လက်တင်အမေရိက၊ ဥရောပ၊ အာရှနိုင်ငံတွေက အမျိုးသမီးလွှတ်တော် အမတ်တွေကော၊ မြန်မာပြည်က အမျိုးသမီး လွှတ်တော်အမတ်တွေပါ ခန်းလုံးပြည့် ပျားပန်းခတ် လှုပ်ရှား သွားလာနေတဲ့ ခန်းမကြီးထဲမှာ လွှတ်တော်အမတ် မဟုတ်တဲ့ ခပ်ရိုးရိုး အပြင်အဆင်နဲ့ အမျိုးသမီးတဦး ငြိမ်ငြိမ်လေး ထိုင်နေပါတယ်။ သူ့လည်ပင်းမှာတော့ ဒီအခမ်းအနားကို တက်ခွင့် ရထားသူ တဦးအဖြစ် သိသာစေတဲ့ ကတ်ကလေးကို ချိတ်ဆွဲထားတာ တွေ့ရတယ်။
ခပ်ရိုးရိုး အပြင်အဆင်လို့ ဆိုရတာက မြန်မာအမျိုးသမီး လွှတ်တော် အမတ် အများစု ဆင်ယင်ထားပုံနဲ့ ကွဲလွဲနေလို့ ဖြစ်ပါတယ်။ ပုဝါတွေ၊ ဆံထုံးတွေ၊ ပန်းတွေမပါတဲ့ သူ့ပုံစံ၊ မျက်နှာမှာ အချယ်အသ ကင်းမဲ့တဲ့ သူ့ပုံစံက ကျန်တဲ့ အမျိုးသမီး တွေနဲ့ ကွဲထွက်နေပါတယ်။
သူကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလက နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ ကျင်းပခဲ့တဲ့ “နိုင်ငံရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ တရပ်ကို တက်ရောက်လာသူ၊ ကွယ်လွန်သူ ပန်းချီဆရာကြီး ဝသုန်အကြောင်း ရိုက်ကူးထားတဲ့ “ဝသုန်ကောက်ကြောင်း” မှတ်တမ်း ရုပ်ရှင် ဇာတ်လမ်းတိုနဲ့ လူသိများသူ၊ ဇာတ်ကားကြီးပေါင်းများစွာ၊ ဗီဒီယို ကားပေါင်းများစွာကို ရိုက်ကူးနေသူ ဒါရိုက်တာ ကြည်ဖြူသျှင်ပဲ ဖြစ်ပါတယ်။ ဝသုန်ကောက်ကြောင်းဟာ ၂၀၀၈ ခုနှစ်က နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဇာတ်လမ်းတိုဆု ရရှိခဲ့ပါတယ်။ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် တယောက်လည်း ဖြစ်နေပါ သေးတယ်။
လွတ်လပ်မှုကို မြတ်နိုးတဲ့ အနုပညာသမား တဦးအနေနဲ့ ကြည်ဖြူသျှင်ဟာ ပါတီနိုင်ငံရေးထဲမှာ ဘယ်လောက်အထိ ပါဝင် ပတ်သက်နိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း အဲဒီ ဆွေးနွေးပွဲ အခမ်းအနားဖွင့်ပွဲမှာ မိန့်ခွန်းပြောကြားရင်း လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အချိန်ကျရင် NLD ပါတီထဲမှာ အမျိုးသမီးတွေ ဒီထက်ပိုပြီး ဝင်ရောက် အရွေးကောက်ခံဖြစ်လိမ့်မယ် ဆိုတဲ့ စကားကိုလည်း ထည့်သွင်းပြောကြားခဲ့တော့ ဘယ်လို အမျိုးသမီးတွေကို ပါတီဝင်အဖြစ် စည်းရုံးထားပြီး လေ့ကျင့်မှုတွေ ရှိနေသလဲ ဆိုတာကလည်း မေးစရာ ရှိနေပါတယ်။ ဒီအထဲမှာ ကြည်ဖြူသျှင်ကော တယောက် အပါအဝင် ဖြစ်နိုင်မလား။
