ဒီနေ့ခေတ်ကာလတွင် မုခစာအုပ်ကို မသုံးသူများ ခေတ်မမီဟု ဆိုရမည်ဖြစ်သည်။ မုခစာအုပ်တွင် မိတ်ဆွေ အပေါင်း အသင်းများနှင့် အဆက် မပြတ်သလို၊ မိတ်ဆွေ သစ်တွေလည်း တိုးသည်။ မိတ်ဆွေတွေ ဘာလုပ်နေကြသလဲ၊
ဘာတွေ ဖြစ်နေသလဲ ဆိုတာ သိနိုင်သလို၊ မြန်မာပြည်သာမက ကမ္ဘာကြီး ဘာတွေ ဖြစ်နေပြီလဲ ဆိုတာပင် သိနိုင်သည်။
မုခစာအုပ် ပေါ်ကနေ ထမင်းစားပြီးပြီလား၊ ရေမှန်မှန်သောက်ဦး၊ ဟိုရောဂါဆို ဟိုဆေးသောက်၊ သူငယ်ချင်း စိတ်ကို တင်းထားတာပါကွာ … အစရှိသဖြင့် ပွားနိုင်သကဲ့သို့၊ ချက်ပြုတ်ပြင်ဆင်ထားတာတာတွေ ဓာတ်ပုံရိုက်တင်ပြီး “စားကြပါဦးလား” ဟုဆိုကာ တဘက်သား သွားရေယိုအောင်လည်း လုပ်လို့ရသည်။ ဓာတ်ပုံလှလှ ကော့ကော်ကန်ကား လေးများကိုလည်း လျှောက်ကြည့်လို့ ရသေး၊ အောက်က ရေးချင်ရာ ဝင်ရေးနိုင်သေးသည်။
ကိုင်း ဒီတော့ လူတွေကြားထဲမှာနေသည့် ဦးရုက္ခစိုးလည်း နတ်ဖြစ်ပေမယ့် မုခစာအုပ်ကို တနေ့မသုံးရ မနေနိုင်တာ ဆန်းတော့ မဆန်းလှ။
ဒါပေမယ့် ဒီနေ့ မုခစာအုပ်ကို ဝင်လိုက်ပြီး ချိန်မှာတော့ သူ့နံရံ (Wall) မှာ တက်နေသည့် စာတွေကို ကြည့်ပြီး ငါ့လူတွေ ဘာဖြစ်ကုန်ပါလိမ့်ဟု စဉ်းစားရင်း ခေါင်းကုတ်မိသည်။ ဒီကနေ့ မုခစာအုပ်တွင် ရှင်းတန်းများ၊ ရှင်းစာများသာ တွေ့နေရ၏။ ဦးရုက္ခစိုး မိုးမိပြီး နှာစေးချင်သလိုလို ချောင်းဆိုချင်သလိုလို ဖြစ်နေသောကြောင့် တရက်ခန့်သာ မုခစာအုပ် မသုံးဘဲ နေလိုက်မိတာ အခုတော့ ကိုယ့်ကိုယ်ကိုယ် တရက်ခန့် ခေတ်နောက်ကျသူလိုပင် ထင်လိုက်မိသေးသည်။ သူတို့စာတွေ လိုက်ဖတ်ပြီး အမီလိုက်မှ ဖြစ်တော့မည်။
ထိပ်ဆုံးမှာ အခန့်သားတွေ့ရတာက ကြွက်စုတ်၏ စပ်ဖြဲဖြဲ မျက်နှာနှင့် သူတင်ထားသည့် Status ဖြစ်သည်။
“တကယ်ပါဗျာ၊ ကျနော့်မှာ ပြိုင်ကားတွေ ရှိတယ် ဆိုတာ မဟုတ်ပါဘူး။ ဝယ်လဲ မစီး နိုင်ပါဘူး။ မွေးနေ့လက်ဆောင် ရထားတဲ့ ၂၀၁၂ မော်ဒယ် BMW လေးနဲ့ပဲ ဖြစ်သလို သွားနေရတာ ရင်းနှီးတဲ့ သူတိုင်းသိပါတယ်။ မလိုတဲ့ သူတွေက ဖွကြတာပါ။ အထင် မလွဲပါနဲ့လို့ အားလုံးကို ပြောချင်ပါတယ်”
