စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပါဝင်သော လယ်မြေများအား တရုတ် ဝမ်ပေါင် ကုမ္ပဏီ က ခြံစည်းရိုး ခတ်နေမှုကို ရပ်တန့်သည်အထိ ဒေသခံများက တားဆီးဆောင်ရွက် သွားမည်ဟု သိရသည်။
စီမံကိန်း တည်ဆောက်နေသည့် တရုတ် ဝမ်ပေါင်ကုမ္ပဏီသည် ဒေသခံများ၏ စိုက်ခင်းများ၌ ခြံစည်းရိုး ခတ်ခြင်းကို ဆက်တိုက် လုပ်ဆောင်နေကြောင်း၊ ခြံစည်းရိုး ဆက်မခတ်ရန် ရွာသားများက သွားရောက် တားမြစ်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား တင်းမာမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောပြသည်။
“ဝမ်ပေါင် ကုမ္ပဏီကို ခံစည်းရိုး မခတ်ပါနဲ့လို့ တားလည်း မရပါဘူး၊ ခြံစည်းရိုးခတ်တဲ့အပြင် နှမ်းခင်းတွေ၊ စိုက်ခင်းတွေကိုလည်း မြေ တူးစက်ကြီးတွေနဲ့ တူးလိုက်တော့ အားလုံးပျက်စီးသွားတယ်”ဟု ဆည်တဲရွာခံ မယဉ် က ဧရာဝတီကို ပြောသည်။
မိမိတို့လယ်မြေများအတွက် လျော်ကြေးမယူလိုသည့် ဆည်တဲရွာခံများသည် ခြံစည်းရိုး ကာရံနေမှုအား ဆက်လက် မလုပ်ဆောင် ရန် သွားရောက်တားမြစ်ကြရာ လုံခြုံရေး အင်အား စုစုပေါင်း ၄၀၀ ဝန်းကျင်ခန့်က လက်နက် အပြည့်အစုံဖြင့် တားဆီးကြောင်း၊ ဖမ်းဆီးမှု မရှိသော်လည်း ခြိမ်းခြောက်မှုများ ပြုလုပ်ကြောင်း၊ လုံခြုံရေးအဖွဲ့များနှင့် ဒေသခံများ အကြား အငြင်းပွားနေသည်မှာ ယနေ့ ၅ ရက်မြောက်ပြီဖြစ်ကြောင်း သိရသည်။
“စုံစမ်းရေး ကော်မရှင် အစီရင်ခံစာမှာ ပါတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်မယ်ဆိုတာတွေကို ဘာတခုမှ မလုပ်ပေး သေးပါဘူး၊ စာချုပ် ပါ အချက်တွေလည်း မလိုက်နာဘူး၊ အာဏာပိုင်တွေက ညှိနှိုင်းတာလည်း မလုပ်ပါဘူး၊ ရွာသားတွေကတော့ လျော်ကြေး ယူဖို့ အစီအစဉ် လုံး၀ မရှိပါဘူး”ဟု မယဉ် က ဆိုသည်။
ဒေသဆိုင်ရာ အာဏာပိုင်များကမူ ခြံစည်းရိုးကာရံခြင်း အပါအဝင် စီမံကိန်းနှင့် ပတ်သက်သည့် အရာများကို ရပ်တန့်ပေးမည် မဟုတ်ဘဲ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ အတိုင်းသာ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ အသေးစိတ်ကိုမူ ပြောဆို ပိုင်ခွင့်မရှိကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တဦးက ဧရာဝတီ ကို ပြော သည်။
ထို့အတူ စီမံကိန်း ဧရိယာတွင်ပါဝင်သည့် တုံရွာ ဒေသခံ တဦးကလည်း ၎င်းတို့ အနေဖြင့် စီမံကိန်း ရပ်တန့် သွားသည်အထိ ကန့်ကွက်သွားမည်ဖြစ်ကြောင်း၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ ရဲတပ်ဖွဲ့များသည်လည်း တရုတ်ကုမ္ပဏီကိုသာ အဓိက ကာကွယ်ပေး နေကြကြောင်း၊ အာဏာပိုင်များ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ပေးမည်ကိုလည်း ယုံကြည်မှု မရှိကြောင်း ပြောပြသည်။
စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာတွင် စီမံကိန်း ဆက်လက်လုပ်ဆောင်မည်ဆိုပါက ဒေသခံများနှင့်ညှိနှိုင်းပြီး လုပ်ငန်း ပြန် လည် အကောင် အထည်ဖော်ရန်နှင့် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အကဲဖြတ် စိစစ်မှု(EIA )၊ လူမှုဘ၀ ထိခိုက်မှုဆိုင်ရာ အကဲဖြတ် စိစစ်မှု(SIA )များ ပြုလုပ် လေ့လာပြီးမှသာ ဆောင်ရွက်ရန် ညွှန်ကြားထားသည်။
ကော်မရှင်၏ အစီရင်ခံစာပါ အချက်များကို ဆောင်ရွက်ရန် သမ္မတရုံး ဝန်ကြီး ဦးလှထွန်း ဦးဆောင်သည့် အကောင် အထည် ဖော်ရေး ကော်မတီ တခုကို ဖွဲ့စည်းထားသော်လည်း အတိအကျ လိုက်နာဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြော သည်။
အစီရင်ခံစာ အကောင်အထည်ဖော်ရေး ကော်မတီခေါင်းဆောင် ဝန်ကြီး ဦးလှထွန်းကမူ စီမံကိန်း၏ ထုတ်လုပ်မှု လုပ်ငန်းများ ပြန်လည်စတင်သည့်အခါ တနှစ်လျှင် အကျိုးအမြတ်၏ ၂ ရာခိုင်နှုန်းကိုလည်း ပြန်လည်ပေးအပ်သွားမည် ဖြစ်၍ စီမံ ကိန်း ဒေသ အတွင်း ပညာရေး၊ ကျန်းမာရေး၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပို၍ အထောက်အကူ ဖြစ်မည်ဟု ပြော ဆိုခဲ့သည်။
လက်ပံတောင်း ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ စာချုပ်အသစ် ပြန်လည် ချုပ်ဆိုခဲ့ရာတွင် အကျိုးအမြတ်ကို နိုင်ငံတော်က ၅၁ ရာ ခိုင် နှုန်း၊ တရုတ် ဝမ်ပေါင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း၊ မြန်မာ့ တပ်မတော်ပိုင် ဦးပိုင်ကုမ္ပဏီ က ၁၉ ရာခိုင်နှုန်းစီ ရကြမည် ဖြစ်သည်။ စာချုပ်သက်တမ်းမှာ ၂၅ နှစ် ဖြစ်ကြောင်း သိရပြီး ထိုစီမံကိန်းကို တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီ နှင့် ဦးပိုင်ကုမ္ပဏီ လုပ်ငန်းစုကြီးတို့က ဦးဆောင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။