“ကျမ တာဝန်ကျရာ နေရာမှာ အကောင်းဆုံး ဖြစ်အောင် လုပ်ပေး သွားမှာပဲ။ ကိုယ့်ကိုယ်ကိုယ် မျှော်လင့်ခြင်း၊ မမျှော်လင့်ခြင်း ဆိုတာလည်း မရှိဘူး။ အဓိက ကျမရဲ့ Target ကတော့ ၂၀၁၅ မှာ ဖြစ်လာမယ့် အမတ်လောင်းတွေ အတွက် ကျမ ဘယ်လို ပံ့ပိုးပေးရမလဲ ဆိုတာ စဉ်းစား ပြင်ဆင်နေပါပြီ” လို့ ကြည်ဖြူသျှင်က ဧရာဝတီကို ပြောပါတယ်။
ဒါရိုက်တာ ကြည်ဖြူသျှင်ဟာ အရင်ကတော့ ပါတီနိုင်ငံရေးကို စိတ်မဝင်စားခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဖခင်ဟာ တက္ကသိုလ် ကျောင်းသား ဘဝကတည်းက နိုင်ငံရေးလုပ်ခဲ့သူ၊ အိမ်ထောင်ကျပြီး နောက်မှာ ထောင်ကျခဲ့သူ၊ နောက်ပိုင်း အဖမ်းအဆီးတွေ များလာတာကြောင့် နိုင်ငံရေးကို ပေါ်ပေါ်ထင်ထင် မလုပ်တော့ ပေမယ့် နိုင်ငံရေးသမားတွေနဲ့ ဆက်သွယ်ပြီး အိမ်မှာ နိုင်ငံရေးစကားတွေ အမြဲ ပြောနေလေ့ရှိသူ ဖြစ်တဲ့အတွက် ဖခင်ရဲ့ သွေးက ကြည်ဖြူသျှင်ရဲ့ ကိုယ်ခန္ဓာထဲမှာ စီးဆင်းနေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
“အမှန်အတိုင်း ပြောရရင် ကျမ ပါတီနိုင်ငံရေးကို စိတ်မဝင်စားဘူး။ ဒါပေမယ့် နိုင်ငံရေး သမားတွေကို ချစ်တယ်၊ လေးစားတယ်၊ ကူလည်း ကူညီချင်ပေးတယ်။ ဘာကြောင့်လဲ၊ ကျမ အဖေကိုယ်တိုင်လည်း နိုင်ငံရေးသမား ဖြစ်ခဲ့လို့၊ အဖေ့ရဲ့ ဒီမျိုးဗီဇက ကျမမှာ ပါလာတယ်” လို့ သူက ဆိုပါတယ်။
ကြည်ဖြူသျှင်ဟာ ဒါရိုက်တာ တယောက် အနေနဲ့ ရပ်တည်ခဲ့ပေမယ့် အခုလို အထိုက်အလျောက် ပွင့်လင်းလာတဲ့ အချိန်မှာ တတ်နိုင်သမျှ နိုင်ငံရေး အဝန်းအဝိုင်းထဲ ဝင်ပြီး နိုင်ငံရေးသမားတွေကို အကူအညီ ပေးတယ်၊ အဲဒီလို အကူအညီ ပေးခဲ့ရာကနေ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပါတီထဲ ဝင်ဖို့ ပြောလာတော့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့စိတ်၊ ချစ်တဲ့စိတ်နဲ့ NLD ပါတီထဲ ဝင်ဖြစ်ခဲ့တာလို့ သိရတယ်။