ကိုယ်ပိုင် ကားရှိဖို့ဆိုတာ ဝေး၍ ဘတ်စ်ကားခ မပါလို့ ခဏခဏ စပယ်ယာကို တောင်းပန်ကာ စီးရသည့် ကောင်က ရုပ်တည်နှင့် ရေးထားတာကို ဖတ်ရင်း ရင်ထဲမှာ ကလိကလိဖြစ်လာပြီး “ရူးပါ့ကွာ” ဟု ရေရွတ်လိုက်မိသည်။
ကြွက်စုတ်အောက်မှာ ဖိုးရှုပ်ရေးတာကိုလည်း တွေ့ရပြန်၏။
“မီးကင်းစောင့်တဲ့သူကို ကျနော်က လက်သီးနဲ့ထိုး၊ ခြေထောက်နဲ့ ကန်ပြီး ကင်းတဲပေါ်က တွန်းချတယ် ဆိုတာ မမှန်သတင်းပါ။ အမှန်က ကျနော်တို့ အရက်တူတူ သောက်ပြီး မူးမူးနဲ့ အိပ်ကြရင်း သူ့ဟာသူ ကင်းတဲပေါ်က လိမ့်ကျလို့ ခေါင်းပေါက်တာပါ။ ကျနော်တို့ မသောက်ခင် သူ ကြက်ခိုးတာကို လူသိမှာ စိုးလို့ ရက်ကွက်လူကြီးကို နောက်တနေ့မှာ ဟင်းတခွက် ပို့ပြီး ကုန်းတိုက်လိုက်လို့ ဖြစ်ရတာပါ။ ဒီအကြောင်းကို ရပ်ကွက်လူကြီးနဲ့ ဘီယာသောက်ရင်း ကျနော် ရှင်းပြခဲ့ပြီးပါပြီ။ ကောလာဟလ တွေကို မယုံကြပါနဲ့”
ဒီအကြောင်းကိုတော့ ဦးရုက္ခစိုး ကြားမိသလိုလိုပင်။ ဖိုးရှုပ်ကို မေးတော့ အလကားပါဟု ပြောသည်။ ကြွက်စုတ်ကတော့ “ဒီကောင်က လက်သီးတော့ ပြင်းတယ်။ ဒါပေမယ့် ကာလသားဟင်းချက်တော့ ကောင်းသား” လို့ပဲ ပြောသည်။ ထပ်မေးလို့
မရတော့။
အခုမှ ဒီကောင် ဒါတွေရေးတာ တမျိုးတော့ တမျိုးပဲ ဟု စဉ်းစားရင်း အောက်ကို ဆင်းကြည့်လိုက်တော့ သူ့မိတ်ဆွေ ဆံပင်ရှည်ရှည်နှင့် ဂျာနယ် အယ်ဒီတာလေး တယောက် ရေးထားတာကို ဖတ်ရပြန်သည်။
“ကျနော့်ရဲ့ အကျင့်စာရိတ္တနဲ့ ပတ်သက်ရင် အာမခံပါတယ်။ စဉ်းစားကြည့်ကြပါ။ တကယ်လို့ ကျနော်သာ အခုအပြင်မှာ ပြောနေကြသလို အပေအတေ အလေအလွင့်ကောင်၊ ဆိုးသွမ်းနေတဲ့ ကောင်ဆိုရင် ကျနော့်ကို အရက်ဆိုင်တွေက ဘယ်လိုလုပ်ပြီး အကြွေး သောက်ခွင့် ပေးတော့မှာလဲဗျာ။ ကျနော် ပိုက်ဆံမပါလည်း ပြောပြီး သောက်လို့ရတဲ့ ဆိုင်တွေ အများကြီး ရှိပါတယ်။ မယုံရင် ကျနော်နဲ့ အတူတူ လိုက်ပြီး သောက်လို့ရပါတယ်။ ကျနော့်ရဲ့ သိက္ခာနဲ့ ကျနော့် အပေါ်ထားတဲ့ သူတို့ရဲ့ ယုံကြည်မှုကို တွေ့ရမှာပါ။ ဘေးစကားတွေကို မယုံကြပါနဲ့”
