သတင်း

ပြဿနာ ဖြစ်ခဲ့သည့် သူရိယအလင်းဂျာနယ် ထုတ်ဝေမှု လုံးဝရပ်နားပြီ

This article has been converted from Zawgyi One to Unicode

သူရိယအလင်း ဂျာနယ် အတွဲ ၁၊ အမှတ် ၁၂ တွင် ထည့်သွင်းဖော်ပြရန် ပြင်ဆင်ခဲ့သော ဆောင်းပါးများ ကိစ္စနှင့် ပက်သက်ပြီး ထုတ်ဝေသူနှင့် အမှုဆောင် အရာရှိချုပ်တို့အကြား ပြဿနာများ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း အဆိုပါဂျာနယ်ကို အပြီးအပိုင် ထုတ်ဝေမှု ရပ်နားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အတွဲ ၁၂ ဖြန့်ချိရန် စီစဉ်သော အောက်တိုဘာ ၁၈ ရက်နေ့ ညကတည်းက ဂျာနယ်ကို ထုတ်ဝေမှု ရပ်နားရန် ဆုံးဖြတ်ခဲ့သည့်အတွက် ယင်းညတွင် ဂျာနယ်တိုက်ရှိ ကွန်ပျူတာနှင့် ပစ္စည်းများကို လာရောက်သိမ်းဆည်း ခဲ့ခြင်းသာ ဖြစ်ကြောင်း သူရိယအလင်း ထုတ်ဝေခွင့်ရရှိထားသူ ဦးယုနိုင်က ဧရာဝတီသို့ ပြောသည်။

“ဖြစ်စဉ်လေးကတော့ ကျနော်က အမှုဆောင်အရာရှိချုပ်ကို ပုဂ္ဂိုလ်ရေးတွေ တိုက်ခိုက်တာနဲ့ ကျင့်ဝတ်နဲ့ မညီတဲ့ရေးသားမှုတွေ ဆက်မလုပ်ဖို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ ဒီလိုတွေ ဆက်တိုက် ဖြစ်လာတော့ အဲဒီညမှာ ကျနော်ကိုယ်တိုင် ထုတ်ဝေတာကို လုံးဝရပ်နားဖို့ ဆန္ဒဖြစ်လာတယ်။ အဲဒီ သောကြာနေ့ညက ဖြန့်ချိမယ့် ဂျာနယ်တွေကို ကျနော် မဖြန့်ချင်တော့တာနဲ့ လိုက် ပြန်သိမ်းတာ။ ရုံးက ပစ္စည်းတွေကိုလည်း ဆက်ထုတ်မှာ မဟုတ်တော့တဲ့ အတွက် သွားပြန်သိမ်းတာ” ဟု ၎င်းက ရှင်းပြသည်။

သို့ရာတွင် အောက်တိုဘာ ၁၈ ရက်နေ့ညက သူရိယအလင်း ဂျာနယ်ရုံးကို အတင်းဝင်စီးကြောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏ သားဖြစ်သူ ဦးသူရိန် ကိုယ်တိုင် ရုံးထဲသို့ဝင်လာပြီး စက် ပစ္စည်းများကို သိမ်းယူသွားခြင်း ဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏မြေး ကိုနေရွှေသွေးအောင် ခေါ် ဖိုးလပြည့်လည်း လာရောက် စီးနင်းမှုတွင် ပါဝင်ကြောင်း ညစောင့် ကျန်ရစ်ခဲ့သော ဝန်ထမ်း ၂ ဦး၏ ပြောပြချက်အရ သိရသည်ဟု အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်းက အောက်တိုဘာ ၁၉ ရက်နေ့တွင် အဆိုပါ ဂျာနယ်ရုံးခန်း၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ဝင်စီးနင်းသည်ဟု ယူဆပြောဆိုလျှင် မည်သည့်အတွက်ကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ ဆက်သွယ် တိုင်တန်းမှု မပြုလုပ်သနည်း ဆိုသော မေးမြန်းချက်ကိုမူ တိတိကျကျ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိသကဲ့သို့ အခင်းဖြစ်ပွားမှုတွင် ရှိနေသော ဝန်ထမ်း ၂ ဦးကိုလည်း သတင်းမီဒီယာများက တွေ့ဆုံခွင့် မရခဲ့ပေ။

“ဒါဟာ ကျိန်းသေတယ်ဗျာ။ သတင်းဂျာနယ်တိုက် တခုကို ငါတို့လုပ်ချင်သလို လုပ်လို့ရတယ် ဆိုတာ ပြလိုက်တာပဲ။ ကျနော်လို အမှုဆောင် အရာရှိချုပ်ကိုယ်တိုင် အချိန်မတော် ည ၁၂ နာရီလောက်မှာ အဲဒီလို လာလုပ်ခွင့် မရှိပါဘူး။ ကျနော်က ရှယ်ယာ အများဆုံး ပိုင်ထားတဲ့သူပါ” ဟု ဦးမိုးဟိန်းက ဆိုသည်။