“နောက်တခုက အမေစု (ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့ စကားတခွန်းပေါ့လေ၊ ဘာလဲ ဆိုရင် ကိုယ့်တိုင်းပြည် အတွက်၊ ကိုယ့်အတွက် … သမီး ဒီအချိန်မှာ အပင်ပန်းခံရမယ်၊ သမီး အရမ်းအလုပ်များတာ အမေသိတယ်၊ ဒါပေမယ့် တတ်နိုင်သမျှ သမီး ဝင်ပါပါလို့ဆိုတော့ အဲဒီစကား ကြောင့် ကျမ ဝင်ပါဖြစ်တယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
သူ့အနေနဲ့ ပါတီနိုင်ငံရေးကို စိတ်မဝင်စားခဲ့ဘူး ဆိုတာကတော့ သူဟာ အနုပညာသမားတဦး ဖြစ်တဲ့အတွက် လွတ်လပ်မှုကို မြတ်နိုးပြီး လွတ်လွတ်လပ်လပ် နေတတ်လို့၊ ပြီးတော့ ပါတီတခုထဲကို ဝင်လိုက်တာနဲ့ အဲဒီပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ချမှတ်ထားတဲ့ မူဘောင်တွေနဲ့ သူ ကိုက်ညီမှု ရှိပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
“ဒါပေမယ့် တကယ်တမ်း ပါတီထဲ ဝင်လိုက်တဲ့ အခါမှာတော့ ကျမ ထင်သလို မဟုတ်ဘူး။ ကျမတို့ လွတ်လပ်စွာ ပြောလို့ ရတယ်၊ ညှိလို့ရတယ်၊ ပြောရမယ်ဆိုရင် ပါတီတွင်းမှာ ဒီမိုကရေစီ ဆိုတဲ့ လွတ်လပ်မှု၊ ကိုယ့်ရဲ့ အမြင်ကို လွတ်လပ်စွာ ဆွေးနွေးခွင့် အပြည့်အ၀ ရတယ်။ အခုအချိန်မှာတော့ ကျမ အနေနဲ့ ပါတီနိုင်ငံရေးကို နှစ်သက်သွားပြီ၊ သဘောကျသွားပြီ၊ နေသားကျသွားပြီ ပေါ့နော်” လို့ သူက ပြောပြပါတယ်။
သူ့ဝါသနာ ဖြစ်တဲ့ ဒါရိုက်တာ အလုပ်ကို မစွန့်လွှတ်ရဘူး၊ အမတ်လောင်းအဖြစ် ရွေးချယ်ခံဖို့ တာဝန်ပေးခြင်းလည်း ခံရမယ် ဆိုရင်တော့ ကြည်ဖြူသျှင်ဟာလည်း ၂၀၁၅ မှာ အရွေးချယ်ခံမယ့် အမျိုးသမီး ကိုယ်စားလှယ်လောင်း တယောက် ဖြစ်လာနိုင်ပါတယ်။
“ကျမ ကတော့ နိုင်ငံရေး ဆိုတာ ကံတရားနဲ့ ဆိုင်တယ်၊ ဘယ်အလုပ်ဖြစ်ဖြစ်ပဲ ပေါ့လေ။ ကျမ ကိုယ့်ကိုယ်ကိုယ် မျှော်လင့် မထားဘူး။ ဒီလို ပါတီထဲ ရောက်သွားလိမ့်မယ်၊ ကျမ လုပ်နိုင်မယ်လည်း ထင်မထားဘူး။ ဒါပေမယ့် ကျမ လုပ်နိုင် လာတယ်။ ၂၀၁၅ အတွက် အမေစုရဲ့ ဘက်ကရော၊ ပါတီတွင်းက လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ရောပေါ့၊ ဘယ်လို စံနှုန်းတွေနဲ့ ပါတီ အမတ်လောင်း တွေကို ဘယ်လို ရွေးချယ်မလဲ၊ … ကျမသည်လည်း ဘယ်နေရာမှာ လုပ်ဆောင်ရမယ် ဆိုတာ မသိနိုင်ပါဘူး” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုပါတယ်။
မြန်မာပြည်မှာ အမျိုးသားအမျိုးသမီး ခွဲခြားဆက်ဆံမှု ရှိနေတုန်းပဲလို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေက ပြောကြ သလို၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အမျိုးသမီး၊ အမျိုးသား ခွဲခြားမှု ရှိနေသေးတယ်၊ တန်းတူညီမျှမှု မရှိဘူးလို့ အဲဒီ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒါရိုက်တာ ကြည်ဖြူသျှင်ကတော့ အဲဒီလို မထင်ပါဘူး။
“ကျမ ထင်တာကတော့ အစိုးရဌာနပိုင်း ဆိုင်ရာတွေမှာ ခွဲခြားမှု ပိုများမယ် ထင်တယ်။ အပြင်မှာတော့ အရည်အချင်းအပေါ် မူတည်ပါလိမ့်မယ်” လို့ ပြောပါတယ်။
သူကိုယ်တိုင်လည်း NLD ပါတီထဲဝင်ရောက် လုပ်ကိုင်တဲ့ အချိန်မှာ သူ့ထက် အသက်ကော၊ အတွေ့အကြုံပါ အများကြီး ကြီးရင့်သူ ယောက်ျား အများစုနဲ့ ရင်ဘောင်တန်းပြီး ကျရာတာဝန်ကို ထမ်းဆောင်ရာမှာ တာဝန်တွေက ကြီးလေးပေမယ့် အခက်အခဲ တစုံတရာ မရှိဘူးလို့ ဆိုပါတယ်။
“ဗဟိုကော်မတီဝင် အမျိုးသားကြီးတွေနဲ့ အတူ အလုပ်လုပ်ရတဲ့အခါ ကျမတို့အဖွဲ့တာဝန်ယူရတဲ့ အပိုင်းမှာ ကျမရဲ့ အကြံပေးချက်၊ စဉ်းစားချက်တွေကို လက်ခံစဉ်းစားပေးတာ တွေ့ရတယ်။ အမျိုးသမီးဆိုပြီး ခွဲခြားတာမျိုး မရှိပါဘူး” လို့ သူက ဆက်ပြောတယ်။
မြန်မာပြည်မှာ အမျိုးသမီး ဒါရိုက်တာတွေ ဘာကြောင့် အရမ်း နည်းနေသေးတာလဲ ဆိုတဲ့ ဧရာဝတီက မေးခွန်းကိုတော့ သူက အမျိုးသားတွေ အများစု ရှိတဲ့ ရိုက်ကွင်းထဲမှာ အမျိုးသမီး တယောက် အနေနဲ့ ဝင်တိုးဖို့ဆိုတာ တော်ရုံသတ္တိနဲ့ မလွယ်တာ ကြောင့် ဖြစ်မယ်လို့ ဖြေပါတယ်။