ဒီဆရာလေးကလည်း အရက်ကိုတောင် အကြွေးသောက် နေရသည့် အဖြစ်ကို ဂုဏ်ယူစွာ ပြောရင်း ဘေးစကားတွေ မယုံဖို့ ရှင်းထားသည်။ အပေါ်မှာ ဟိုကောင်တွေ ရှင်းထားကြတာတွေ ကလည်း ရှိတော့ ထူးတော့ ထူးနေပြီ ဟုတွေးရင်း အောက်မှာ
ထပ်တွေ့သည့် စင်ကာပူရောက် အိုင်တီ လူငယ်လေး တယောက် ရေးတာကို ဆက်ဖတ် ကြည့်သည်။
“နန်းခင်ဇေယျာကို သူပြိုင်ပွဲဝင်တုန်းက မောက်စ်နှစ်ခု ပျက်အောင် မဲတွေ ဆက်တိုက်ပေးဖူးတာက လွဲရင် ကျနော်နဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ အခု အပြင်မှာ ပြောနေကြတာတွေက ကျနော်နဲ့ ခင်ဝင့်ဝါ အကြားမှာ ပြဿနာဖြစ်အောင်လို့ မနာလိုတဲ့ သူတွေက သက်သက် သတင်း လွှင့်နေကြတာပါ။ ကျနော့် အတွက်နဲ့ သူတို့ နှစ်ယောက် မခေါ်နိုင် မပြောနိုင် ဖြစ်ကြရတယ် ဆိုတာလည်း မဟုတ်ရပါဘူး။ ဟိုတလောလေးကမှ ဦးကျော်သူ ဆီမှာ သူတို့ နှစ်ယောက် အတူတူ လုပ်အားပေးနေခဲ့ကြတာ အားလုံး အမြင်ပါ။ ဒါကြောင့် မုခစာအုပ် ပေါ်မှာ လုပ်ကြံရေးနေတာကို မယုံကြပါနဲ့”
ဒီငတိလေးတော့ ဦးဏှောက်ထဲကို ဗိုင်းရပ်စ် ဝင်သွားရှာပြီဟု ဦးရုက္ခစိုး တွေးလိုက်မိသည်။ ဒါပေမယ့် တက်သစ်စ အဆိုတော် မလေး တယောက်ရေးထားတာကို ဖတ်လိုက်ရပြန်တော့ ဦးရုက္ခစိုး မျက်လုံးပြူးသွားမိသည်။
“မီးက ကားနဲ့ ခေါ်မှ လိုက်တယ်ဆိုတာ မဟုတ်ပါဘူး။ ဆိုက်ကားနဲ့ခေါ်လည်း လိုက်ပါတယ်။ မီးကို သွေးကြီးတယ် ဘဝင်မြင့်တယ် ဆိုတာက ဟိုကောင်မတွေ တမင်နာမည်ဖျက်ကြတာပါ …”
ကလေးမကို သဘောကျလွန်းလို့ မက်ဆေ့ချ် ပို့ကာ သူငယ်ချင်းအဖြစ် လက်ခံပေးဖို့ တောင်းဆို မိတ်ဖွဲ့ခဲ့သော ဦးရုက္ခစိုး ဒီတချက်မှာတော့ ဟတ်ထိသွားသည်။ မျက်လုံးတွေ တောင် ပြာဝေသွား၍ မျက်လုံးကို ပွတ်ကာ စိတ်ကိုတင်းပြီး
ဆက်ဖတ် ရသည်။
“…အဲဒါကလည်း ဖေကြီး မအားလို့ ကားမောင်းပြီး လိုက်မပို့နိုင်တဲ့ အချိန်မှပါ။ မီး ရဲ့ ပရိသတ်တွေကို သီချင်းဆိုပြဖို့ လမ်းလျှောက်လာရမယ်ဆိုလည်း မီးက လာမှာပါ။ သူများ တွေ နာမည်ဖျက်တာကို မယုံကြပါနဲ့လို့ ပရိသတ်ကြီးကို ပြောချင်ပါတယ်။ အားလုံး …………… အာ ……… ဘွား”
