ဖွံ့ဖြိုးရေးလုပ်ငန်းများကို မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ လာရောက် ဆောင်ရွက်နေသည့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က မြေပေါ်မြေအောက် သယံဇာတများနှင့် ပတ်သက်၍ အစိုးရအား ပထမဆုံးအကြိမ် ထောက်ပြ တိုက်တွန်းလိုက်သည်။
မြန်မာနိုင်ငံမှ ထွက်ရှိနေသည့် သဘာ၀ ဓာတ်ငွေ့၊ သစ်မာထုတ်ယူခွင့် အခွန်၊ သဘာ၀ ဓာတ်ငွေ့ စီမံချက် အသစ်များမှ ဝင်ငွေ၊ ကျောက်မျက်ရောင်းရငွေ စသည့် ကဏ္ဍအသီးသီးမှ ရရှိသည့် ဝင်ငွေအချို့ကို ကလေးငယ်များအတွက် လူမှုရေး ရင်းနှီးမြှုပ်နှံမှုများတွင် အချိုးကျ ထည့်သွင်းသုံးစွဲရန် စဉ်းစားသင့်ကြောင်း တိုက်တွန်းခြင်းဖြစ်သည်။
လက်ရှိ အစိုးရသက်တမ်း လက်ကျန်ကာလနှင့်ညီသည့် လပေါင်း ၃၀ အတွက် ယင်းသို့ လုပ်ဆောင်မှုများကို ထည့်သွင်း စဉ်းစားရန် အချိန်ကျနေပြီဖြစ်ကြောင်း UNICEF ၏ စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ထွက်ရှိသည့် သဘာ၀ သယံဇာတများကို ပြည်သူလူထု၏ အကျိုးစီးပွားများအတွက် လက်တွေ့ အသုံးချသင့်သည်ဆိုသော အခြေခံယူဆချက်၊ ဝေဖန်ချက်များသည် ယခင်ကာလများက ဒီမိုကရေစီ အင်အားစုများနှင့်၊ အစိုးရအား စောင့်ကြည့်ရေး အဖွဲ့များ အကြား၌သာ ထွက်ပေါ်ခဲ့သော်လည်း၊ ပြည်တွင်း၌ ဝင်ရောက် အလုပ်လုပ်နေသည့် ကုလသမဂ္ဂ အဖွဲ့အစည်းတခု အနေဖြင့် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
UNICEF မှ တာဝန်ရှိသူများက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့ ယင်းသို့ ရှင်းပြတိုက်တွန်းခဲ့ကြောင်း ယမန်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများသို့ ပြန်လည် ရှင်းပြခဲ့သည်။
“မြန်မာနိုင်ငံဟာ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတစ်ခု ဖြစ်တဲ့အတွက် စာချုပ်ထဲမှာပါတဲ့ အချက်အတိုင်း လိုက်နာဖို့လိုတယ်။ အစိုးရတိုင်းဟာ ကလေးသူငယ်တွေ အတွက် ပညာရေး၊ ကျန်းမာရေး ကဏ္ဍာတွေကို လုပ်ဆောင်ပေးရမယ့် တာဝန်ရှိတယ်” ဟု UNICEF ၏ ဌာနေကိုယ်စားလှယ် Mr. Bertrand Banivel က ပြောသည်။
အချိန်ကာလအားဖြင့် ၈ ရက်ကျော် ထုတ်ယူရရှိသည့် သဘာ၀ ဓာတ်ငွေ့ပမာဏ ရောင်းရငွေသည် မြန်မာနိုင်ငံရှိ မူလတန်း ကျောင်းပေါင်း ၃ သောင်းခွဲကျော်တွင် ကျောင်းဆရာတဦးစီ ထပ်တိုးခန့်နိုင်သည့် အခြေခံလစာနှင့် ညီမျှကြောင်း UNICEF မှ ထုတ်ပြန်သည့် “သဘာ၀ အရင်းမြစ်များမှ လူ့အရင်းမြစ်သို့ – မြန်မာ ကလေးငယ်များအတွက် လက်တွေ့ကျပြီး လက်လှမ်းမီသော လက်ငင်းဖြေရှင်းချက်များ” ဆိုသည့် စစ်တမ်းတွင် ဖော်ပြထားသည်။
အစိုးရ၏ စာရင်းဇယားအရ မြန်မာနိုင်ငံတွင် စာသင်ကျောင်းပေါင်း ၃၆၁၂၉ ကျောင်းရှိရာ UNICEF မှ တွက်ချက်မှုများအရ ကျောင်းသား ၆၀ ရာခိုင်နှုန်းသည် ဆရာလုံလောက်မှု မရှိဘဲ ပျမ်းမျှ ကျောင်းဆရာ ၃ ဦးခန့်သည် အတန်းကွဲ ၅ တန်းကို တာဝန်ယူနေရကြောင်း၊ ယင်းကျောင်းများတွင် ထပ်တိုးဆရာ ၂ ဦးစီ ထပ်ဖြည့်လိုသည်ဆိုပါက ဆရာဦးရေ ၄၃၃၅၅ ဦး လိုအပ်မည် ဖြစ်ကြောင်းလည်း ယင်းစစ်တမ်းက ဆိုသည်။