“နိုင်ငံတကာမှာတော့ ဒါရိုက်တာ တယောက်အတွက် ပြည့်ဝကျွမ်းကျင်တဲ့ လေ့ကျင့် သင်ကြားပေးတဲ့ ကျောင်းတွေရှိတယ်။ ကျမတို့ ဆီမှာ မရှိဘူး။ ရှိတဲ့ သင်တန်းကျောင်းတွေ ကလည်း အမှန်တိုင်း ပြောရရင် လုံး၀ အဆင့်မမီဘူး။ အဲဒီမှာ ကျမတို့ဟာ လက်တွေ့ကနေ သင်ယူရတယ်။ ကျမတို့ဆီမှာ ရှိတဲ့ ဒါရိုက်တာ တွေထဲမှာ ကျမရှိတယ်၊ အိအိခိုင်ရှိတယ်။ အောင်မြင်တဲ့ အမျိုးသမီးတွေ ထဲမှာ မျိုးရိုးကနေ ဖြစ်လာတာပါ” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆက်ပြောပါတယ်။
အဖိုး အဖွား မိဘတွေက ဒါရိုက်တာတွေ ဖြစ်နေတာကြောင့် သားသမီး၊ မြေးတွေဖြစ်တဲ့ သူတို့တတွေက ရိုက်ကွင်းတွေနဲ့ မစိမ်းတာ၊ ကြောက်ရွံ့စိတ် ကင်းခဲ့ကြတာပါ။
“စက်အဖွဲ့လည်း မကြောက်တော့ဘူး။ ကျမ သင်ချင်တယ်၊ လိုချင်တယ် ဆိုရင် သူတို့ သင်ပေးတယ်။ အချင်းချင်းကြားမှာ ခွဲခြားတာ မဟုတ်ဘူး။ ဒါပေမယ့် အစိမ်းသက်သက် တယောက်အနေနဲ့ သူ့မိဘက ထုတ်လုပ်သူအနေနဲ့ ရပ်တည်ပေးမလား၊ ဒါမျိုးလည်း ရှိသေးတယ်။ ကျမ ဒါရိုက်တာ ဖြစ်လာတယ် ဆိုတာ ကျမ အတွက် ငွေထုတ်ပေးတဲ့ သူတွေရှိတယ်။ ဆိုတော့ မိဘရဲ့ ပံ့ပိုးမှုနဲ့လည်း ဆိုင်တယ်” လို့ သူက ရှင်းပြပါတယ်။
အပြင်လူ တယောက်အနေနဲ့ ကတော့ အမျိုးသမီး ဒါရိုက်တာ တယောက်အနေနဲ့ ရိုက်ကွင်းအလယ်မှာ ဝင်ဆံ့ဖို့ ခက်ခဲမယ်လို့ သူက ဆိုပါတယ်။
“ကျမတို့ ကျတော့ အမေက ဒါရိုက်တာ တယောက်လည်း ဖြစ်တယ်၊ ဇာတ်ညွှန်းရေး ဆရာလည်း ဖြစ်တယ်၊ ငွေရှင်လည်း ဖြစ်တဲ့ အခါမှာ ငါ့သမီးသည် ဒါရိုက်တာ ဖြစ်နိုင်ခြေရှိတယ်။ သူ့ကို ငါ မြေတောင်မြှောက်ပေးရင်လည်း ဖြစ်တယ်လို့ သိတဲ့ အတွက်ကြောင့် ကျမလည်း ဖြစ်လာတာ။ ဒါရိုက်တာ အိအိခိုင်ဆိုလည်း မျိုးရိုးရှိတယ်။ ဆိုတော့ မျိုးရိုးမရှိသူတွေ အတွက် ဝင်တိုးတဲ့ အခါ ဘယ်သူတွေက ယုံယုံကြည်ကြည်နဲ့ ပေးမှာလဲ။ အမျိုးသမီး တယောက်ဟာ နိုင်ငံခြားက Directing နဲ့ ဘွဲ့ရလာတယ်၊ ဒါမှမဟုတ် သူ့မှာ ဒါရိုက်တာနဲ့ ပတ်သက်တဲ့ အရည်အချင်းတွေ ပြည့်ဝနေတယ် ဆိုရင်တော့ ငွေရှင်တွေက ထုတ်ပေးမှာပဲ။ အဲဒါလည်း ကျမတို့ တိုင်းပြည်နဲ့ ဆိုင်တယ်” လို့ သူက ပြောပြပါတယ်။
