လျှပ်စစ်မီတာခ မြင့်တက်လာမှုကြောင့် ခွင့်ပြုချက်မယူဘဲ ယမန်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသော သူများအားလုံးကို စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ကျောက်တံတား ရဲစခန်းမှ သိရသည်။
ယမန်နေ့ညနေ ၆ နာရီကျော်တွင် မြို့တော်ခန်းမရှေ့မှ စတင် လမ်းလျှောက်ကာ ဖယောင်းတိုင်မီးဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသော အဖွဲ့မှ ကိုတင်ထွဋ်ပိုင်ကို ကျောက်တံတားရဲစခန်းမှ ခေါ်ဆောင်သွားပြီး ခံဝန်ကတိဖြင့် ညတွင်းချင်း လွှတ်ပေးလိုက်ကြောင်း ရဲစခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
“ဖမ်းမှာပါ။ အားလုံးကို ကျနော်တို့ ဖမ်းဖို့ စီစဉ်နေပါတယ်။ သူတို့တွေက ခွင့်ပြုချက်မတင်ဘဲ လုပ်တဲ့အတွက်ကြောင့်ပါ။ ညက သူ့ကိုတော့ ခံဝန်နဲ့ ခဏတွင်းချင်း ပြန်လွှတ်ပေးလိုက်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
မိမိတို့အနေဖြင့် မီတာခ မြင့်တက်လာလျှင် ကုန်ဈေးနှုန်းများ ထပ်မံ မြင့်တက်လာနိုင်မည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်
ပြည်သူများအနေဖြင့် စားဝတ်နေရေး ရုန်းကန်နေရချိန်တွင် အခက်ပိုတွေ့လာရမည့် အရေးကြောင့် ထိုကဲ့သို့ ဆန္ဒထုတ်ဖော် ရခြင်းဖြစ်ကြောင်း ဆန္ဒပြခဲ့သူတဦးဖြစ်သည့် မျိုးဆက်သစ်လူငယ်အဖွဲ့မှ ကိုတင်ထွဋ်ပိုင်က ဧရာဝတီသို့ ပြောသည်။
ထို့အပြင် မီတာခ မြင့်တက်ရန်အတွက် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော်၏ သဘောတူညီချက်ကိုလည်း ရယူခဲ့ခြင်းမရှိဘဲ မြှင့်တင်လိုက်ခြင်းကြောင့် လွှတ်တော်နှင့် ပြည်သူ့ ကိုယ်စားလှယ်များအပေါ် စော်ကားသော လုပ်ရပ်တခု ဖြစ်သည်ဟု ယူဆကြောင်း ၎င်းက ဆက်ပြောသည်။
“အာဏာပိုင်တွေအနေနဲ့ အရေးယူမယ်ဆိုရင်လည်း ကျနော်တို့ဘက်က ခံဖို့အသင့်ပါပဲ။ အစိုးရက ပြည်သူ့အသံကို နား ထောင်ပါ့မယ်လို့ ပြောနေတဲ့အချိန်မှာ အခုလို ကျနော်တို့ပြည်သူတွေရဲ့အသံ ထုတ်ဖော်တာကို အရေးယူမယ်ဆိုရင်တော့ အပြောနဲ့အလုပ်မညီတဲ့ လုပ်ရပ်တခုလိုဖြစ်နေပြီး အရင် အာဏာရှင်အစိုးရလုပ်ခဲ့တဲ့ ပုံစံမျိုးပဲလို့ ယူဆမယ်” ဟု ၎င်းက ဆိုသည်။
ယမန်နေ့ ညပိုင်းက ဖယောင်းတိုင်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသော သူများတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ အဖွဲ့ ၅ ဖွဲ့ ပူးပေါင်းပါဝင်ခဲ့ကြောင်း ဖယောင်းတိုင်ကိုင် ဆန္ဒထုတ်ဖော်ခဲ့သူ ၃၀ ကျော်နှင့် စုစုပေါင်း လူ ၅၀ ဦးမျှ ပါဝင်ခဲ့ကြောင်း၊ မီတာခ မြင့်တက်သွားမှုကို ပြန်လည် လျှော့ချပေးရန် တောင်းဆိုချင်ကြောင်း ဆန္ဒပြမှုတွင် ပူးပေါင်းပါဝင်ခဲ့သည့် ဒီမိုကရေစီအင်အားစုမှ ကိုဌေးအောင်က ဧရာဝတီသို့ ပြောသည်။
ရပ်ကွက်နေ လူထုများမှ မီတာခ မြင့်တက်လာမှု အရေးနှင့် ပက်သက်ပြီး ပြောဆိုဝေဖန်သံများကို ကြားသိရပြီးနောက် နိုဝင်ဘာ ၅ ရက်နေ့တွင် တချို့အဖွဲ့အစည်းများ၊ ရပ်ကွက်နေ ပြည်သူများနှင့် ပြောဆိုဆွေးနွေးဖြစ်ပြီးနောက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရန်
စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖယောင်းတိုင်ကိုင် ဆန္ဒပြသူများတွင် အဖွဲ့အစည်း ကိုယ်စားမပြုသော ရပ်ကွက်နေပြည်သူတချို့ပင် ပါဝင်ကြောင်း ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် မဇင်မာက ဆိုသည်။
ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် ဦးသိန်းအောင်မြင့်က “ကျနော်တို့ ဆန္ဒပြတာ ပြည်ထဲရေး ဝန်ထမ်းတွေ ကိုယ်တိုင် လခကနည်းသေး၊ ၂၄ နာရီလို တာဝန် ထမ်းဆောင်နေရတဲ့သူတွေပါ။ နည်းတဲ့လခအပေါ်မှာ မီတာခကို တိုးပြီးပေးရတော့မယ်ဆိုရင် ပြည်ထဲရေးမှ မဟုတ်ဘူး၊ တခြား ပြည်သူ့ ဝန်ထမ်းတွေအားလုံး ထိခိုက်ကြမှာ။ နိုင်ငံတော် တိုးတက်ရေးမှာ ဆောင်ရွက်ဖို့ အများကြီး နှေးကွေးသွားနိုင်တယ်။ လျှပ်စစ်ဝန်ကြီးဌာနက စဉ်းစားသုံးသပ်မှု မရှိဘဲ ဆုံးဖြတ်ခဲ့ရင် အမြန်ဆုံး ပြန်စဉ်းစားပြီး မီတာခကို ပြန်လျှော့ချဖို့ တောင်းဆိုနေခြင်း ဖြစ်ပါတယ်” ဟု ပြောပါသည်။
ထို့အပြင် ယမန်နေ့ နေ့လည်ပိုင်းကလည်း ရန်ကုန်မြို့ ဆူးလေဘုရားအနီးတွင် လူ ၁၀ ဦးခန့် မီတာခ မြင့်တက်မှုကို ဆန္ဒ ထုတ်ဖော်မှုတခု ဖြစ်ပွားခဲ့ပြီး ၎င်းတို့ကို ပန်းဘဲတန်းမြို့နယ် ရဲစခန်းမှ ၄ ဦးကို ပုဒ်မ ၁၈ ဖြင့် အရေးယူထားကြောင်း၊ ညပိုင်း ဖယောင်းတိုင်ဖြင့် ဆန္ဒထုတ်ဖော်မှုတွင် တချို့က ပူးပေါင်းပါဝင်ခဲ့သည့်အတွက် ကျောက်တံတားမြို့နယ် ရဲစခန်းကပါ အဆိုပါ
ပုဒ်မဖြင့် ထပ်မံအရေးယူထားကြောင်း ၎င်းက ဆက်ပြောသည်။
ယနေ့ ကျင်းပနေသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မလှိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်မောက်က မီတာခ မြင့်တက်မှုကြောင့် ပြည်သူများ၏ ဝေဖန်မှုများ၊ ဆန္ဒပြမှုများ ဖြစ်ပေါ်လာသဖြင့် အဆိုပါကိစ္စကို ပြန်လည် သုံးသပ်ရန် အရေးကြီးအဆိုတစ်ခု တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၂၉ ရက်နေ့တွင် လျှပ်စစ်ဝန်ကြီးဌာနမှ အိမ်သုံးမီတာများ အနေဖြင့် ယူနစ် ၁၀၀ အတွင်း အသုံးပြုသူများကို တယူနစ်လျှင် ၃၅ ကျပ်၊ ယူနစ် ၁၀၀ ကျော်လျှင် တစ်ယူနစ် ၅၀ ကျပ်၊ စီးပွားရေး လုပ်ငန်းသုံး၊ စက်မှုလုပ်ငန်းသုံး မီတာများကို ယူနစ် ၅ ထောင်အထိ တယူနစ်လျှင် ကျပ် ၁၀၀ နှင့် ယူနစ် ၅ ထောင် အထက်ဆိုလျှင် ကျပ် ၁၅၀ နှုန်းဖြင့် ကောက်ခံသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ထို့အပြင် ယနေ့ ညပိုင်းတွင်လည်း မြေနီကုန်းလမ်းဆုံမှ အလုံမြို့နယ်၊ ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံးအထိ
ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆန္ဒထုတ်ဖော်မှုသည် အဖွဲ့အစည်းဖြင့် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြည်သူ လူထုအဦးအနေဖြင့်သာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မျိုးဆက်သစ်လူငယ်အဖွဲ့မှ ကိုတင်ထွဋ်ပိုင်က ဧရာဝတီသို့ ပြောသည်။