ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့နယ်ခွဲ ပင်လုံမြို့တွင် တည်ရှိသည့် သမိုင်းဝင် ပင်လုံကျောက်တိုင်ကို ထူးကုမ္ပဏီက တာဝန်ယူ ပြုပြင်မွမ်းမံပြီး ပြတိုက်ပါ ဖွင့်လှစ်သွားမည်ဟု သိရသည်။
ပင်လုံကျောက်တိုင်ကို ပြုပြင်ရန်အတွက် ထူးကုမ္ပဏီမှ တာဝန်ယူထားကြောင်း၊ ပင်လုံ ကျောက်တိုင် ဖြစ်ပေါ်လာပုံကိုလည်း မော်ကွန်းအဖြစ် ပြသသွားမည် ဖြစ်ကြောင်း၊ အစိုးရမှ ဘတ်ဂျက် ချပေးသွားမည် ဖြစ်ကြောင်း ပင်လုံဒေသခံ ဦးစိုင်းဟွန်စစ်က ဧရာဝတီသို့ ပြောသည်။
“သမိုင်းဝင် ကျောက်တိုင်ကို ပြန်ပြင်ပေးမယ်ဆိုရင် ကျနော်တို့ ပင်လုံ ဒေသခံတွေအနေနဲ့ အရမ်းဝမ်းသာ ပါတယ်။ ပြီးတော့ ပြတိုက်တွေပါ ဖွင့်လှစ်သွားဖို့ ရှိပါတယ်။ ထူးကုမ္ပဏီက အောက်တိုဘာလ တုန်းက လာကြည့် သွားပါတယ်။ အရင်က ကျနော်တို့ ဒေသကို အစိုးရက အနက်ရောင် နယ်မြေလို့ သတ်မှတ်ထားပြီး ဘာမှ မလုပ်ပေးခဲ့ဘူးလေ” ဟု ဦးစိုင်းဟွန်စစ်က ဆိုသည်။
ကျောက်တိုင်ဝင်းအတွင်း ပြုပြင်ရန်အတွက် အစိုးရမှ ကျပ်သိန်းပေါင်း ၇ ထောင်ကျော် ချပေးမည်ဖြစ်ကြောင်း၊ ကျောက်တိုင်ကို ယခုလမှ စတင် ပြုပြင်မွမ်မံပြီး ၂၀၁၄ ခုနစ် ဇန်နဝါရီလတွင် အပြီးတည်ဆောက်ရန် လျာထားကြောင်း၊ ပြတိုက်အတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံ စာချုပ် လက်မှတ်ရေးထိုးနေပုံများ အပါအဝင် ပင်လုံ စာချုပ်ကိုပါ ထည့်သွင်း ပြသသွားရန် စီစဉ်နေကြောင်း ၎င်းက ဆက်ပြောသည်။
“ကျမ သိသလောက်ကတော့ အခုထိ ပြုပြင်နေတာတော့ မရှိဘူး။ ပြတိုက်တွေ ပါမယ်၊ ဒါပေမယ့် လျာထားတာကတော့ နိုင်ငံခြားသားတွေ ခရီးသွား ဧည့်သည်တွေ တည်းခိုဖို့ တိုက်တွေပါ ဆောက်မယ်လို့ ကြားပါတယ်။ သမိုင်းဝင် ကျောက်တိုင်ကို အမြန်ဆုံး ပြုပြင်ပေးဖို့တော့ မျှော်လင့်နေပါတယ်” ဟု ပင်လုံ ဒေသခံ အမျိုးသမီး တဦးက ဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦး သဘောတူ လက်မှတ် ရေးထိုးခဲ့သည့် ပင်လုံစာချုပ်သည် ပင်လုံကျောက်တိုင်အဖြစ် နှစ်ပေါင်းများစွာ တိုက်ပွဲများ အကြား တည်ရှိခဲ့သည်။ ထို့အပြင်(ပြောင်းလဲ သွားခဲ့သည့် အရာတခုမှာ ပန်းရံဆရာ ဦးထွေး ကမ္ပည်း ထိုးထားခဲ့သည့် “တောင်တန်း – ပြည်မ” ပူးပေါင်းရေး စာချုပ်ဆိုသည့် စာတမ်းအစား ၁၉၇၂ ခုနစ် မဆလ ခေတ်တွင် “ပြည်မ – တောင်တန်း” ပူးပေါင်းရေး စာချုပ်ဟူ၍ ပြင်ဆင် ရေးထိုးလိုက်ခြင်း ဖြစ်သည်။
“အခုခေတ် လူငယ်တွေက ပင်လုံစာချုပ် ဖြစ်ပေါ်လာပုံတွေ၊ သမိုင်းတွေကို မသိကြတော့ဘူး။ ပင်လုံက တမျိုးသားလုံးနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်တဲ့အတွက် အားလုံးသိအောင်တော့ လုပ်ပြီး ပင်လုံ ကျောက်တိုင်ရှိတဲ့ ဝင်းကိုလည်း ပြန်လည်ပြုပြင် မွမ်းမံသင့်တာ ကြာပါပြီ။ ဒါပေမယ့် သမိုင်းကိုတော့ မှားယွင်းမှုတွေနဲ့ မဖော်ပြစေချင်ဘူး” ဟု ပင်လုံဒေသခံ ဦးစိုင်းလုံမိန်းက ဧရာဝတီသို့ ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ပြည်မ ကိုယ်စားလှယ်အဖွဲ့နှင့် ကချင် ဒူးဝါးများ၊ ချင်းတိုင်းရင်းသား ခေါင်းဆောင်များ နှင့် ရှမ်းစော်ဘွားများသည် ထိုနေရာတွင် သုံးရက်တိုင် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ၁၉၄၇ ခုနစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက် ၁၀ နာရီအချိန်၌ သမိုင်းဝင် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြသည်။
ပင်လုံစာချုပ်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ သက်ဆိုင်ရာ တိုင်းရင်းသား ခေါင်းဆောင်တွေက လက်မှတ် ရေးထိုးပြီးနောက် ယခု ပင်လုံကျောက်တိုင် တည်နေရာတွင် ၁၂ ပေရှိသည့် သပြေတိုင်ကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် အထိမ်းအမှတ်အဖြစ်
စိုက်ထူခဲ့ကြောင်း သိရသည်။
၁၉၅၁ ခုနှစ်တွင် ပင်လုံမြို့စား ဦးစံမြက သပြေတိုင် နေရာတွင် အထိမ်းအမှတ် ကျောက်တိုင်ကို ဆောက်လုပ်ခဲ့ပြီး တောင်တန်း – ပြည်မ ပူးပေါင်းရေး စာချုပ် ဆိုသည့် ကမ္ပည်း စာသား ရေးထိုးစေခဲ့ကြောင်း၊ ကျောက်တိုင်ကို ကိုယ်တိုင် ကိုယ်ကျ တည်ဆောက်ခဲ့သူမှာ ပန်းရံဆရာ ဦးထွေးဖြစ်ပြီး ကမ္ဘာ့ကျောက်ဖြင့် တည်ဆောက်ခဲ့ကြောင်း သိရသည်။