၂၀၁၂-၁၃ ခုနှစ်တွင် လိုအပ်မည့် ဆရာပေါင်း၏ ကုန်ကျစရိတ်မှာ ကျပ် ၄၄၇၀ ကုဋေဖြစ်ရာ ၂၀၁၂-၁၃ ခုနှစ်အတွင်း သဘာ၀ ဓာတ်ငွေ့ဝင်ငွေမှ တနေ့လျှင် ၅၃၅ ကျပ် ထုတ်ယူခြင်းအားဖြင့် ၈ ရက်နှင့် ၈ နာရီခွဲခန့် အချိန်တွင် ထပ်တိုးဆရာများ လုံလောက်စွာ ငှားရမ်းနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ပြည်သူလူထုအတွက် လူမှုဝန်ထမ်းနှင့် လူမှုဖူလုံရေး ဝန်ဆောင်မှုများကို တိုးချဲ့ရာတွင် အရည်အသွေး ပြည့်ဝပြီး အတွေ့အကြုံ ရင့်ကျက်သော သူနာပြုနှင့် ဆရာဝန်များ၊ ကျောင်းဆရာများ၊ လူမှုဝန်ထမ်းများ လိုအပ်နေပြန်ရာ၊ အကယ်၍ အရည်အသွေးပြည့်မီသော လူမှုဝန်ထမ်း ဦးရေ ၆ ထောင်ကျော်ကို ခန့်ထားမည် ဆိုပါက လက်ရှိ သစ်မာခုတ်ယူမှုအပေါ် စည်းကြပ်ခွန်ကို လက်ရှိ နှုန်းထက် ၀ ဒသမ ၅၇ ရာခိုင်နှုန်း တိုးမြှင့်ရုံနှင့် လုံလောက်နိုင်ကြောင်းလည်း ဖော်ပြပါရှိသည်။
အလားတူ မြန်မာ ကလေးငယ်များအတွက် ကာကွယ်ဆေး ၆ ဒသမ ၇၆သန်းသည် အစိုးရ၏ ရွှေနှင့် ဇောတိက သဘာ၀ ဓာတ်ငွေ့ စီမံကိန်းသစ်များမှ ရငွေ၏ ၀ ဒဿမ ၈၇ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း ယင်းစစ်တမ်းက ဆိုသည်။
ထို့အပြင် မြေအောက် သယံဇာတတခုဖြစ်သည့် ကျောက်စိမ်း တကီလိုလျှင် ၁ ဒေါ်လာနှုန်း အခွန်ကောက်ခြင်းဖြင့် လွန်ခဲ့သော ၉ နှစ်အတွင်း စာသင်ခန်းပေါင်း တသောင်းခွဲခန့် ဆောက်နိုင်မည်ဖြစ်ပြီး ကျောက်မျက်ပြပွဲ ဝင်ငွေများ၏ လေးပုံတပုံသည် ၄ နှစ်အောက်ကလေးငယ် ၅ ဒသမ ၇၈ သန်းအတွက် တရက်လျှင် ၅၀၀ ကျပ် ထောက်ပံ့ခြင်းနှင့် ညီမျှကြောင်း အသေးစိတ် ဖော်ပြထားသည်။
ယခုနှစ် သြဂုတ်တွင် အကြံပေးအရာရှိ Jared Bissinger က UNICEF အတွက် ပြုစုခဲ့သည့် အဆိုပါစစ်တမ်းအရ ၂၀၁၁ ခုနှစ်တွင် မြန်မာပြည်၌ အမျိုးသားပြည်တွင်း ထုတ်လုပ်မှုမှာ အမေရိကန်ဒေါ်လာ သန်း ၅၁၉၀၀ ရှိပြီး တဦးချင်းဝင်ငွေမှာ ၈၅၆ ဒသမ ၈ ဒေါ်လာ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ လူဦးရေ၏ ၆၅ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးကို အခြေခံပြီး ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဲ့သို့ အလုပ်အကိုင်များသည် မြို့ပြဒေသများ၌သာ တွေ့နိုင်ကြောင်းလည်း ဖော်ပြထားသည်။
ထို့အပြင် ကုလသမဂ္ဂ အစီရင်ခံစာအရ နိုင်ငံလူဦးရေ၏ ၄ ပုံ ၁ ပုံခန့်သည့် တနေ့လျှင် ကျပ် ၁၁၀၀ အောက်၊ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ ၈၅ ရာခိုင်နှုန်းသည် (အနည်းငယ်မြင့်သော) ဝင်ငွေကျပ် ၂၂၅၀ အောက် ဆင်းရဲမှုဖြင့် အသက်မွေးကြပြီး ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေး စသည့် နိုင်ငံ၏ လူမှုအရင်းအမြစ်နှင့် မိသားစုဝင်ငွေကို တိုးတက်စေသည့် ဝန်ဆောင်မှုများကိုမူ အကန့်အသတ်ဖြင့်သာ ရရှိကြောင်း သိရသည်။