သန်လျင်မြို့နယ် သီလဝါ အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်း ပထမအဆင့်နှင့် ပတ်သက်ပြီး လျော်ကြေးငွေ ပေးအပ်ရန် လယ်ယာမြေစာရင်း ကောက်ခံထားမှုတွင် မူရင်းပိုင်ဆိုင်သူနှင့် စိုက်ပျိုးနေသူများအကြား မြေယာစာရင်း အငြင်းပွားမှုများ ဖြစ်နေကြောင်း သိရသည်။
စီမံကိန်း ပထမအဆင့် ဟတ်တာ ၄၀၀ အတွင်း မြေယာလျော်ကြေးကို ပေးမည်မဟုတ်ဘဲ လယ်မြေအတွက် သီးနှံလျော်ကြေး အဖြစ် တဧကကို တနှစ် သီးနှံစရိတ် ကျပ် ၂ သိန်းခွဲ သတ်မှတ်ပြီး ၆ နှစ်စာ၊ ဥယျာဉ်ခြံမြေ အတွက် သီးနှံ လျော်ကြေးအဖြစ် သီးနှံအလိုက် တနှစ် စိုက်သီးနှံနှုန်းသတ်မှတ်ပြီး ၃ နှစ်စာ၊ အိမ်များအတွက် ပေ ၂၅ – ၅၀ ပေ မြေတကွက်နှင့် ၂၅ သိန်းတန် အိမ်တလုံး လျော်ကြေး ပေးအပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ဒေသခံများကို အသိပေးခဲ့သည်ဟု ဒေသခံ လယ်သမားများက ဆိုသည်။
သို့ရာတွင် လျော်ကြေးပေးရန် စာရင်းကောက်ခံမှုတွင် မူရင်းပိုင်ဆိုင်သူ၏ အမည်မဟုတ်ဘဲ တခြားအမည်များ ထည့်သွင်း ထားကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်မှ လျော်ကြေးပေးအပ်မှုကို မရသည့်အပြင် ဒုတိယအကြိမ် ထပ်မံ မြေသိမ်းခံရသည့် အဖြစ်သို့ ရောက်ရှိနေကြောင်း အလွမ်းဆွတ်ကျေးရွာမှ ဒေါ်သိန်းနုက ဧရာဝတီသို့ ပြောသည်။
“ကျမက စိုက်ထားတာလည်း ရှိနေတယ်။ အဲဒါကို တခြားသူ နာမည် ထည့်ထားတယ်။ ကျမတို့က ဟိုးအရင် ကတည်းက ဒီမှာ ဓားမဦးချ စိုက်ခဲ့ကြတဲ့ သူတွေ။ အုပ်ချုပ်ရေးမှူးက သူတို့နဲ့ နီးစပ်တဲ့သူတွေရဲ့ နာမည်ကို ထည့်ထားတော့ ဒီလျော်ကြေးကို ကျမတို့က ခံစားခွင့် မရှိသလိုဖြစ်နေတယ်။ ကျမတို့ကတော့ လျော်ကြေး မရရင် ဒီနေရာက လုံး၀ ဖယ်ပေးမှာ မဟုတ်ဘူး။ ဒီကိစ္စကို အစိုးရဆီအထိ တိုင်မယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် မိမိတို့ ပိုင်ဆိုင်သော နေအိမ်တဲများကိုလည်း နွားတင်းကုပ်အဖြစ် စာရင်းသွင်းကာ နွားတင်းကုပ်အတွက် လျော်ကြေး နှုန်းထား ဖြစ်သော တပေလျှင် ကျပ် ၂ ထောင်နှုန်းသာ ပေးအပ်မည် ဖြစ်ပြီး အစားမြေနှင့် အိမ်ကိုလည်း ပေးမည်မဟုတ်ဟု ပြောကြောင်း၊ လယ်မလုပ်သော သူများကိုလည်း လျော်ကြေးပေးမည့် စာရင်းတွင် တွေ့ရသကဲ့သို့ အိမ်မရှိဘဲနှင့် အစား ထိုးပေးမည့် အိမ်စာရင်းများလည်း တွေ့ခဲ့ရကြောင်း အလွမ်းဆွတ်ကျေးရွာမှ ဒေါ်စံရှားတင်က ဧရာဝတီသို့ ပြောသည်။
မိမိအနေဖြင့် အမှန်တကယ် နေထိုင်ပိုင်ဆိုင်ကြောင်း တာဝန်ရှိသူများ၏ ထောက်ခံချက်များနှင့် အတူ တင်ပြထားသော်လည်း ယနေ့အချိန်အထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှ ကောက်ခံသော စာရင်းနှင့် မြေစာရင်း ဌာနမှ ကောက်ခံသော စာရင်းများတွင်လည်း နေအိမ်အဖြစ် ပါရှိကြောင်း ၎င်းက ဆက်ပြောသည်။
