSPP/SSA ရှမ်းတိုင်းရင်းသား ၄ ဦး လွတ်လာတယ်”ဟု ဧရာဝတီသို့ ဆိုသည်။
အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၁၆၇ ဦးရှိနေရာမှ ယနေ့ ၅၆ ဦး လွှတ်ပေးခဲ့သောကြောင့် နိုင်ငံရေး အကျဉ်းသား ၁၁၁ ဦး ကျန်ရှိတော့ကြောင်း၊ ပုဒ်မ ၁၈ ဖြင့် ထောင်ကျခဲ့ရသည့် အကျဉ်းသား ၂၂ ဦးကိုပါ ထည့်တွက် လျှင် နိုင်ငံရေးအကျဉ်းသား ၁၃၃ ဦး ကျန်ရှိနေသေးကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ သိရှိရသည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က“နိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံရေးအကျဉ်းသားလို့ အသိအမှတ်ပြုပြီး လွှတ်ပေးတာကိုပဲ လိုချင်တာပါ။ အကြောင်း တစုံတရာကို ခုတုံးလုပ်ပြီး လွှတ်ပေးတာမျိုးကို မလိုလားပါဘူး။ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပါလို့ တောင်းဆိုထားတာ ဖြစ်တဲ့အတွက် အဲ့ဒီ တောင်းဆိုချက်အတိုင်း လည်း ဖြစ်မလာသေးပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
သမ္မတဦးသိန်းစိန် အစိုးရသည် အာဏာရယူပြီးနောက် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က နိုင်ငံရေး အကျဉ်းသား ပေါင်း ၂၂၀ ကို စတင်လွှတ်ပေးခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတွင် လွှတ်ပေးခဲ့သော နိုင်ငံရေး အကျဉ်းသား ၆၀၀ ကျော်တွင် မင်းကိုနိုင်၊ ကိုကိုကြီး၊ ဦးခွန်ထွန်းဦး ကဲ့သို့သော အထင်ကရ နိုင်ငံရေးနှင့် ကျောင်းသား ခေါင်းဆောင်များ ပါဝင်ခဲ့သည်။
(ဧရာဝတီသတင်းထောက် မေခနှင့် ညိမ်းပြည့်စုံ ပူးပေါင်းရေးသားသည်)