ယနေ့ နံနက်က ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့တွင် ဗုံးထောင်ထားသည်ဟု ထင်ယောင်ထင်မှား ဖြစ်စေရန် ပြုလုပ်ထားသော ဗုံးလန့်မှုတခု ဖြစ်ပွားခဲ့ကြောင်း ဒိုက်ဦး ရဲစခန်းမှ အတည်ပြု ပြောကြားသည်။
ဗုံးကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်စေရန် ပျဉ်ပြားတချပ်ပေါ်တွင် ဝါယာကြိုးများ၊ တယ်လီဖုန်းကြိုးများ ပတ်ပြီး ယမ်းမထည့် ထားသော်လည်း ပိုတက်ဗူးများဖြင့် ဖန်တီးထားကြောင်း၊ အင်းတကော် အင်ဂျင်နီယာတပ်မှ လာရောက် စစ်ဆေးသောအခါ ဗုံးရှာဖွေရေး ကိရိယာတွင် အသံမည်ခဲ့သော်လည်း ကျွမ်းကျင်သူများ၏ အတွေ့အကြုံအရ ဗုံးမဖြစ်နိုင်သည့်အတွက် ဖွင့်ဖောက် စစ်ဆေးရာ ဗုံးမဟုတ်သည်ကို တွေ့ရကြောင်း ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့၊ ဦးစီး ၁ ဌာနမှ ဒုတပ်ကြပ် မျိုးမင်းလတ်က ဧရာဝတီသို့ ရှင်းပြသည်။
“မနက် ၉ နာရီမှာ ဒိုက်ဦးမြို့နယ်၊ ဝါဆိုရပ်ကွက်က အုပ်ချုပ်ရေးမှူးက စာသင်ကျောင်းနားမှာ မသင်္ကာစရာ အထုပ်တထုတ် တွေ့တော့ ဖွင့်ကြည့်လိုက်တာ ဝါယာကြိုးတွေတွေ့တာနဲ့ ကျနော်တို့ဆီ အကြောင်းကြားတယ်။ ကျနော်တို့ကလည်း
အကာအရံတွေ တာထားပြီး ကျွမ်းကျင်သူတွေနဲ့ သွားစစ်တာမှာ ဗုံးမဟုတ်တာကို တွေ့ရတယ်။ သွေးတိုးစမ်းတဲ့ သဘောမျိုး လုပ်တာလားတော့ မပြောတတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
ဗုံးလန့်မှုများ ဖြစ်ပွားခဲ့သည့်အတွက် ဒိုက်ဦးမြို့နယ်တွင် နေ့ပိုင်းရော၊ ညပိုင်းပါ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျှက် ရှိပါကြောင်း၊ အရာရှိများ အပါအဝင် ရဲအင်အားများစွာဖြင့် လှည့်ကင်း၊ ရပ်ကင်းနှင့် ဝတ်ကင်းများဖြင့် အထူးသတိထား ဆောင်ရွက်လျှက် ရှိပါကြောင်း ဒိုက်ဦးမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
အောက်တိုဘာ ၉ ရက်နေ့ ညနေ ၄ နာရီခန့်က ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးစာတိုက်ရုံးရှေ့ ခရီးသည်တင် ယာဉ်ပေါ်တွင် လက်လုပ်ဗုံးတလုံး တွေ့ရှိခဲ့ရာမှ နိုင်ငံနှင့်အဝန်း ဗုံးလန့်မှုများ စတင်ခဲ့သည်။
အောက်တိုဘာ ၁၁ ရက်နေ့ ည ၈ နာရီခန့်တွင် ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နယ် ၁၇ ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ဧည့်ရိပ်သာတွင် ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ကာ ၂ ဦး သေဆုံးပြီး တဦးဒဏ်ရာရှိခဲ့သည်။
အောက်တိုဘာ ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း အဝေးပြေးကွင်းဝင်းရှေ့၊ ကားမှတ်တိုင် တွင် ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး ယင်းနေရာနှင့် မလှမ်းမကမ်းတွင် မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ဗုံးတလုံးကို ဖယ်ရှား ရှင်းလင်းနိုင်ခဲ့၍ ယင်းညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နှင့် သာကေတ မြို့နယ် ကြားရှိ ယမုံနာ လမ်းမ ဘေးတွင်
ချိန်ကိုက်ဗုံးတလုံးပေါက်ကွဲခဲ့ပြီး အသက် ၁၄ နှစ်အရွယ် လူငယ် ၂ ဦး ဒဏ်ရာရရှိခဲ့ကာ ယင်းနေရာ တွင်ပင် မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ယမ်းတတုံး၊ ချိန်ကိုက်နာရီတလုံးနှင့် အဖြူနှင့်အဝါကျား ဝါယာ ကြိုးခွေများကို သက်ဆိုင်ရာ တွေ့ရှိ သိမ်းဆည်း နိုင်ခဲ့သည်။
အောက်တိုဘာ ၁၄ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ကမ်းနားလမ်းမ ဘေးရှိ Western Park Ruby စားသောက်ဆိုင်တွင် ချိန်ကိုက်မိုင်းတလုံးတွေ့ရှိခဲ့ပြီး ထိုနေ့ မွန်းလွဲ ၁ နာရီခွဲခန့် မန္တလေးမြို့ ကျုံးအနောက်ဘက် ၁၆ လမ်းနှင့် လမ်း ၈၀ ထောင့်ရှိ ရွှေဘဲ စားသောက်ဆိုင်အနီးတွင် ချိန်ကိုက်ဗုံးတလုံး တွေ့ရှိခဲ့ပြီး စနက်တံဖြုတ်မရ၍ သက်ဆိုင်ရာက အချိန်မီ ဖောက်ခွဲဖျက်စီးခဲ့ကြောင်း၊ ထိုနေ့ည ၁၁ နာရီ ၂၀ မိနစ်က ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ် ၉ လွှာ အခန်းအမှတ် ၉၂၁ တွင် ဗုံးတလုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အသက် ၄၃ နှစ် အရွယ် Mrs. Piaiorst ဆိုသူ အမေရိကန် နိုင်ငံသူတဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အောက်တိုဘာလ ၁၅ ရက်နေ့ မနက် ၃ နာရီ ၄၀ မိနစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီး ရွှေပြည့်စုံ တည်းခိုခန်းတွင် ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး မနက် ၅ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော် ကားရပ်နားကွင်းတွင် ဗုံးတလုံး ပေါက်ကွဲခဲ့ကာ ယင်း ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိသူမရှိဟု သိရှိရသည်။
ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် နံနက် ၇ နာရီနှင့် ၇ နာရီခွဲ အချိန်က ပေါက်ကွဲမှုအသီးသီး ဖြစ်ပွားခဲ့ရာ အမျိုးသားတဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း နမ့်ခမ်းရဲစခန်းက အတည် ပြုသည်။
နိုင်ငံတဝန်း ပေါက်ကွဲခဲ့သော ဗုံးခွဲမှုများတွင် တောင်ငူ ဗုံးကွဲမှုမှလွဲ၍ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း မြို့များတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု အားလုံးသည် ဖော်ထုတ်စစ်ဆေးမှုအရ ဆက်စပ်မှုများ ရှိနေကြောင်း၊ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှုနှင့် ကမ်းနားလမ်း Western Park စားသောက်ဆိုင်တို့တွင် မိုင်းတွေ့ရှိခဲ့မှုတို့နှင့် ပတ်သက်၍ သံသယရှိသူ ၃
ဦးကို ဖမ်းဆီးစစ်ဆေးလျှက် ရှိကြောင်း သိရသည်။