သို့ရာတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏ သားဖြစ်သူ ဦးသူရိန် ကိုယ်တိုင် ရုံးထဲသို့ ဝင်လာခြင်းမရှိကြောင်း၊ ဗိုလ်ချုပ်မှူးကြီးဟောင်း၏ မြေး ပါဝင်ခဲ့သည်မှာလည်း မဟုတ်မှန်ကြောင်း ဦးယုနိုင်က
ဧရာဝတီသို့ ပြန်လည် ရှင်းလင်း ပြောကြားသည်။

ဦးသူရိန်သည် အဆိုပါနေ့တွင် ကျင်းပသော မိမိ၏ မွေးနေ့ပွဲသို့ တက်ရောက်ရင်း ဂျာနယ်တိုက်သို့ လာရောက်သောအခါ အတူတကွ ပါလာသော်လည်း ရုံးအပြင်ဘက်တွင် ကျန်ခဲ့ကြောင်း၊ မိမိ၏ သားဖြစ်သူနှင့် သူ၏ သူငယ်ချင်းများကသာ ကွန်ပျူတာများကို သယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ဦးယုနိုင်က ဆိုသည်။

ပုဂ္ဂိုလ်ရေး နစ်နာမှုရှိစေမည့် စာမူများ မထည့်သွင်းရန် ထုတ်ဝေသူနှင့် အယ်ဒီတာ အဖွဲ့က အမှုဆောင် အရာရှိချုပ်ကို အတန်တန် တားမြစ်ခဲ့သည့်ကြားမှ သူရိယအလင်း ဂျာနယ် အမှတ် ၁ မှ အမှတ် ၁၂ အထိ ထည့်သွင်းခဲ့သော ဆောင်းပါးများ အရ နစ်နာမှုရှိခဲ့ကြသော ပုဂ္ဂိုလ်များကို ထုတ်ဝေသူနှင့် အယ်ဒီတာ အဖွဲ့က ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များမှ တဆင့် တောင်းပန်ထားကြောင်း တွေ့ရသည်။

ထို့အပြင် အဆိုပါဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် “စစ်သူရဲ ဗလမင်းထင်”၊ “ထောင်သူရဲ ဗအုပ်”၊ “သတိုးစည်သူ” တို့၏ ဆောင်းပါးများသည် အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်းက တိုက်ရိုက်စိစစ် ရွေးချယ်ထည့်သွင်းသော ဆောင်းပါးများ ဖြစ်ကြောင်း၊ ထိုသို့ ထည့်သွင်းခြင်းကို အယ်ဒီတာအဖွဲ့မှ ကန့်ကွက်ခဲ့သော်လည်း အမှုဆောင်အရာရှိချုပ်၏ လုပ်ပိုင်ခွင့်ကို အကြောင်းပြကာ အယ်ဒီတာအဖွဲ့၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သူရိယအလင်း ဂျာနယ် အယ်ဒီတာအဖွဲ့မှ ထုတ်ပြန်ခဲ့သည်ဟု အယ်ဒီတာချုပ် ဦးအောင်စည်ဟိန်းက ဧရာဝတီသို့ ပြောသည်။

“ဒါပေမယ့် ကျနော်တခုပြောချင်တာက ဂျာနယ်ကို ရပ်စဲဖို့အထိတော့ ဘယ်အယ်ဒီတာမှ ဆန္ဒမရှိပါဘူးဗျာ။ ဂျာနယ်ရပ်စဲတာကို ကြေညာတဲ့အခါ ကျနော်တို့ အယ်ဒီတာအဖွဲ့ကိုပါ တွဲထည့်တာကို ကြည့်ခြင်းအားဖြင့် ဒီဂျာနယ်က အယ်ဒီတာအဖွဲ့ရဲ့ လုပ်ပိုင်ခွင့် ဘယ်လောက် အတိုင်းအတာပဲ ရှိတယ်ဆိုတာ သိနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

သူရိယအလင်း ဂျာနယ်တွင် ယခုကဲ့သို့ ပဋိပက္ခ ဖြစ်လာမည့်အရေးကို ကြိုတင်သိမြင်ထားသည့်အတွက် သူရိယနေဝန်း ဆိုသော နာမည်ဖြင့် ထုတ်ဝေခွင့် လျှောက်ထားခဲ့ကြောင်း၊ အဆိုပါ ဂျာနယ်ထုတ်ဝေခွင့်လည်း ရရှိထားပြီး ဖြစ်ကြောင်း၊ မကြာခင် သူရိယနေဝန်း အမည်ဖြင့် ထုတ်ဝေတော့မည် ဖြစ်ကြောင်း ဦးမိုးဟိန်းက ပြောသည်။

ဦးမိုးဟိန်းသည် ၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွဲ့စည်းသည့် လူဘောင်သစ်ပါတီ၌ အထွေထွေ အတွင်းရေးမှူး တာဝန်ယူခဲ့သူ ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်များအတွင်းက ဖမ်းဆီးထိန်းသိမ်း ခံရဖူးသည်။

Loading