အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနက တရားမဝင် မြေကွက် အရောင်းအဝယ်မှုဖြင့် ခေါ်ယူစစ် ဆေးစဉ် သေဆုံးသွားသည့် မနန်းဝိုးဖန် ၏ ခင်ပွန်း ဂျပန်နိုင်ငံသား မစ္စတာ နာမဆဲ မိုတိုဟီကို ကို လှိုင်သာယာမြို့နယ် တရားရုံး က အောက်တိုဘာလ ၉ ရက်နေ့ တွင် အရေးပေါ် စီမံမှု ဥပဒေ ပုဒ်မ ၅ (ဇ) ဖြင့် စွဲချက်တင်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။
၂၀၁၂ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အထူးစုံစမ်းစစ်ရေးဦးစီးဌာနက တရားမဝင် အိမ်ခြံမြေ ရောင်းဝယ်မှုနှင့် ပတ်သက်ပြီး အသက် ၁၉ နှစ် အရွယ်ရှိ မနန်းဝိုးဖန် ကို ခေါ်ယူစစ်ဆေးခဲ့ပြီး မနန်းဝိုးဖန်သည် မတ် လ၂၄ ရက်နေ့ မနက်ပိုင်း ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ စသုံးလုံးရုံး ၅ ထပ် အဆောက်အအုံပေါ်မှ ပြုတ်ကျ သေဆုံးသွားခဲ့ကြောင်း၊ မနန်းဝိုးဖန် သေဆုံးမှု သည် အာဏာပိုင်များ၏ ဥပဒေနှင့်မညီ ခေါ်ယူစစ်ဆေးမှုကြောင့် ဖြစ်သည်ဟု ဆိုကာ မိသားစုဝင်များက သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသူများ ထံသို့ တိုင်ကြားခဲ့သော်လည်း သေမှုသေခင်းဖြင့်သာ အမှုပိတ်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့ တွင် မစ္စတာ နာမဆဲ မိုတိုဟီကို ကို ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅ (ဇ)ဖြင့် တရား ရုံးတင် စစ်ဆေးခဲ့ရာမှ တနှစ်ခွဲ နီးပါးကြာမြင့်လာချိန် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် လှိုင်သာယာ မြို့နယ် တရားရုံးက နိုင်ငံတော် စီးပွားရေး ကမောက်ကမ ဖြစ်စေမှုဖြင့် စတင် စွဲချက်တင်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပြစ်မှု မြောက်တယ်ဆိုပြီးတော့ အခုမှ စွဲချက်တင်တာပေါ့။ စွပ်စွဲချက် တရားမဝင်တဲ့ငွေနဲ့ ဒီမှာလာပြီး မြေကွက် ဝယ်တယ်ပေါ့။ ပုဒ်မ ၅(ဇ) ၁၉၅၀ အရေးပေါ်စီမံမှု ဥပဒေပါ။ နိုင်ငံတော်စီးပွားရေး ကို ကမောက်ကမ ဖြစ်အောင် လုပ်တယ်ပေါ့။ နိုင်ငံတော် စီးပွားရေး ထိခိုက်အောင် လုပ်တယ်ပေါ့။ ဒီပုဒ်မက ထောင်ဒဏ် ၇ နှစ်အထိ ချလို့ရတဲ့ ပုဒ်မပါ´´ဟု မစ္စတာ နာမဆဲ မိုတိုဟီကို၏ရှေ့နေဖြစ်သူ ဒေါ်နန်းထွေးမှုန်က ဧရာဝတီသို့ပြောသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်က ဂျပန်နိုင်ငံသား မစ္စတာနာမဆဲကို တနှစ်ခွဲနီးပါး ကြာမြင့်လာမှ စွဲချက်တင်မှုသည် တရားရေး စနစ်တွင် နှောင့်နှေး အားနည်းမှုများ ရှိနေသည်ကို ပေါ်လွင်စေကြောင်း ပြောသည်။
“ဒီအမှုကို စိတ်ဝင်စားလို့ တလျှောက်လုံး စောင့်ကြည့်ခဲ့တာ။ အမှုတခုကို တနှစ်ခွဲလောက်ကြာမှာ စွဲချက်တင်နိုင်တယ် ဆိုတော့ နှောင့်နှေးကြန့်ကြာမှုရှိတယ်ပြောရမယ်။ နောက်ပြီး ကျန်းမာရေးမကောင်းတဲ့အတွက် အာမခံ လျှောက်တာ အာမခံ မရဘူးဆိုတဲ့အချက်ကလည်း တရားရေးစနစ်ကို မေးခွန်းထုတ်ရမယ်။ တရားစီရေးရဲ့ အားနည်းချက်တွေ ရှိနေတာ တော့ အမှန်တကယ်ပဲ´´ ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။
မနန်းဝိုးဖန်၏ ခင်ပွန်း ဂျပန်နိုင်ငံသား မစ္စတာနာမဆဲ မိုတိုဟီကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တရားလိုပြုလုပ်၍ ရုံးတင် တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆက်စပ်သတင်းများ
- စစ်ဆေးရင်း သေဆုံးခဲ့သည့် အမျိုးသမီးငယ်အမှု စသုံးလုံး လျှို့ဝှက်
- စသုံးလုံး စစ်ရင်း သေဆုံးသွားသူအမှု သတင်းစာရှင်းလင်းပွဲလုပ်
- မနန်းဝိုးဖန်အမှု အမျိုးသား လွှတ်တော် ဥက္ကဌထံ တင်ပြမည်
- မနန်းဝိုးဖန်၏ခင်ပွန်း ဂျပန်နိုင်ငံသားကို စသုံးလုံးဖမ်း
- မနန်းဝိုးဖန် သေဆုံးမှု စသုံးလုံး တာဝန်ရှိသူများကို အရေးယူ
- မနန်းဝိုးဖန်၏ခင်ပွန်း အာမခံ ငြင်းပယ်ခံရ