ဒါရိုက်တာဆိုတာကို နိုင်ငံတကာမှာ ရိုက်ကွင်းရဲ့ ဘုရင်လို့ တင်စားကြပါတယ်။ ကြည်ဖြူသျှင်ဟာလည်း ဇာတ်ကားပေါင်း များစွာ ရိုက်ကူးနေတဲ့ ဒါရိုက်တာ တယောက် ဖြစ်တာကြောင့် ရိုက်ကွင်းရဲ့ ဘုရင်၊ ရိုက်ကွင်း တခုလုံးရဲ့ ခေါင်းဆောင်၊ ပဲ့ကိုင်သူလို့ ဆိုရမှာပါ။ ဒါပေမယ့် အဲဒီလို ကဏ္ဍတခုရဲ့ ခေါင်းဆောင်တယောက် ဖြစ်ဖို့ သင်တန်းပေးတာနဲ့ ဖြစ်နိုင်တယ် ဆိုတာ ကိုတော့ သူက မယုံကြည်ပါဘူး။
“ကျမကတော့ အမျိုးသမီးတွေကို Leader စိတ်ဖြစ်လာအောင် သင်တန်းပေးတယ် ဆိုတာထက်၊ အမေစု ပြောသလိုပဲ မိဘရဲ့ Control က အရမ်း အရေးကြီးတယ်။ ကျမ အမေဆိုရင် ကျမကို လွှတ်ပေးတယ်၊ လွှတ်ပေးတယ် ဆိုတာ Guide Line ချပေးတယ်။ အမေ ဆိုရင် ကျမကို သတ္တိရှိအောင်၊ လုပ်ရဲအောင်လုပ်ပေးတယ်။ အမေက ပြောတယ် ငါ့သမီး ပြင်မရတဲ့ အမှားက လွဲလို့ သမီး ကြိုက်တာလုပ်။ ပြင်မရတဲ့ အမှားကိုတော့ မလုပ်နဲ့ … ဆိုတော့ ကျမ သတ္တိရှိရှိလုပ်တယ်။ အခက်အခဲ ရှိတဲ့ အခါ ကျမ အမေကို ရင်ဖွင့်တယ်။ အမေက ငါ့သမီး လုပ်သာလုပ်၊ ဖြစ်ရမယ်လို့ ပြောတယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုပါတယ်။
သူ့ရဲ့ အောင်မြင်မှုတွေ အပေါ်မှာ မိခင်ဖြစ်က ဂုဏ်ယူတယ်၊ ဒီသမီးရဲ့ အမေဖြစ်ရတာလည်း ဂုဏ်ယူတဲ့အတွက် သူ့ရဲ့ ပင်ပန်းမှုတွေက အမေဖြစ်သူရဲ့ စကားကြောင့် အားဆေး ဖြစ်စေတယ်လို့လည်း သူက ပြောပါတယ်။
“ကျမတို့ နိုင်ငံမှာ အောင်မြင်တဲ့ အမျိုးသမီး ဖြစ်စေချင်ရင် မိဘတွေက သမီးတွေကို ဖွင့်ပေးရမယ်။ အားပေးရမယ်။ ကျမ အပါအဝင် ဖြူဖြူကျော်သိန်းတို့၊ ဆရာမ တင်မိုးလွင်တို့နဲ့ စကားပြောကြည့်တဲ့ အခါ သူတို့ အမေတွေ အရမ်းတော်လို့ ဆိုတာ သိရတယ်။ သူတို့ရဲ့ Leader တွေလို့ ပြောတယ်။ သူတို့ အမေတွေကြောင့် သူတို့ အောင်မြင်လာတယ်လို့ ပြောကြတယ်။ နောက်တယောက် ကျမသိတဲ့ အမတ်ပေါ့လေ၊ ဒေါက်တာ လှမြတ်သွေးပါ။ သူဆိုရင် သူ့အဖေက သူ့ကို သမီးလို့တောင် မသတ်မှတ် ဘူး၊ ယောက်ျားလေး တယောက်လိုပဲ Train ပေးတယ်။ ကျမထင်ပါတယ် အမျိုးသမီး ခေါင်းဆောင်တွေ ဖြစ်ဖို့အတွက် မိဘတွေက အရေးကြီးပါတယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုပါတယ်။