ဒီတော့မှ ကွန်ပျူတာ ဖန်သားပြင်ရှေ့ကို မျက်နှာကြီး ထိုးပေးလိုက် မိသည်အထိ ဦးရုက္ခစိုး ကျေနပ်သွားရသည်။
ထို့နောက် မျှားကလေးကို နှိပ်ကာ၊ နှိပ်ကာဖြင့် လိုက်ဖတ်ကြည့်မိသမျှ အားလုံးက မဟုတ်ရပါကြောင်း ရှင်းထားတာတွေ တွေ့ရသည်။ တခြား အကြောင်းအရာတွေ တွေ့ရသော်လည်း အဲဒါက တော်တော် နည်းသည်။ အထိမ်းအမှတ် တခုခုပဲ ရှိနေသလား၊ ဒီနေ့ ဘာနေ့ ဖြစ်နေလို့လဲဟု စဉ်းစားကြည့်သော်လည်း ခေါင်းထဲမှာ ပေါ်မလာပါ။ ဒါပေမယ့် မည်သို့ပင် ဖြစ်စေ
ဦးရုက္ခစိုးသည်လည်း မုခစာအုပ် သုံးစွဲသူတယောက် ဆိုတော့ ခေတ်မီအောင်အများနည်းတူ ရှင်းရပေတော့မည်။
“ဟုတ်တယ်။ ရှင်းရမယ်။ ရှိတာ အကုန်ရှင်း ပစ်ရမယ်”
လက်သီးလက်မောင်း တန်းကာ ကြိမ်းဝါးလိုက် ပြီးနောက် ကွန်ပျူတာရှေ့မှာ ငိုင်တွေကာ အကြံထုတ်နေရင်းမှ ခေါင်းထဲတွင် အလင်းတခု ဖျပ်ကနဲ ပေါ်လာသည်။
ဘာမှ ထွေထွေထူးထူး စဉ်းစားနေစရာ မလိုပါ။ ကိုယ့်မှာ မရှိတာတွေ ကိုယ်နှင့် မဆိုင်တာတွေ တန်းစီရေးချလိုက်ရုံပဲ ရှိသည်။ ခေါင်းပေါ်က မကိုဋ်ကို နေရာတကျ ပြန်တည့်လိုက်ပြီးနောက် ကျကျနန ပြင်ထိုင်လိုက်ကာ ဦးရုက္ခစိုး စရိုက်သည်။
“၂၀၁၅ မှာ ရုက္ခစိုး သမ္မတလုပ်မယ်ဆိုတာ မဟုတ်ပါ။ ကျုပ်သမ္မတ လုပ်မယ်ဆိုတဲ့ အသံတွေထွက်နေတာ ကျုပ်ကို မလိုတဲ့ နတ်ပွဲစားတွေက သပ်သပ် တိုက်ခိုက်နေကြတာပါ။ ၂၀၁၅ နောက်ပိုင်းမှာ ကျုပ်က မုန့်ဟင်းခါးဆိုင်ဖွင့်ပြီး အေးအေးဆေးဆေး သစ်ပင်စိုက်နေမှာပါ”
ဟုတ်ပြီ။ ဒီ Status တင်ပြီးမကြာမီမှာပင် Like ပေါင်းများစွာ ဝင်လာသည်။ ကွန်မန့်တွေလည်း ဝင်လာတာ တွေ့ရသည်။ ကွန်မန့်တခု ဆိုလျှင် ဘာမဆိုင်ညာမဆိုင် ဦးရုက္ခစိုးကို ဝင်ကောထားသည်။
“ရုက္ခစိုးနဲ့ မုန့်ဟင်းခါးဆိုင်နဲ့ ဘာဆိုင်လို့လဲ။ နတ်ပြည်နဲ့ နတ်မျိုးအတွက် အကျိုးရှိမယ့် အလုပ်ကို လုပ်မယ်မရှိဘူး။ မုခစာအုပ် သုံးပြီး ပေါနေဖို့ပဲ တတ်တဲ့ ဆန်ကုန်မြေလေးကြီး” ဆိုပဲ။
