ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ သံသယရှိခံရသူ ၁ ဦးကို ဖမ်းဆီး ရမိထားပြီး ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့တွင် ဗုံးတွေ့ရှိမှု၊ တောင်ငူမြို့တွင် ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍ သံသယ ရှိခံရ သူ ၁ ဦးကိုမူ ဖမ်းဆီးရမိရေး ဆက်လက် ခြေရာခံနေဆဲဖြစ်ကြောင်း အစိုးရက တရားဝင်သတင်းထုတ်ပြန်သည်။
ရန်ကုန်မြို့ ကုန်ုသည်ကြီးများဟိုတယ်တွင် ဖြစ်ပွားသည့် ဗုံးခွဲမှုဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး သံသယရှိခံရသူ စောမြင့်လွင် ဆိုသူကို ဗုံးပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက် ၂၄ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်၊ ဗုံးတွေ့ရှိမှုဖြစ်စဉ်နှင့် ဆက်စပ်ပြီး သံသယရှိသူ စောထွန်းထွန်း ဆိုသူ ကို ခြေရာခံမိထားပြီး ဖမ်းဆီး နိုင်ရေး ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်း၊ မန္တလေး နှင့် စစ်ကိုင်း ပေါက်ကွဲမှု ဖြစ်စဉ်များ နှင့် ဆက်စပ်သော သံသယ ရှိသူများကို ဆက်လက်စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း အစိုးရ၏ သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။
ရန်ကုန်မြို့ဗုံးပေါက်ကွဲမှုများနှင့်ဆက်စပ်၍ သံသယရှိခံရသူ စောမြင့်လွင်ကို မွန်ပြည်နယ်၊ ဘီးလင်းမြို့ပြင်တွင် ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ပြီး စောမြင့်လွင်သည် အဖမ်းမခံဘဲ ဆိုင်ကယ်ဖြင့် ထွက်ပြေးသဖြင့် ရဲတပ်ဖွဲ့က ကားများဖြင့် လိုက်လံ ဖမ်းဆီး ခဲ့ရကြောင်း ဘီးလင်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် သန်းဦးက ဧရာဝတီသို့ ပြောကြားသည်။
“ရန်ကုန်က ရဲမှူးသိန်းလွင်နဲ့ အဖွဲ့က မနက် အစောကြီးကတည်းက ဒီကို ရောက်လာပြီး စောင့်နေတာ။ သတင်းအရ ဓာတ်ပုံ တွေလည်း ပါလာတော့ ကျနော်တို့က ဝိုင်းကူပေးတာ။ စောမြင့်လွင်က ဆိုင်ကယ် ရပ်မပေးတော့ ကားနဲ့ အတင်း လိုက်ပြီး ဖမ်းလိုက်ရတယ်´´ဟု ဒုရဲအုပ် သန်းဦးက ဆိုသည်။
စောမြင့်လွင်သည် အသက် ၂၆ နှစ်အရွယ် ရှိပြီး ဖာပွန်မြို့နယ် သူမွဲထကျေးရွာတွင် နေထိုင်သူ ဖြစ် ကြောင်း ၊ စောမြင့်လွင် ကို အလုံမြို့နယ် Western Park Ruby စားသောက်ဆိုင်တွင် မိုင်းတွေ့ရှိစဉ်ကတည်းက စတင် ခြေရာခံမိခဲ့ပြီး ၎င်း၏ မှတ်ပုံတင် တက္ကစီကားပေါ်တွင် မေ့ကျန်ခဲ့ရာမှ နေရပ်လိပ်စာကို အတည်ပြုနိုင်ခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့သော ကုန်သည်ကြီး များဟိုတယ် CCTV မှတ်တမ်းများတွင် ရရှိထားသော သံသယရှိခံရသူ၏ ပုံစံ သည် စောမြင့်လွင်၏ ပုံသဏ္ဍန် နှင့် ဆင်တူကြောင်း၊ စောမြင့်လွင်ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးသိန်းလွင်နှင့် အဖွဲ့က ရန်ကုန်မြို့သို့ ခေါ် ဆောင် ပြီး စစ်ဆေးရေး လုပ်ငန်းများ လုပ်ဆောင်မည်ဟု သိရှိရကြောင်း သထုံခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
တောင်ငူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းက“ တောင်ငူ ဗုံးကွဲမှု၊ ဖြူးမြို့မှာ ဗုံးတွေ့ရှိမှုနဲ့ပတ်သက်လို့ သံသယရှိခံရတဲ့ စောထွန်းထွန်းကို ဖမ်းဆီးရဖို့ ကြိုးစားနေပါတယ်´´ဟု ဧရာဝတီသို့ ပြောသည်။
အောက်တိုဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့ အထိ ဗုံးပေါက်ကွဲမှု ၆ ကြိမ်၊ ဗုံးတွေ့ရှိရမှု ၃ ကြိမ် ဖြစ်ပွား ခဲ့ပြီး လူ ၂ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အစိုးရက နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ပျက်ပြား စေရန် ရည်ရွယ်သော ဗုံးဖောက်ခွဲမှုများကို ဖော်ထုတ်ရန် ပြည်သူများ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း နှိုးဆော် ထားကြောင်း သိရှိရသည်။