မိန်းကလေးတယောက် သူကျင်လည်ရာ ပတ်ဝန်းကျင်မှာ အောင်မြင်ဖို့၊ တော်ဖို့ ဆိုရင် သင်တန်းတက်ရုံနဲ့ မရဘူး၊ မိဘတွေရဲ့ ပျိုးထောင်ပေးမှုက အရမ်းကို အရေးကြီးတယ်လို့ သူက ထောက်ပြပါတယ်။
“ဥပမာ – သင်တန်းကျောင်းက သင်ပေးလိုက်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ရှိလာတယ် ဆိုပေမယ့် အိမ်ကျတော့ အမေက နင်လုပ်နေတာက မဖြစ်နိုင်ပါဘူး၊ လုပ်မနေပါနဲ့လို့ ပြောလိုက်တာနဲ့ တက်ကြွမယ့် စိတ်တွေကို ရိုက်ချိုးပစ်လိုက် သလိုပဲ။ မိသားစုရဲ့ အားပေးမှုက အရမ်း အရေးကြီးတယ်။ ကျမတို့ နိုင်ငံမှာ အမျိုးသမီးကောင်းတွေ ဖြစ်ဖို့ကို ပထမအဆင့် သူတို့ကို မိသားစုက အားပေးပါ၊ ပြီးတဲ့ အခါမှာ ဒီအမျိုးသမီးအတွက် အထောက်အပံ့ဖြစ်စေတဲ့ သင်တန်းတွေ ပို့ချပေးပါ။ မိသားစုက အားမပေးရင် ဒီမိန်းကလေးဟာ ဘယ်တော့မှ မတက်လာဘူး” လို့ သူက ဆိုပါတယ်။
ဒါရိုက်တာ ကြည်ဖြူသျှင်က သူနဲ့ ရွယ်တူတွေ၊ သူ့ထက် ငယ်တဲ့ မိန်းကလေးတွေ အတွက် စကားလက်ဆောင် အနေနဲ့ မဖြစ်နိုင်ဘူး ဆိုတဲ့ စိတ် ဘယ်တော့မှ မထားပါနဲ့လို့ ပြောပါတယ်။
“ကိုယ့်ထက် တော်တဲ့သူတွေ၊ တတ်တဲ့သူတွေ၊ ကိုယ့်ထက် အရမ်းမြင့်မားတဲ့ သူတွေ လုပ်တာ ဖြစ်မသွားခဲ့ဘူး၊ ဒါပေမယ့် ကိုယ့်အလှည့်မှာ ဖြစ်ချင်ဖြစ်သွားလိမ့် ဆိုတဲ့ စိတ်ကို ထားရမယ်” လို့ သူက ဆက်ပြောပါတယ်။
သူ့အနေနဲ့ ဘယ်တော့မှ မဖြစ်နိုင်ဘူး ဆိုတဲ့ စကားကို လက်မခံဘူးလို့လည်း ဆိုပါတယ်။
“တခါတလေကျရင် ကျမကို နင့်ထက်သာ၊ နင့်ထက်တော်၊ နင့်ထက် တတ်တဲ့သူတွေတောင် မဖြစ်တာ၊ နင်က ဘယ်လို ဖြစ်မှာလဲလို့ ပြောတဲ့အခါ ငါ့အလှည့်ကျရင် ဖြစ်ချင်ဖြစ်သွားမှာ ပေါ့လို့ ပြောလိုက်တယ်။ ကျမ အခု မဖြစ်ခဲ့ဘူးဆိုရင် နောက်တမျိုးနဲ့ ဖြစ်အောင် လုပ်တယ်။ ကျမက ကြာကြာ ကြေကွဲ မနေတတ်ဘူး၊ ကိုယ့်အရှုံးကို တမြေ့မြေ့ မခံစားနေ တတ်ဘူး” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
သူ စိတ်ဓာတ်ကျတဲ့အခါ တရက်ပဲ ကြာတတ်ပြီး တညအိပ်လိုက်တာနဲ့ နောက်တနေ့ဟာ သူ့အတွက် ဘဝသစ် နေ့သစ်ပဲလို့လည်း သူက ဆိုပါတယ်။
