မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် ဘွဲ့ရ အမျိုးသမီး စစ်ဗိုလ်လောင်း ၁၀၀ ဦးခန့် ခေါ်ယူသွားမည်ဖြစ်ပြီး ယင်းခေါ်ယူမှုသည် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်ပြန်လည် ခေါ်ယူမှုဖြစ်ကြောင်း တပ်မတော် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦးက ဧရာဝတီသို့ပြောသည်။
အမျိုးသမီးဗိုလ်လောင်းများအလိုရှိကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့မှစတင်ပြီး နိုင်ငံပိုင်သတင်းစာများတွင် ခေါ်ယူလျက်ရှိပြီး တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိပြီးသူများ၊ မဟာဘွဲ့ရများ၊ ပါရဂူဘွဲ့ ရအမျိုးသမီးများအနေဖြင့် ဗိုလ်လောင်း လျှောက်ထားနိုင်ကြောင်းဖော်ပြထားသည်။
“တပ်ခွဲတခွဲ အင်အားလောက်ခေါ်မယ်။ အရေအတွက်က ၅၀ဦးနဲ့ ၁၀၀ဦး ကြားဖြစ်နိုင်တယ်၊ နောင်နှစ်တွေမှာလည်း
အမျိုးသမီးဗိုလ်လောင်းတွေ ဆက်တိုက်ခေါ်ဖို့ရှိတယ်”ဟု စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦးက ဧရာဝတီ သို့ ပြောသည်။
ယခင်က ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းများကို ၁၉၅၈ခုနှစ် အထိသာ ခေါ်ယူခဲ့ဖူးပြီး အရေအတွက်အားဖြင့် အမျိုးသမီး တပ်မတော် အရာရှိ ၄၀ခန့် ရှိခဲ့ကြောင်း၊ အဆိုပါအမျိုးသမီးများတပ်မတော်အရာရှိများတွင် တချို့သည် စစ်တပ်တွင် ဒုတိယဗိုလ်မှူးကြီး နှင့် ဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ကြပြီး ယခုခေါ်ယူမှုသည် ၁၉၅၈ ခုနှစ် နောက်ပိုင်း တွင် ပထမဆုံးအကြိမ် ပြန်လည်ခေါ်ယူမှုဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် အမျိုးသမီးဗိုလ်လောင်းများခေါ်ယူရခြင်းမှာ ဘွဲ့ရ ပညာတတ် မိန်းကလေး များသည် အလုပ်အကိုင်နေရာ ထိုက်ထိုက် တန်တန်မရရှိခြင်းနှင့်၊ အမျိုးသမီးများသည် စိတ်ရှည်ပြီး တပ်မတော်၏ တချို့ရာထူး နေရာများသည် အမျိုးသမီးများနှင့်ပိုမိုသင့်တော်သည့်အတွက် တာဝန်ပေးအပ်ရန် ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
“သင်တန်းအောင်မြင်တဲ့ သူတွေကို စစ်တပ်က ရုံးတွေမှာ ဦးစီးအရာရှိအဖြစ် ခန့်ထားမှာပါ၊ သင်တန်းကာလမှာ ဗိုလ်လောင်း တယောက် ရသင့်ရထိုက်တဲ့ လစာပေးမယ်။ ရာထူးကလည်း သတ်မှတ်ထားသလို အဆင့်ဆင့် တက်သွားမှာပဲ”ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ရှင်းပြသည်။
တပ်မတော်က အမျိုးသမီး အရာရှိများ ခန့်အပ်ရာတွင် တက္ကသိုလ်ဘွဲ့ရရှိပြီးသူ အမျိုးသမီးများအနေဖြင့် ဗိုလ်လောင်း သင်တန်း အောင်မြင်ပါက ဒုတိယဗိုလ်အဆင့်ဖြင့်လည်းကောင်း၊ မဟာဘွဲ့၊ ပါရဂူဘွဲ့ရအမျိုးသမီးများ သင်တန်း အောင်မြင် ပါက ဗိုလ်အဆင့်ဖြင့် စတင်ခန့်အပ်ခံရမည်ဖြစ်ပြီး နောက်ပိုင်းတွင် တပ်မတော် ရာထူး ခန့်ထားရေး အဖွဲ့က အဆင့်ဆင့် ရာထူးတိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
လျှောက်ထားမည့် အမျိုးသမီးဗိုလ်လောင်းများသည် တပ်မတော်ဗိုလ်ရွေးအဖွဲ့၏ စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး စစ်ဆေးမှု အောင်မြင်သော ဗိုလ်လောင်းများကို သင်တန်း၆လ ပေးမည်ဖြစ်ကြောင်း၊ အမျိုးသမီးဗိုလ်လောင်း များကို သင်တန်း ပေးရန် ရန်ကုန်မြို့နှင့်အနီးတဝိုက်တွင် အမျိုးသမီးစစ်လေ့ကျင့်ရေးကျောင်းတကျောင်း ဖွင့်လှစ်သွားမည်ဟု သိရှိရသည်။
အမျိုးသမီးဗိုလ်လောင်းများအပြင် အမျိုးသမီးတပ်ကြပ်ကြီးစာရေးများကိုလည်း ခေါ်ယူသွားမည်ဟု သိရှိရသည်။
“အောက်တိုဘာ တတိယပတ်ထဲမှာလည်း တက္ကသိုလ်ဝင်တန်းအောင် အမျိုးသမီးတွေကို တပ်ကြပ်ကြီး စာရေးရာထူး ခေါ်ယူဖို့ရှိတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦးက ဆိုသည်။
အမျိုးသမီး ဗိုလ်လောင်း ခေါ်ယူရာတွင် စည်းကမ်းချက်များအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံသား အိမ်ထောင် မရှိဖူးသူ (အပျို)၊ အနည်းဆုံး အရပ် ၅ ပေ ၃လက်မ နှင့် ကိုယ်အလေးချိန် ပေါင်(၁၀၀)ထက်မနည်းရ၊ ပေါင်(၁၃၀)ထက် မကျော်ရ၊ မျက်မှန် တပ်ဆင်ထားသူ မဖြစ်ရ၊ ၂၀၁၃ဒီဇင်ဘာ ၃၁ရက်တွင် အသက်၂၅နှစ်ထက် ကျော်လွန်သူမဖြစ်ရနှင့် ပါရဂူဘွဲ့ရပြီး သူဖြစ်ပါက အသက်၃၀နှစ်အထိ ရှိရမည်ဟု ဆိုသော အချက်များ ပါဝင်သည်။
လက်ရှိ မြန်မာ့တပ်မတော်တွင် အမျိုးသမီးစစ်ဆေးဆရာဝန်နှင့် သူနာပြုများကိုသာ နှစ်စဉ် ခေါ်ယူခန့်အပ်လျက်ရှိသည်။