“ကျမသိသလောက် အဲဒီလို စာရင်း ကွာနေတာ ၇ ခုလောက် ရှိမယ်။ ကျမကို ထောက်ခံချက်တွေ တောင်းခိုင်းလို့ ရပ်ကွက်က အတွင်းရေးမှူး ကိုယ်တိုင် လက်မှတ် ၃ ခါ ထိုးပေးပြီးသွားပြီ။ နောက်ပြီး သူတို့အခု လျော်ကြေးပေးမယ့် စာရင်းတွေထဲမှာ နောက်ပိုင်းမှ တိုးလာတဲ့ အိမ်တွေတောင် ပါနေတာ။ သီလဝါ အထူးစီးပွားရေးဇုန် တည်ဆောက်ရေးရဲ့ တာဝန်ခံ ဖြစ်တဲ့ ဦးဆက်အောင် ပြောခဲ့တာတော့ ဟိုးအရင် ဧပြီလ မတိုင်ခင်၊ သတိပေးစာ မကပ်ခင် ကတည်းက ဖျက်ထားတဲ့ တဲတွေရော၊ ကပ်ပြီးမှ ရှိလာတဲ့ တဲတွေရော လျော်ကြေးရမယ်လို့ ပြောခဲ့တာပဲ။ ကျမတို့တဲက သတိပေးစာ မကပ်ခင် ကတည်းက
ရှိနေတဲ့ တဲပါ” ဟု သူက ဆိုသည်။
သို့ရာတွင် အလွမ်းဆွတ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထိန်လင်းကမူ နိုင်ငံတော်၏ လမ်းညွှန်ချက်အတိုင်း သီးနှံလျော်ကြေး အတွက် စာရင်းကောက်ရာတွင် အမှန်တကယ် စိုက်ပျိုးသူများကိုသာ ပေးအပ်နိုင်ရန် လယ်နီးချင်း သက်သေ မေးမြန်းနည်း အရ အမှန်တကယ် စိုက်ပျိုးသူများ စာရင်းကို ကောက်ခံခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ လျော်ကြေး ပေးအပ်ခါနီးမှ စောဒက တက်နေကြသူများသည် မသာမာသော နည်းလမ်းဖြင့် လုပ်ဆောင်နေကြသူများ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ယခု လျော်ကြေးပေးအပ်မည့် စာရင်းများသည် ဧပြီလအတွင်းက ကောက်ခံထားသော စာရင်းများ အတိုင်းသာ ဖြစ်ကြောင်း၊ ၁၉၉၆ ခုနှစ် ဝန်းကျင်က လယ်မြေများ သိမ်းဆည်းပြီး နောက်ပိုင်း တောင်ပိုင်းခရိုင် စိမ်းလန်း စိုပြေရေးအတွက် နိုင်ငံတော်မှ လယ်ပြန်စိုက် ခိုင်းသောအခါ မူလပိုင်ရှင်တချို့က ပြန်မစိုက်သည့်အတွက် ထိုလယ်များတွင် စိုက်ပျိုးခဲ့သူ အဆက်ဆက် ဖြစ်ခဲ့ကြောင်း၊ ယခုနှစ် စီမံကိန်းအတွက် ဆွေးနွေးမှုများ စတင်သည့်အခါ နောက်ဆုံးစိုက်ပျိုးသူက စိုက်ချိန်မမီ မည်ကို စိုးရိမ်ပြီး စိုက်ပျိုးခြင်း မရှိသောအခါမှ တချို့က ဝင်လု စိုက်ပျိုးကာ လျော်ကြေးအပြည့်အဝ လိုချင်နေခြင်းသာ ဖြစ်ကြောင်း သူက ဆိုသည်။
“ကျနော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးလည်း ဒီကိစ္စကို ရှင်းလင်းပေးခဲ့ပါပြီ။ ကျနော်တို့က ကိုယ်ကျိုးအတွက် ဘာမှမပါပါဘူး။
အမှန်တကယ် စိုက်တဲ့သူ ရစေချင်တဲ့ ဆန္ဒပဲရှိတာ။ အခု ပေးတာကလည်း သီးနှံလျော်ကြေးပဲ ဆိုတော့ တကယ်စိုက်တဲ့ သူပဲ ရစေချင်တဲ့ ဆန္ဒရှိတယ်” ဟု ၎င်းက ဆိုသည်။
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းကို ရန်ကုန်မြို့ရှိ သီလဝါ ဆိပ်ကမ်း အနီးတွင် ဧက ၅၉၀၀ ခန့် (၂၄၀၀ ဟက်တာ) အ ကျယ်အဝန်းဖြင့် တည်ဆောက်မည်ဖြစ်ပြီး ဂျပန်ကုမ္ပဏီများ ဖြစ်သော Mitsubishi Corp, Marubeni Corp နှင့် Sumitomo
Corp တို့က ၄၉ ရာခိုင်နှုန်း ပါဝင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သိရသည်။