ထို ကွန်မန့်အောက်တွင် ဦးရုက္ခစိုးဘက်က မခံနိုင်သူများက ဝင်ပြီး မနေနိုင်မထိုင်နိုင် ပြန်ကောကြ၊ ကွန်မန့်ပေးသူကို ထောက်ခံကြနှင့် ဦးရုက္ခစိုး၏ Status က တော်တော် စည်စည်ကားကား ဖြစ်လာသည်။ ဒါတွင်သာမက ကွန်မန့်ပေးရင်း သီတင်းကျွတ် ဝင်ကန်တော့သွားသူလည်း ရှိသေးသည်။ ဖိုးရှုပ်နှင့် ကြွက်စုတ်ကလည်း အားကျမခံ လွန်တာရှိသမျှ၊ စော်ကားမော်ကား ပြောမိသမျှ ခွင့်လွှတ်စေချင်ကြောင်း ပြောပြီး ဘလိုင်းကြီး ဝင်ကန်တော့ သွားသေးသည်။ မုခစာအုပ် ပေါ်မှာ ကန်တော့တော့လည်း မုခစာအုပ်ကပင် ဆုပေးလိုက်ရပြန်သည်။ ခေတ်ကြီးကိုက မုခစာအုပ်ခေတ်ကြီးပေကိုး။
ဦးရုက္ခစိုး ပျော်သွားသည်။ သို့နှင့် ဒီလောက်နှင့် မရပ်ချင်သေးဘဲ နောက်ထပ် ဘာဆက်ရေးရင် ကောင်းမလဲဟု စဉ်းစား ကြည့်တော့ လတ်တလော အကြောင်းအရာ တခုကို စဉ်းစားမိသည်။
“ဟိုနား ဒီနားမှာ ဗုံးတွေ ကွဲသည့်ကိစ္စ၊ တွေ့သည့်ကိစ္စများ ရုက္ခစိုးနှင့် လုံး၀ မသက်ဆိုင်ပါ။ သီတင်းကျွတ်နား နီးလာပြီး ဗျောက်အိုး၊ မီးပန်း စသည်တို့ အရောင်းရတွင်ကျယ်ကာ ရောင်းချသူတွေ စီးပွားရေးကောင်းမှာကို မလိုလားသူတွေက တမင် အကွက်ဆင်လုပ်ကြံ ခြင်းဖြစ်ပါသည်”
ဒီလောက် ဆိုရင် တော်ပြီဟု ဦးရုက္ခစိုး ယူဆသည်။ ဒါပေမယ့် တခုခု လိုနေသလို စိတ်ထဲမှာ ခံစားရတာနှင့် အောက်က ဆက်ရေးလိုက်သည်။
“ယုံချင်ယုံ၊ မယုံချင်နေ၊ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး”
ပုံ
ရုက္ခစိုး
ဒါဆိုရင်တော့ တော်လောက်ပြီ။ လပြည့်နေ့နှင့် လပြည့်ကျော်တရက်လုံးလုံး ဦးရုက္ခစိုး ဥပုသ်စောင့်မည်။ မုခစာအုပ်နှင့် နှစ်ရက်တိတိ ကင်းပြတ်အောင် နေလိုက်မည်။ နောက်တနေ့ကျမှပဲ Like တွေ၊ ကွန်မန့်တွေ ဝင်ကြည့်တော့မည်ဟု ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချလိုက်လေတော့သတည်း။
(ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။)