“ကြည်ဖြူရှင်ကို ကြည့်ရတာ ဘယ်တော့မှ မရှုံးနိမ့်ဖူးဘူးလို့ ထင်ကြတယ်။ ကျမသည် ရှုံးနိမ့်ခဲ့ဖူးတယ်၊ အမှားတွေ တွေ့ကြုံခဲ့ဖူးတယ်၊ ပြောင်းတာ မြန်လွန်းလို့ ကျမ ရှုံးနိမ့်လိုက်ကြောင်း မသိလိုက်ဘူး။ ပြောချင်တာက လူဆိုတာ အမှားမကင်းဘူး၊ လဲမှာပဲ။ လဲတဲ့အခါ ချက်ချင်း ပြန်ထနိုင်ဖို့ အရေးကြီးတယ်” လို့ ကြည်ဖြူသျှင်က သူ့ခံယူချက်ကို ရှင်းပြပါတယ်။
ကမ္ဘာ အရပ်ရပ်က အမျိုးသမီး လွှတ်တော်အမတ်တွေ စုစည်းနေတဲ့ ခန်းမကြီးမှာ ဆွေးနွေးသံတွေ၊ အမေး အဖြေသံတွေနဲ့ လွှမ်းနေခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်က အမျိုးသမီး လွှတ်တော် အမတ်တွေက သူတို့ရဲ့ အတွေ့အကြုံတွေကို အားပါးတရ ရှင်းပြနေကြတာပါ။
မြန်မာပြည်က အမျိုးသမီး လွှတ်တော် အမတ်တွေတင် မကဘဲ၊ နိုင်ငံတကာက အမျိုးသမီးအမတ်တွေမှာလည်း သူတို့နည်း၊သူတို့ဟန်နဲ့ အခက်အခဲတွေ ရှိနေကြတယ် ဆိုတာကို ဒီဆွေးနွေးပွဲ တက်ခြင်း အားဖြင့် သိလိုက်ရတယ်လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုပါတယ်။
“မတူတဲ့ ပါတီတွေက အမျိုးသမီးအချင်းချင်း ရင်းနှီးမှု ရတယ်။ တွေ့ဆုံခွင့်ရတယ်။ အမြင်တွေ ဖလှယ်ခွင့်ရတယ်။ ရှေ့ဆက်ပြီး နိုင်ငံရေးနဲ့ ဆက်စပ် လုပ်ကိုင်တဲ့အခါ တဦးနဲ့ တဦး စိမ်းမနေဘဲ လုပ်ကိုင် ဆောင်ရွက်သွားနိုင်ဖို့ အခွင့်အလမ်းရတယ်လို့ ကျမ ထင်တယ်။ နောက်တခုက နိုင်ငံတကာ အမျိုးသမီးအမတ်တွေ ပြောတာကို သိရတော့ သြော် သူတို့လည်း ငါတို့လိုပဲ ဒုက္ခရောက် အခက်အခဲတွေ တွေ့ရပါလား၊ ငါတို့လည်း စိတ်ဓာတ်ကျစရာ မလိုဘူးလို့ သိမြင်ရတယ်” လို့ သူက ဆက်ပြောတယ်။
အမျိုးသမီး အခွင့်အရေး တောင်းဆိုနေတဲ့ အဖွဲ့အစည်းတွေက ပြောဆိုနေတဲ့ မြန်မာပြည်က လွှတ်တော်ထဲမှာ အမျိုးသမီး ၃၀ ရာခိုင်းနှုန်း ပါဝင်ခွင့်ရသင့်တဲ့ အချက်ကိုတော့ ကြည်ဖြူသျှင်က အပြည့်အဝ သဘောမတူဘူးလို့ ဆိုပါတယ်။
“ကျမကတော့ အရည်အချင်းနဲ့ ရတာကိုပဲ ကြိုက်တယ်။ ခွဲတမ်းနဲ့ ဘယ်လောက် ဘယ်လောက် ရရမှာမို့လို့ ပေးတယ် ဆိုတာ ကိုတော့ မလိုချင်ဘူး” လို့ သူ့ ခံယူချက်ကို ပြောပြပါတယ်။